“ကျနော်တို့ ကိုယ်ပိုင် ၀ပြည်နယ် တောင်းဆိုနေတာ ၁၉၈၉-၉၀ ငြိမ်းချမ်းရေးယူ ကတည်းကပါ၊ ဒါပေမယ့် အစိုးရဘက်ကတော့ အခု ချိန်အထိ တုံ့ပြန်မှု မရှိသေးပါဘူး၊ ၂၀၀၈ ဖွဲ့စည်းပုံမှာတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းလို့ ပါလာတယ်”ဟု UWSA ၏ ပြောခွင့် ရသူ ဦးအောင်မြင့် က ဧရာဝတီကို ပြောသည်။
၁၉၉၃ ခုနှစ်တွင် ကျင်းပခဲ့သော ညောင်နှစ်ပင် အမျိုးသား ညီလာခံသို့ တက်ရောက်ခဲ့သည့် “၀”ကိုယ်စားလှယ်က တင်ပြတောင်း ဆို ခဲ့ဖူးကြောင်း၊ ထို့အတူ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူ လက်မှတ်ရေးထိုးစဉ်ကလည်း တောင်းဆိုခဲ့ကြောင်း၊ ၀တိုင်း ရင်းသားများကိုယ်စားပြုမည့် “၀ပြည်နယ်”မရမချင်း ဆက်လက်တောင်းဆိုသွားမည်ဖြစ်ပြီး ထိုကိစ္စအပေါ် ရှမ်းတိုင်းရင်းသားများ အနေဖြင့်လည်း စိုးရိမ်စရာ မလိုအပ်ကြောင်း ၎င်းက ဆိုသည်။
ရှမ်းနှင့် ကယား တိုင်းရင်းသားများ စုပေါင်း၍ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ညီလာခံ တခုကို ရှမ်းပြည်နယ် လားရှှိုးမြို့ ၌ မတ်လ ၂၀ မှ ၂၂ ရက်နေ့အထိ ကျင်းပခဲ့ရာတွင်လည်း “၀ပြည်နယ်”ထူထောင်ရန် တင်ပြတောင်းဆိုခဲ့ကြောင်း“၀”တိုင်းရင်းသားများ ကိုယ်စားပြု တက်ရောက်ခဲ့သည့် UWSA မှ ပြည်ပ ဆက်ဆံရေး ဒု ဌာနကြီးမှူး ဦးဆမ်ခွန်းက ဧရာဝတီ ကို ပြောသည်။ ရှမ်းပြည်နယ်မှ ခွဲထွက်၍ “၀”သီးသန့် ပြည်နယ် ထူထောင်မည့် ကိစ္စအား တချို့သော ရှမ်းတိုင်းရင်းသားများက လိုလားမှု မရှိဟု လည်း သိရသည်။
လားရှိုးညီလာခံသို့ တက်ရောက်မည့် အဖွဲ့အစည်း ကိုယ်စားပြု ကိုယ်စားလှယ်များအနေဖြင့် အခမ်းအနား၌ ပါ၀င်ဆွေးနွေး လိုပါက ထိုအဖွဲ့၏ အာဘော်သဘောထားကို စာတမ်း အဖြစ်တင်ပြ၍ ဆွေးနွေးရန် ဖိတ်ကြားထားကြောင်း၊ သို့သော် အ စည်း အဝေး တက်ရောက်ခဲ့သည့် “၀”တိုင်းရင်းသား ကိုယ်စားလှယ် အနေဖြင့် စာတမ်းဖြင့် ပါ၀င်ဆွေးနွေးခြင်းမဟုတ်ဘဲ အလွတ်သဘော ပြောဆိုသွားခြင်းသည်လည်း ဆွေးနွေးပွဲမူနှင့်ကိုက်ညီမှု မရှိကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၏ ပြောခွင့်ရသူ ဦးစိုင်းလိတ် က ဧရာဝတီ ကို ပြောသည်။
“၀”ကိုယ်စားလှယ် ပြောသွားတာကတော့ ပြည်ထောင်စုက ဘယ်တော့မှ မခွဲထွက်ဘူး၊ ဒါပေမယ့် ကိုယ်ပိုင် “၀”ပြည်နယ် တော့ လိုချင်တယ်လို့ ပြောတယ်၊ ပြည်သူတရပ်လုံးက သဘောတူရင်တော့ ကျနော်တို့ကလည်း ခွင့်ပြုရမှာပေါ့၊ နောက်တခု က ဒီကိစ္စဟာ ဖြစ်သင့် မဖြစ်သင့်ဆိုတာတော့ ပြည်ထောင်စုကြီး တခုလုံးက တိုင်းရင်းသား ခေါင်းဆောင်တွေက ၀ိုင်းဝန်း ဆွေးနွေး အဖြေရှာရမယ့် ကိစ္စပါ”ဟု ဦးစိုင်းလိတ် က ဆိုသည်။
ထိုကိစ္စသည် ပါတီတခု အဖွဲ့အစည်းတခု၏ ဆုံးဖြတ်ချက် သဘောထားအတိုင်း လုပ်ဆောင်၍ မရကြောင်း၊ ရှမ်းပြည်နယ် အတွင်း နေထိုင်ကြသည့် တိုင်းရင်းသားပြည်သူ တရပ်လုံး၏ ဆန္ဒသဘောထားကို ကောက်ခံ၍ ပြည်သူတို့၏ ဆန္ဒအတိုင်း ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ ရှမ်းတိုင်းရင်းများအပါအဝင် တိုင်းရင်းသား အားလုံးသည်လည်း ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေး တောင်းဆိုနေကြခြင်းဖြစ်၍ “၀”တို့ ၏ တောင်းဆိုမှုကိုလည်း ကန့်ကွက်ရန် ဆန္ဒမရှိကြောင်း ၎င်းက ဆက် ပြောသည်။
“၀”ပြည်နယ် သီးသန့်ထူထောင်ရေး ကိစ္စသည် ကျယ်ပြန့်သည့် ကိစ္စတခုဖြစ်ကြောင်း၊ ထိုကိစ္စသည် တိုင်းရင်းသားများ၊ လွှတ် တော် အသီးသီးနှင့် အစိုးရ အဖွဲ့၊ ရှမ်းပြည်အတွင်း နေထိုင်ကြသည့် တိုင်းရင်းသားများ၊ လက်နက်ကိုင် အဖွဲ့များ၊ နိုင်ငံရေးပါတီများ အား လုံး ပါ၀င် ဆွေးနွေးပါက အဖြေတခု ရလာမည်ဟု မျှော်လင့် ကြောင်း ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ(SNDP) ခေါ် ကျားဖြူ ပါတီ၏ ပြောခွင့်ရသူ ဦးစောသန်းမြင့် က ဧရာဝတီ ကို ပြောသည်။
“ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းကနေ ပြည်နယ်ရလိုတယ်လို့ တောင်းပိုင်ခွင့်ရှိတော့ ဘာမှကန့်ကွက်စရာ မရှိပါဘူး၊ ဒါပေမယ့် တခြား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေကလည်းပဲ တိုင်းတွေ တောင်းဆိုလာကြမယ်၊ အဲဒီကတဆင့် ပြည်နယ်တွေ ရလိုတယ်လို့ တောင်း ဆို လာနိုင်ကြတာပေါ့”ဟု ၎င်းက ဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ အခန်း ၂ တွင် “၀” ဒေသအား “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟု ဖော်ပြထားပြီး နာဂ၊ ဓနု၊ ပအို့ဝ်၊ ပလောင်၊ ကိုးကန့် စသည်တို့အား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများအဖြစ် ဖော်ပြထားသည်။
“၀”ပြည်နယ်အဖြစ် သီးသန့်ခွင့်ပြုပေးလိုက်ပါက ရှမ်းပြည်နယ်၏ အရှေ့ခြမ်းတခုလုံး ပါ၀င် သွားနိုင်သည်ဟု ရှမ်းတိုင်းရင်း သား များက ပြောသည်။ “၀ပြည်နယ်”ဟု ထူထောင်မည်ဆိုပါက ဖွဲ့စည်းပုံ ဥပဒေကိုလည်း ပြင်ဆင်ရမည် ဖြစ်သည်။
တိုင်းဒေသဆိုသည်မှာ လူမျိုးတခုအား ကိုယ်စားမပြုဘဲ ထိုဒေသတွင်းနေထိုင်သည့် တိုင်းရင်းသား အားလုံးကို ကိုယ်စား ပြုပြီး ပြည်နယ်ဆိုသည်မှာ ထိုဒေသရှိ လူမျိုးတခုကို ကိုယ်စားပြုသည့် အသွင်ဆောင်သည်။ မြန်မာနိုင်ငံ ၌ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ် ဟူ၍ မိမိတို့ လူမျိုးများကို ကိုယ်စားပြုထားသည့် ပြည်နယ် ရ ခု ရှိသည်။
UWSA သည် အစိုးရနှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရယူထားသော်လည်း နယ်ခြားစောင့်တပ် အသွင်ပြောင်း လဲခြင်း မရှိဘဲ ကိုယ်ပိုင်စစ်တပ်ဖြင့် သီးသန့်နေထိုင် လုပ်ပိုင်ခွင့်ကို ရရှိထား၍ အခွင့်ထူးခံ အဖွဲ့ အဖြစ် ဝေဖန်မှုများ ရှိနေပြီး တရုတ်အစိုးရ၏ ကျောထောက်နောက်ခံပြုထားမှုကြောင့် မြန်မာအစိုးရ အပေါ် အလေးထားမှု မရှိဟု နိုင်ငံရေး အကဲခတ်များက ဝေဖန်မှုများ ရှိနေ သည်။ အစိုးရနှင့်အပစ်အခတ် ရပ်စဲထားသည့် လက်ကိုင်အဖွဲ့များအနက် UWSA သည် အင်အား အကြီးဆုံး လက်နက်ကိုင် အဖွဲ့တခုလည်း ဖြစ်သည်။
ဦးအောင်မြင့် ကမူ“ကျနော်တို့က အခွင့်ထူးခံတပ် မဟုတ်ပါဘူး၊ နိုင်ငံရေးအရ ကိုယ့်နားလည်မှုနဲ့ကိုယ် နေ တာပါ၊ တရုတ် အစိုးရနဲ့တော့ ကုန်သွယ်ရေး၊ စီးပွားရေးတွေတော့ ပူးပေါင်းလုပ်ဆောင်တာ ရှိပါတယ်၊ ၀ ပြည်နယ် ရရေးအတွက်မှာလည်းပဲ တရုတ်အစိုးရ က တွန်းအားပေးနေတာ မရှိပါဘူး”ဟု ဆိုသည်။
“၀ပြည်နယ်”ဟု အစိုးရက တရားဝင် အသိအမှတ် မပြုထားသော်လည်း UWSA အနေဖြင့် ၎င်းတို့၏ ထုတ် ပြန်ချက်များ တွင် မူ “၀ပြည်နယ် အစိုးရ”ဟု ဖော်ပြလေ့ရှိသည်။
“ကျနော်တို့က ၁၉၉၃ ကတည်းက ဒီလိုပဲ သုံးနေတာပါ၊ ကျနော်တို့မှာ သီးသန့်ဖွဲ့စည်းပုံ ရှိတယ်၊ ၀ပြည်သူ့ အစိုးရ ဆိုတာလည်း ရှိပါတယ်၊ ပြည်ပ ဆက်ဆံရေးဌာနကြီးဆိုတာတွေ ရှိပါတယ်”ဟု UWSA ပြောခွင့် ရသူ ဦးအောင်မြင့်က ပြောဆိုသည်။
http://burma.irrawaddy.org/archives/36479