တိုင်းရင်းသားအများစု လိုချင်နေကြသည့် ငြိမ်းချမ်းရေး ရရှိသော်လည်း၊ တဦးကိုတဦး ယုံကြည်မှု မတည်ဆောက်နိုင်ကြ သေးကြောင်း၊ အစိုးရကို မယုံကြည်နိုင်သေးသည့်အတွက် စစ်များတိုက်နေ ကြသေးကြောင်း၊ တိုင်းရင်းသားများနှင့် မြန်မာအစိုးရအကြား ယုံကြည်မှုရရှိလာစေရန် ထပ်မံကြိုးစားပြီး ကျန်ရှိနေသေးသည့် တိုင်းရင်းသား များကိုလည်း ပါ၀င်လာနိုင်ရန် ပြုလုပ်သွားမည် ဖြစ်ကြောင်း ဦးခွန်ထွန်းဦးက ဆိုသည်။
“အခုဆိုရင် သမ္မတကြီးက ပြောတာတမျိုး၊ စစ်တပ်ဘက်က ပြောတာတမျိုးဖြစ်တဲ့အတွက် စစ်ကတော့တိုက်တုန်းပဲ။ ဒီပွဲကြောင့် ဘယ်လောက်အကျိုး ရရှိလာမယ်ဆိုတာကိုတော့ မမျှော်လင့်နိုင်သေးဘူး။ ယုံကြည်မှု တည်ဆောက်ရင်တော့ ကြာမှာပဲ” ဟု ဦးခွန်ထွန်းဦးက ဆက်ပြောသည်။
ယနေ့ကျင်းပသည့် ငြိမ်းချမ်းရေး အတွက် ယုံကြည်မှုတည်ဆောက်ခြင်း အခမ်းအနားတွင် နိုင်ငံရေးအရ ရပ်တည်ချက် အမျိုးမျိုး ရှိကြကြောင်း၊ တိုင်းရင်းသား အဖွဲ့အစည်းအားလုံးသည် မိမ်ိ သဘောထားအမြင်များကို ဖလှယ်ပြီး ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အဖြေရှာရန် တက်ရောက်လာကြသည်ကို ကြည့်ပါက လူ့အဖွဲ့အစည်းတွင်း ပဋိပက္ခများနှင့် သဘောထား မတူညီမှုများကို ငြိမ်းချမ်းစွာ အဖြေရှာကြနိုင်မည်ဟု ယုံကြည်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်းက ယင်းဆွေးနွေးပွဲတွင် ပြောကြားသည်။
“မြန်မာနိုင်ငံမှာ နှစ်ရှည်လများ ခံစားလာခဲ့ရသည့် ပြည်တွင်းစစ်ရပ်စဲဖို့ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်ရန် အတွက် ကြိုးပမ်နေတဲ့ လုပ်ငန်းစဉ်မှာ ဒီနေ့ ဆွေးနွေးပွဲကနေ အတိုင်းအတာ တခုအထိ အကျိုးပြု၊ အထောက်အကူ ပြုလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု နိုင်ငံရေး ပါတီများကိုယ်စား စည်းလုံးညီညွတ်သော တိုင်းရင်းသားများ မဟာမိတ် အဖွဲ့မှ အဖွဲ့ဝင် ကိုယ်စားပြု ဦးအေးသာအောင်က ဆိုသည်။
ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်သာမက တိုင်းရင်းသားအားလုံး၊ နိုင်ငံရေးပါတီအားလုံး ပါ၀င်လာပြီး ယခုထက် ကျယ်ပြန့်သည့် ဆွေးနွေးပွဲမျိုး ဖြစ်ပေါ်လာရန်လိုအပ်ကြောင်း၊ ထို့အပြင် လွှတ်တော် အစိုးရပါ၀င်သည့် ဆွေးနွေးပွဲကိုလည်း အထောက်အကူ ပြုလိမ့်မည်ဟု ယုံကြည်ကြောင်း ဦးအေးသာအောင်က ဆွေးနွေးပွဲတွင် ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်ဆင်ရမည့် ဥပဒေများစွာရှိနေကြောင်း၊ စာအုပ်အဖုံးကအစ ပြင်သင့်ကြောင်း
ဦးခွန်းထွန်းဦးက ဆွေးနွေးပွဲ အဖွင့်အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောဆိုခဲ့သည်။
“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မလား၊ အားလုံးဖျက်ပစ်ပြီး အသစ်ပြန်ရေးဆွဲမလား ဆိုတာ ပြည်သူလူထု တရပ်လုံးရဲ့ သဘောတူ ထောက်ခံမှုနဲ့ ဆောင်ရွက်ရမှာပါ။ ပြင်ဆင်မလား၊ အသစ်ပြန်ဆွဲမလား ပြင်ဆင်စရာတွေက များလွန်းတော့ စာအုပ်အဖုံးက စပြီး ပြင်ရမှာပါ” ဟု ၎င်းက ပြောသည်။
ယုံကြည်မှု တည်ဆောက်ခြင်း ပထမအဆင့်ကို ၂၀၁၂ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ်ခဲ့ပြီး ရှမ်းတိုင်းရင်းသား နိုင်ငံရေးပါတီများ၊ လက်နက်ကိုင် အင်အားစုများ၊ လှုမှုအဖွဲ့အစည်းများကို ဖိတ်ကြားခဲ့သည်။ ယခု ဒုတိယ အဆင့်တွင် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် အတွင်းရှိ လက်နက်ကိုင် အဖွဲ့ ၂၁ ဖွဲ့နှင့် ဆွေးနွေးပွဲကို လေ့လာသူ အနေဖြင့် ၁၈ ဖွဲ့ကို ဖိတ်ကြားခဲ့ကြောင်း၊ ပျက်ကွက်အနေဖြင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီဗဟို အဖွဲ့ချုပ်နှင့် “၀”
ဒီမိုကရက်တစ်ပါတီတို့ ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ပြည်ထောင်စုအတွင်းရှိ တခြားတိုင်းရင်းသား နိုင်ငံရေး အင်အားစုများကို ဖိတ်ခေါ်ကာ မြန်မာနိုင်ငံတွင် ထာဝရ ငြိမ်းချမ်းရေး အမှန်တကယ် ရရှိစေရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပွဲ တက်ရောက်လာသူ များက ဆိုကြသည်။
သမ္မတ ဦးသိန်းစိန်က ဦးခွန်ထွန်းဦးကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇူလိုင်လအတွင်းခေါ်ယူ တွေ့ဆုံခဲ့ပြီး ပြည်တွင်း ငြိမ်းချမ်းရေး
ရေရှည် တည်တံ့ရန်နှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် တိုင်းရင်းသား ခေါင်းဆောင် တဦး အနေနှင့် ဝိုင်းဝန်း လုပ်ဆောင်ပေးရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။
http://burma.irrawaddy.org/archives/36076