ဒီကျောင်းတွေဟာ ၁၉၉၃-၉၄ ပညာရေးနှစ်ကတည်းက မြစ်ကြီးနားမြို့ပေါ်မှာ ရှိတဲ့ နိုင်ငံတော် အသိအမှတ်ပြု ကျောင်းတွေမှာ ၂၀၁၀-၁၁ ခုနှစ် ပညာသင်နှစ်အထိ ဖြေဆိုခွင့်ရခဲ့ကြပြီး အောင်မြင်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေဟာ ဒေသဆိုင်ရာ သက္ကသိုလ်တွေမှာ ပညာ ဆက်လက် သင်ယူနိုင်ခဲ့ကြပါတယ်။
နှစ်ဖက်တိုက်ပွဲတွေ ဖြစ်အပြီး လုံခြုံရေးအရ ကျောင်းသူ၊ ကျောင်းသားတွေဟာ မြစ်ကြီးနားမြို့ပေါ်က အစိုးရ ကျောင်းတွေမှာ သွားရောက် ဖြေဆိုနိုင်ခြင်း မရှိတော့တဲ့အတွက် ၂၀၁၁-၁၂ ပညာရေးနှစ် ကစပြီး ၁၀ တန်း ကျောင်းသားတွေကို KIO က သူတို့ထိန်းချုပ်နယ်မြေ အတွင်းမှာပဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ စာသင်၊ စာစစ်အဖွဲ့တွေဖွဲ့၊ မေးခွန်းတွေပြင်ဆင်ပြီး ဖြေဆိုမှုတွေ လုပ်ပေးပါတယ်။
၂၀၁၁-၁၂ ပညာသင်နှစ်မှာဆိုရင် KIO ထိန်းချုပ်နယ်မြေထဲက အထက်တန်းကျောင်းတွေမှာ ၁၀ တန်းကျောင်းသား အယောက် ၂၀၀ ကျော် ဖြေဆိုတယ်လို့ သိရပါတယ်။ အစိုးရက အသိအမှတ်ပြုထားတဲ့ ကျောင်းတွေ မဟုတ်သလို၊ နိုင်ငံတကာက ကျောင်းတွေနဲ့လည်း ချိတ်ဆက်ထားရှိမှုလည်း မရှိတာကြောင့် စာမေးပွဲအောင်တဲ့ ကျောင်းသားတွေက တက္ကသိုလ် ဆက်တက်ခွင့် ရဖို့ မရေမရာ ဖြစ်နေကြပါတယ်။
၂၀၁၂-၁၃ ပညာသင်နှစ်မှာလည်း မိုင်ဂျာယန်၊ လိုင်ဇာနဲ့ အဂွမ်လ စတဲ့ (အထက) ကျောင်း ၃ ခုက ဆယ်တန်း ကျောင်းသူကျောင်းသား ၂၆၀ ကျော်ဟာ ဧပြီလ ၁ ရက်နေ့မှာ စတင်ဖြေဆိုဖို့ ရှိတယ်လို့ KIO ပညာရေးဌာန ဒုတာဝန်ခံ ဦးခွန်နောင်က ပြောပါတယ်။
ဒါပေမယ့် စာမေးပွဲအောင်မြင်တဲ့ ကျောင်းသားတွေအနေနဲ့ အရင်နှစ်က ကျောင်းသားတွေလိုပဲ ဆယ်တန်းအောင်ပြီး တက္ကသိုလ် ဆက်တက်ဖို့ အခွင့်အလမ်းတွေ မရှိပါဘူး။ ဒါပေမယ့် KIO အနေနဲ့ ဒီကျောင်းသားတွေ နောက်တဆင့် ပညာသင်ကြားနိုင်ရေး အတွက် ၂၀၁၃-၁၄ ခုနှစ်အတွင်းမှာ တက္ကသိုလ် တခုတည်ဆောက်ဖို့ ရည်မှန်းထားတယ်လို့ ဦးခွန်နောင်က ဆိုပါတယ်။
“အောင်ပြီးတဲ့ ကျောင်းသားတွေကတော့ တချို့က လုပ်ငန်းခွင် ဝင်ကုန်ကြတယ်။ တချို့က ကျနော်တို့ အမျိုးသား ကောလိပ် ဖွင့်တဲ့အထိ စောင့်နေကြတယ်။ ကျနော်တို့အနေနဲ့လည်း နိုင်ငံတကာ အသိအမှတ်ပြု ခံရအောင်တော့ ကြိုးစားရမှာပေါ့” လို့ ဦးခွန်နောင်က ပြောပါတယ်။
အခြေခံပညာ ကျောင်းတွေကနေ ၁၀ တန်းအထိ အစိုးရ ပညာရေးဝန်ကြီးဌာနက သင်ရိုးညွှန်းတမ်းတွေကိုပဲ အဓိကထား သင်ကြားပေမယ့် သမိုင်းဘာသာရပ်ပါ အကြောင်းအရာ တချို့ကိုတော့ ပြောင်းလဲ သင်ကြားပေးတယ်လို့ ဆိုပါတယ်။
“သမိုင်းတွေ ဆိုလို့ရှိရင် ကျနော်တို့အတွက် ဘာမှ အသုံးမကျဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဗမာအစ တကောင်း၊ ဗမာအစ ကျောက်ဆည်က၊ ပုဂံက စတာတွေဟာ ကျနော်တို့အတွက် ဘာမှ အကျိုးမရှိလို့ ဖြုတ်ထားတယ်” လို့ ဦးခွန်နောင်က ပြောပါတယ်။
KIO ထိန်းချုပ်နယ်မြေအတွင်းက ကျောင်းသားတွေအနေနဲ့ ၁၀ တန်းအောင်ပေမယ့်လည်း အစိုးရ တက္ကသိုလ်တွေမှာ ဆက်လက် ပညာသင်ကြားဖို့ အခွင့်အရေး မရရှိခြင်း၊ KIO အနေနဲ့လည်း နိုင်ငံတကာနဲ့ ဆက်သွယ်ဖို့ အခက်အခဲတွေ ရှိနေခြင်း စတဲ့ အချက်တွေကြောင့် ကျောင်းသားတွေမှာ ပညာရေးနစ်နာမှုဖြစ်ရတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရဲ့ ပညာရေး ကွန်ရက်အဖွဲ့ တာဝန်ရှိသူ ဒေါက်တာ သိန်းလွင် ကပြောပါတယ်။
ဒေါက်တာ သိန်းလွင်ဟာ လွန်ခဲ့တဲ့ ၂ နှစ်ခန့်က KIO နယ်မြေထဲက ကျောင်းတွေကို ပညာရေးသင်တန်း သွားရောက် ပို့ချခဲ့ဖူးသူ ဖြစ်ပါတယ်။
“သူတို့ KIO အနေနဲ့ တက္ကသိုလ် ဖွင့်ဖို့ ကြိုးစားနေတယ် ဆိုတာတော့သိတယ်။ ဒါပေမယ့် သင်မယ့် ဆရာက လုံလောက်အောင် မရှိဘူးလေ။ ပြင်ပက ခေါ်မယ်ဆိုတော့လည်း ဒေသမတည်ငြိမ်တော့ ပြင်ပကဆရာကလည်း သွားသင်နိုင်မှာ မဟုတ်ဘူး” လို့ ဒေါက်တာ သိန်းလွင်က ပြောပါတယ်။
KIO ကျောင်းတွေမှာ စာသင်နေတဲ့ ကျောင်းဆရာတွေ၊ ကျောင်းသားတွေမှာ သင်ကြားမှု၊ သင်ယူမှုတွေမှာ တက်တက်ကြွကြွနဲ့ ကြိုးပမ်းအားထုတ်မှုတွေ တွေ့ရပေမယ့် အရည်အချင်း ပြည့်မီဖို့အတွက် နည်းပညာပိုင်းနဲ့ သင်ထောက်ကူပစ္စည်း အထောက်အပံ့တွေ များစွာလိုအပ် နေသေးကြောင်း ဒေါက်တာ သိန်းလွင်က ပြောပါတယ်။
အလားတူ ဒီဒေသမှာ ကျောင်းမတက်နိုင်တဲ့ ကချင် ကလေးငယ်တွေလည်း ရှိကြောင်း၊ တချို့မှာ မိဘလုပ်ငန်းများကို ကူညီ လုပ်ကိုင် ပေးနေရသလို ကူးသန်းသွားလာနိုင်မှု အခက်အခဲတွေရှိနေတဲ့ အတွက်ကြောင့်လည်း ဖြစ်ကြောင်း သိရပါတယ်။
KIO ထိန်းချုပ်မှုအောက်မှာ ရှိတဲ့ ကျောင်းတွေမှာတက်နေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ အနာဂတ်ပညာရေး ကောင်းမွန်ဖို့ အတွက် ငြိမ်းချမ်းရေး အမြန်ရရှိဖို့ လိုအပ်တယ်လို့ ဒေါက်တာ သိန်းလွင်က ပြောဆိုပါတယ်။
နယ်မြေတည်ငြိမ်မှုရမှ ကျောင်းတွေ တည်တည်ငြိမ်ငြိမ် ဖွင့်လှစ်နိုင်မှာဖြစ်ပြီး အနယ်နယ် အရပ်ရပ်က ကျောင်းဆရာ၊ ဆရာမ တွေလည်း သွားရောက် သင်ကြားနိုင်ရင် ကျောင်းသူ၊ ကျောင်းသားများ အတွက်လည်း ကောင်းမွန်တဲ့ ပညာရေးများ ရနိုင်ကြောင်း၊ ဒါ့အပြင် မြန်မာပြည်က တက္ကသိုလ်များလည်း ပြုပြင်မှုများ လုပ်တော့မှာဖြစ်တဲ့ အတွက် တည်ငြိမ်အေးချမ်းမှု အမြန်ဆုံးရဖို့ အရေးကြီး တယ်လို့ဆိုပါတယ်။
“ပညာရေးစနစ် ပြောင်းသွားရင်တော့ ပညာရေး လွတ်လပ်ခွင့်တော့ ရှိသွားမှာပေါ့။ လွတ်လပ်ခွင့် ရှိရင်လည်း တည်တည်ငြိမ်ငြိမ်ရှိမှ ထူထောင်နိုင်မှာကိုး။ ကျနော့်အမြင်ကတော့ အရင်ဆုံးငြိမ်းချမ်းရေး ရဖို့လိုတယ်၊ အဲဒါမှ ကျောင်းတွေလည်း တည်တည်ငြိမ်ငြိမ် ဖြစ်လာမယ်။ ဒါမှ ကျောင်းသားတွေလည်း ပညာကောင်းကောင်း ရမှာပေါ့ဗျာ” လို့ ဒေါက်တာ သိန်းလွင်က ထောက်ပြ ပြောဆိုပါတယ်။
အစိုးရရဲ့ ကချင်ပြည်နယ်ဆိုင်ရာ ပညာရေး၊ ကျန်းမာရေး၊ ပြန်ကြားရေး၊ လူမှုရေး၊ အားကစား၊ ယဉ်ကျေးမှုနဲ့ သာသနာရေး ဆိုင်ရာ လုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်နေတဲ့ ကချင်ပြည်နယ်အစိုးရ လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာ ကတော့ KIO နဲ့ အစိုးရတို့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲတွေ အဆင်ပြေတာနဲ့ KIO ကျောင်းတွေရဲ့ ပညာရေး၊ ကျန်းမာရေး အခက်အခဲများ တင်ပြလာခဲ့ရင် ချက်ချင်းဆောင်ရွက်နိုင်ရန် လုပ်ဆောင်သွားပေးဖို့ အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။
“ပညာရေးကိစ္စ၊ ကျန်းမာရေးကိစ္စ ဆွေးနွေးလာရင်တော့ အကြောင်းအရာတခုအနေနဲ့ ကျမ တင်ပြမယ်။ ကိုယ့်ပြည်နယ်အတွက် လုပ်ပေးရမှာပဲ။ ပြင်ပမှာ ညှိလို့မရရင် လွှတ်တော်ကနေ လုပ်မယ်” လို့ ဒေါ်ဘောက်ဂျာက ပြောပါတယ်။
KIO နဲ့ အစိုးရတို့အကြား ၂၀၁၁ ခုနှစ် ဇွန်လ ပိုင်းမှာ စတင် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ယခုအခါ နှစ်ဖက်တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဆွေးနွေးမှုတွေထဲမှာ ပညာရေးကိစ္စ မပါသေးဘူးလို့ ဦးခွန်နောင်က ပြောပါတယ်။
http://burma.irrawaddy.org/archives/35744