ကချင်နဲ့ ကရင်လူမှုအဖွဲ့အစည်းတွေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးဖို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီခေါင်းဆောင် ဦးအောင်မင်းက ဒီကနေ့တွေ့ဆုံပွဲမှာ တိုက်တွန်းလိုက်ပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ ကမာရွတ်မြို့နယ် မြန်မာငြိမ်းချမ်းရေးစင်တာမှာ အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ ကချင်၊ ကရင်လူမှုအဖွဲ့အစည်းတွေအကြား ဆွေးနွေးပွဲမှာ ၀န်ကြီးဦးအောင်မင်းက တိုက်တွန်းပြောဆိုခဲ့တာပါ။
သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အခုလိုတွေ့ဆုံဆွေးနွေးပွဲ ကျင်းပရခြင်းဟာ တိုင်းရင်းသား လူမှုအဖွဲ့အစည်းတွေအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်တဲ့ လုပ်ငန်းစဉ်တွေမှာ ပါ၀င်ကူညီပေးဖို့နဲ့ တစ်ချိန်တည်းမှာလည်း လူမှုအဖွဲ့အစည်းတွေ ကြုံတွေ့ရတဲ့အခက်အခဲတွေကို သိရှိလိုတဲ့အတွက် တွေ့ဆုံရခြင်းဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။
ဒီကနေ့ပွဲမှာ ကချင်လူမှုအဖွဲ့အစည်းတွေကလည်း ကချင်ဒေသတွင်း ပြည်သူတွေကြံုတွေ့ရတဲ့ အခက်အခဲတွေ၊ ပြည်တွင်းစစ်ကြောင့် အများဆုံးထိခိုက်ဆုံးရှုံးပျက်စီးရတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေရဲ့ဘဝတွေကို တင်ပြဆွေးနွေးခဲ့ပါတယ်။
ဒါ့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ အမျိုးသမီးတွေ ပါ၀င်ဆောင်ရွက်ခွင့်ရရေးအတွက် ကချင်အမျိုးသမီးအဖွဲ့တွေက ဆွေးနွေးရာမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက မည်သူမဆို ပါ၀င်ဆောင်ရွက်နိုင်တယ်လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။
ဒေသဖွံ့ဖြိုးရေးစီမံကိန်းတွေနဲ့ ပတ်သက်ပြီး ကချင်နဲ့ ကရင်လူမှုအဖွဲ့အစည်းတွေက ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာတဲ့အခါ ဒေသဆိုင်ရာ ပြည်သူတွေရဲ့ဆန္ဒမပါဘဲ နိုင်ငံတော်စီမံကိန်း မပြုလုပ်ဖို့ကိုလည်း တောင်းဆိုတင်ပြခဲ့ပါတယ်။