ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေလီလမ်းမှာရှိတဲ့ မြန်မာငြိမ်းချမ်းရေးစင်တာမှာပြုလုပ်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပြည်ထောင်စုအဆင့် အပစ်ခတ်ရပ်စဲဖို့ သဘောတူညီမှုရရှိခဲ့တာဖြစ်တယ်လို့ ဆွေးနွေးမှုအပြီးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာအစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့ ဒုဥက္ကဌ ဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။
"အားလုံးပေါင်း ကိုးချက်ပေ့ါဗျာ၊ အဲ့ကိုးချက်စလုံးကို အားလုံးကို သဘောတူညီမှုရရှိပြီးဖြစ်ပါတယ်၊ အချက်တိုင်း အချက်တိုင်းမှာတော့ အသေးစိတ် အချက်အလက်တွေပါပါတယ်၊ အဲ့ဒါတွေအားလုံးက ပင်မအချက်ကြီးတွေဖြစ်ပါတယ်၊ အားလုံးကို မနေ့ကလည်း ဆွေးနွေးပါတယ်၊ ဒီနေ့လည်း ဆွေးနွေးပါတယ်၊ တော်တော် အောင်အောင်မြင်မြင်နဲ့ အားလုံးကို ဆွေးနွေးနိုင်ပါတယ်"
နှစ်ဘက်လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းတွေ ဆက်လက်ရေးဆွဲဖို့၊ ဆက်ဆံရေးရုံးတွေ ဆက်လက်ဖွင့်လှစ်ဖို့၊ ပအိုဝ်းဒေသအတွင်း ဒေသခံတွေအတွက် နိုင်ငံသားမှတ်ပုံတင်ကတ်ပြားတွေထုတ်ပေးဖို့၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေဆောင်ရွက်ဖို့နဲ့ မြေမြှုပ်မိုင်းရှင်းလင်းရေးအပါဝင် အချက်ကိုးချက်ပါ သဘောတူညီချက်ကို သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် PNLO အနေနဲ့ ဒေသတွင်း ပအိုဝ်းအဖွဲ့စည်းတွေဖြစ်တဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုုပ် PNO၊ ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်မတော် အစရှိတဲ့ တိုင်းရင်းသား အင်အားစုတွေနဲ့လည်း ပူးပေါင်းပြီး ဒေသဖွံဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်သွားဖို့ရှိနေပေမယ့်၊ လွှတ်တော်နိုင်ငံရေးကို ဝင်ရောက်ဦးမှာ မဟုတ်ဘူးလို့လည်း PNLO တာဝန်ရှိသူတွေက ပြောပါတယ်။
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO အနေနဲ့ မြန်မာအစိုးရနဲ့ ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုကို ပြီးခဲ့တဲ့ သြဂုတ်လက သဘောတူညီမှု ရယူခဲ့တာဖြစ်တယ်လို့သိရပါတယ်။