
Friday, April 19, 2013

မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP )
မြန်မာအစိုးရတို့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး တနှစ်ကျော်အကြာ
ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ ကာလအတွင်း ဒုတိယအကြိမ် ပြည်ထောင်စုအဆင့်
ထပ်မံမတွေ့ဆုံခင်တွင် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ကိုယ်စားလှယ်တွေက
ကယားပြည်နယ်မှ မြို့နယ်အသီးသီးသို့ ဒေသခံလူထုတွေနဲ့ တွေ့ဆုံပွဲ
ထပ်မံပြုလုပ်သွားပါတယ်။
အဓိကရည်ရွယ်ချက် ၃ ချက်ဖြင့် လူထုတွေနဲ့
သွားရောက် တွေ့ဆုံရကြောင်းကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ
အဖွဲ့ဝင်ကိုယ်စားလှယ်ဖြစ်သူ ဆရာရွှေမျိုးသန့်က ယခုလိုပြောကြားသွားပါတယ်။

လူထုနှင့်
တွေ့ဆုံပွဲတွင် မိန့်ခွန်းပြောကြားသော ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ
အဖွဲ့ဝင်ကိုယ်စားလှယ်ဖြစ်သူ ဆရာရွှေမျိုးသန့် (ဓါတ်ပုံ-ကေတီ)
"လက်ရှိရရှိထားတဲ့
အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှု ဖြစ်စဉ်ကို ထိတွေ့ပြီးတော့
ပွင့်ပွင့်လင်းလင်း ချပြပေးဖို့ဖြစ်တယ်။ အဓိကရည်ရွယ်ချက်က ရရှိထားတဲ့
ငြိမ်းချမ်းရေးဖြစ်စဉ် တည်ဆောက်မှုမှာ လူထုပူးပေါင်းပါဝင်မယ်
လူထုကိုလည်းအပ်နှံမယ် လူထုရဲ့ ပူးပေါင်းပါဝင်ကြမှာဖြစ်လို့ နောက်
ငြိမ်းချမ်းရေးတည်ဆောက်တဲ့ တဆင့်ကနေ နိုင်ငံရေးဆွေးနွေး ပွဲတွေမှာ
လူထုတွေလည်း ကိုယ့်ဒေသ အခြေအနေလိုက် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ
လုပ်ချင်တယ်။ လူထုရဲ့ဘဝ သာယာဝပျောရေး ပိုပြီး ကောင်းမွန်တဲ့
နိုင်ငံရေးအခင်းအကျင်းတရပ်ရရှိအောင် ပူးပေါင်းဆောင်ရွက်မှုတွေ
သိချင်လို့လည်း ပါပါတယ်။"
လူထုတွေ့ဆုံပွဲကို ဦးစွာ
ဒီးမော့ဆိုမြို့နယ် လွီးကထိကျေးရွာမှာ ယမန်နေ့က ကျင်းပသွားတာဖြစ်ပြီး
ယနေ့မှာတော့ ဒီးမော့ဆိုမြို့နှင့် တခြားမြို့နယ်တွင် တဆက်တည်း
ပြုလုပ်သွားမှာဖြစ်ပါတယ်။ ယမန်နေ့ကျင်းပတဲ့ လွီးကထိကျေးရွာမှ တွေ့ဆုံ
ပွဲမှာတော့ ဒေသခံတဦးက ယခုလို တင်ပြ တောင်းဆိုတာ တွေ့ခဲ့ရပါတယ်။
"အောက်ခြေလွှတ်သွားတာတွေ မမြင်တတ်တဲ့
ခေါင်းဆောင်တွေရှိတယ်။ ပြည်သူတွေအပေါ်မှာ မတရားတဲ့ စီရင်မှုတွေလည်း
ကျနော်တို့တွေ့ရတယ်။ နောက်ပြီး ပြည်သူလူထုကို အဖွဲ့အစည်းရဲ့
နာမည်တလုံးကိုသုံးပြီး အာဏာသုံးတဲ့ အဖွဲ့အစည်းတွေကို လည်းမြင်ခဲ့ကြရပါတယ်။
ပြည်သူလူထုအပေါ်မှာ မျက်နှာလိုက်ပြီးတော့မှ တဖက်သပ်ရပ်တည်တာကိုလည်း
ကျနော်တို့ မြင်ခဲ့ရတယ်တွေ့ခဲ့ရတယ် ဒါတွေပပျောက်ဖို့အတွက် မရှိဖို့အတွက်
ဆောင်ရွက်ပေးဖို့ တင်ပြချင်ပါတယ်"
ယခုထပ်မံတွေ့ဆုံမည့် ဒုတိယအကြိမ်
ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲကိုတော့ မေလ အတွင်းတွင် ရာထားပြီး
ပထမအကြိမ် ပြည်ထောင်စုအဆင့်တွေ့ဆုံဆွေးနွေးပွဲမှာ မပြီးပြတ်သေးတဲ့
တပ်ကိစ္စတွေ ထပ်မံဆွေးနွေးသွားဖို့လည်း ကြိုတင်ပြင်ဆင်ထားတယ်လို့
ဆရာရွှေမျိုးသန့်က နေပြီးယခုလို ဆက်ပြောသွားပါတယ်။

တွေ့ဆုံပွဲ၌ တက်ရောက်ပြောကြားသော ဒေသခံတဦး (ဓါတ်ပုံ-ကေတီ)
"ကျနော်တို့ပြီးခဲ့တဲ့
ပထမအကြိမ် ပြည်ထောင်စုဆွေးနွေးပွဲမှာ အရေးကြီးတဲ့
တပ်ပိုင်းဆိုင်ရာကိစ္စတွေ မကျသေးဘူးဖြစ်နေတယ် တပ်နေရာကိစ္စတွေ
သွားလာရေးကိစ္စတွေဆိုတော့ အဲဒါတွေကို ဘယ်လိုခိုင်မာအောင် လုပ်မလဲဆိုတာတွေ
လုပ်ရမယ်။ အဲဒီကနေတဆင့် ပိုပြီးခိုင်မာတဲ့ ငြိမ်းချမ်းရေး
စနစ်ကိုတည်ဆောက်မယ်။ အဲဒါအပြင်ရရှိထားတဲ့ သဘောတူညီချက်တွေ သဘောတူညီချက်နဲ့
ပတ်သက်ပြီးတော့မှ အကောင်အထည်ဖော်နိုင်တဲ့ အခြေအနေတွေပြန်ပြီးတော့
သုံးသပ်ဖို့လိုတယ်။ လိုအပ်တဲ့ဟာတွေ ပြန်ပြီးတော့ ဖြည့်စွက်ဆွေးနွေးမယ်။
လာမည့်နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ပြန်ပြီးဆွေးနွေးမယ်"
တွေ့ဆုံဆွေးနွေးပွဲတွင်
ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ အတွင်းရေးမှူး (၁) ခူဦးရယ်က
ကရင်နီအမျိုးသား တိုးတက်ရေးပါတီနဲ့ပတ်သက်တဲ့ ခံယူချက်တွေ မူဝါဒတွေ
နောက်ခံသမိုင်းကြောင်းတွေကို ချပြဆွေးနွေးသွားပါတယ်။
လာရောက်ဆွေးနွေးသွားတဲ့ ဒေသခံဦးကော်ရီက ယခုလို တွေ့ဆုံဆွေးနွေးတာဟာ လူထုတွေနဲ့ ပိုမိုရင်းနှီးစေတယ်လို့ ဆိုပါတယ်။
"ကျနော်မြင်တာကတော့ ပြည်သူလူထုတွေနဲ့
ပိုရင်းနှီးလာမယ်။ ငြိမ်းချမ်းရေး စစ်မှန်တဲ့ငြိမ်းချမ်းရေးကို
ဖော်ဆောင်ဖို့လည်း လူထုတွေလည်း အဲလိုဆန္ဒရှိတယ်။"
http://www.ktimes.org/index.php/news/524-knpp-----knpp---
Posted in: KNPP,KNPPတွေ့ဆုံဆွေးနွေးရေး,ကရင်နီ
Email This
BlogThis!
Share to Facebook