ကရင်ပြည်နယ် လှိုင်ဘွဲ့မြို့နယ်၊ မြိုင်ကြီးငူအထူးဒေသ တလျှောက်
လှုပ်ရှားနေသည့် ဒီမိုကရေစီကရင် အကျိုးပြု တပ်မတော်-DKBA တပ်ဖွဲ့ဝင်များမှ
ယခုလ ၅ ရက်နေ့က သိမ်းဆည်းထားသည့် နယ်ခြားစောင့် တပ်ဖွဲ့-BGF ၏ လက်နက် ၄၀
ကျော်ကို ပြန်လည်ပေးအပ် ရန် မြန်မာ အစိုးရနှင့် DKBA တို့ ယနေ့ တွေ့ဆုံဆွေး
နွေးခဲ့ကြသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ ဒုဥက္ကဋ္ဌ
သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်
ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်မောင်မောင်အုန်း စသည့် အဖွဲ့ဝင် ၉ ဦးနှင့်
DKBA ဘက်မှ ဗိုလ်ချုပ်ကြီး စောလားပွယ် ဦးဆောင်သည့် အဖွဲ့ဝင် ၈ ဦးတို့သည်
မွန်းတည့် ၁၂ နာရီခန့်မှ ညနေ ၃ နာရီ ကျော်အထိ မြဝတီမြို့
အစိုးရရှေ့တန်းရုံးတွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

DKBA ပြောရေးဆိုခွင့်ဖြစ်သူ ဗိုလ်မှူးစောဆန်းအောင်က “ယနေ့တွေ့ဆုံပွဲမှာ
DKBA တပ်ဖွဲ့ဝင်များ သိမ်းဆည်း ထားသည့် လက်နက်များကို
ပြန်လည်ပေးအပ်ရန်တို့ကိုသာ အဓိကဆွေးနွေးခဲ့တယ်။ နောက် မြိုင်ကြီးငူဒေသ
တဝိုက် မှာ DKBA တပ်ဖွဲ့ဝင်တွေအတွက် သွားရေးလာရေးအခက်အခဲ၊
နယ်ခြားစောင့်တပ်များနဲ့ ဖြစ်တဲ့ ပဋိပက္ခတွေ ဆွေးနွေးဖြစ်ပါတယ်” ဟု
ကေအိုင်စီသို့ ပြောသည်။
လက်နက်ပြန်လည် ပေးအပ်ရန် ကိစ္စနှင့်ပတ်သက်၍ DKBA ဘက်မှ BGF
တပ်ဖွဲ့ဝင်များထံသို့ လက်နက် တချို့ ပြန်လည်ပေးအပ်ပြီး ဖြစ်ကြောင်းနှင့်
ကျန်နေသေးသည့် လက်နက်များကိုလည်း ပြန်လည်ပေးအပ်ရန် ပြင်ဆင် နေကြောင်း
ဗိုလ်မှူးစောဆန်းအောင်က ဆက်ပြောသည်။
ဆက်လက်၍ ဦးအောင်မင်းကလည်း “ကျနော်တို့တွေ တွေ့ကြတာ တပ်နေရာချထားရေး
ကိစ္စရပ်တွေ၊ ဆက်ဆံ ရေးရုံးဖွင့်မယ့် ကိစ္စရပ်တွေ၊ နောက်
သူတို့(ဒီကေဘီအေ)ရဲ့ စားရေးသောက်ရေးကိစ္စရပ်တွေ ဒါမျိုးတွေ ဆေးနွေးကြပါတယ်”
ဟု ပြောသည်။
ဆက်ဆံရေးကို ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ၊ ကျိုက်ဒုံနှင့် မြိုင်ကြီးငူ
စသည့်နေရာ ၄ ခုတွင် ထပ်မံဖွင့်လှစ် ရန် ရှိသည်ဟု ဒီကေဘီအေဘက်က ပြောသည်။
သို့သော် ဖွင့်လှစ်မည့်အချိန်နှင့်ပတ်သက်၍ ရက်အတိအကျ သတ်မှတ်ထားခြင်း
မရှိသေးကြောင်း သိရသည်။
ထို့အပြင် ယနေ့တွေ့ဆုံမှုတွင် နိုင်ငံရေး၊ စစ်ရေးအရ
တွေ့ဆုံဆွေးနွေးမှုမျိုးမဟုတ်ပဲ DKBA နှင့် နယ်ခြားစောင့် တပ်အကြား
ဖြစ်ပွားခဲ့သည့် လက်နက်နှင့် တိုက်ပွဲပဋိပက္ခများ ထပ်မံမဖြစ်ပေါ်အောင်သာ
ကတိကဝတ်ပေး သည့် ဆွေးနွေးမှုမျိုးသာ ဖြစ်ကြောင်း ဗိုလ်မှူး စောဆန်းအောင်က
ပြောသည်။
တချိန်တည်းမှာပင် ကရင်လက်နက်ကိုင်အဖွဲ့အစည်းများနှင့်
ငြိမ်းချမ်းရေးဆွေးနွေးနေချိန်တွင် ကချင်လက်နက် ကိုင်အဖွဲ့အများကို
အစိုးရမှ ထိုးစစ်ဆင်တိုက်ပွဲဆင်နေမှုသည် ငြိမ်းချမ်းရေးအတွက်
ယုံကြည်မှုတည်ဆောက်ရန် အဟန့်အတားဖြစ်ကြောင်းလည်း DKBA ဘက်မှ တင်ပြခဲ့သည်ကို
၀န်ကြီးဦးအောင်မင်းက လာမည့် သုံးလေးရက်တွင် ကချင်ဒေသစစ်ပွဲကိစ္စ
အဆင်ပြေသွားမည်ဟု ပြောသွားခဲ့ကြောင်း ဗိုလ်မှူး စောဆန်းအောင်က ဆိုသည်။
ထို့အပြင် အစိုးရဘက်မှ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များဖြင့်
ဖွဲ့စည်းထားသည့် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ-UNFC
နှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်မှသာလျှင် DKBA အနေဖြင့်
ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင် ပါ၀င်သွားမည်ဟုလည်း DKBA ဘက်က ပြောသည်။
DKBA သည် ၁၉၉၄ ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး-KNU မှ ခွဲထွက်ကာ
မြန်မာစစ်အစိုးရနဲ့ ပြန်ပေါင်းပြီး နောက် ၂၀၁၀ ခုနှစ်၌ မြန်မာအစိုးရ၏
နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံသည့် ဗိုလ်ချုပ်ကြီး
စောလားပွယ်ဦးဆောင်သည့် အဖွဲ့က အသစ်တက်လာသည့် မြန်မာအစိုးရစစ် တပ်နှင့်
တိုက်ပွဲ များပြန်လည် ဖြစ်ပွားခဲ့သည်။
တဖန် DKBA သည် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာ လဆန်းပိုင်းက မြန်မာအစိုးရနှင့်
ကရင်ပြည်နယ်၊ ဖားအံမြို့တွင် တွေ့ဆုံဆွေးနွေးရေးပြုလုပ်ကာ အပစ်အခတ်ရပ်စဲရေး
သဘောတူညီမှု ထပ်မံရရှိခဲ့သလို ၎င်းနောက်ပိုင်း တိုးတက်သောဗုဒ္ဓဘာသာ
ကရင်အမျိုးသားတပ်မတော်-DKBA မှ ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော်-DKBA
အဖြစ် ယနေ့အထိ ရပ်တည်ခဲ့သည်။
http://burmese.bnionline.net/index.php/news/kic/12796--bgf---dkba---.html