ငြိမ်းချမ်းရေး စကားဝိုင်းများ နှင့် နီးစပ်သည့် သတင်းရပ်ကွက်များ၏ အဆိုအရKIO နှင့် အစိုးရ တပ်များအကြား တနှစ်ကျော်အကြာ ဖြစ်ပွားနေသော တိုက်ပွဲများကို အဆုံးသတ်နိုင်ရေး KIO ဘက်က လိုလားမှုရှိသကဲ့သို့ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ငြိမ်းချမ်းရေးအဖွဲ့က ကြိုးပမ်းနေသော်လည်း အစိုးတပ်များက တိုက်ပွဲများ လျှော့ချရေးနှင့် တပ်နေရာများ ဆုတ်ခွာပေးရေးကို လက် မခံဘဲ ခေါင်းမာနေသဖြင့် စေ့စပ်ညှိနှိုင်းရန် မလွယ်ကူဘဲဖြစ်နေရကြောင်း သိရသည်။
အစိုးရငြိမ်းချမ်းရေးအဖွဲ့ အနေဖြင့် KIO နှင့် ငြိမ်းချမ်းရေး လုပ်ဆောင်နိုင်ရန်အတွက် အစိုးရတပ်ဘက်မှ သဘောတူ လိုက်ပါဆောင် ရွက်နိုင်ရေး အချိန်ယူရဦးမည်ဖြစ်ပြီး ယင်းကာလကိုလည်း ပြောဆိုနိုင်ခြင်းမရှိသေးကြောင်း ကချင်ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးဝိုင်းများနှင့် နီးစပ်သည့် သတင်းရပ်ကွက်များက ဆိုသည်။
ယခင်လပိုင်းက ကချင်ပြည်လွတ်လပ်ရေး တပ်မတော်(KIA) ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်နှင့် အစိုးရ ဒု တပ်မတော် ကာကွယ် ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း ဦးဆောင်သော နှစ်ဘက် ကိုယ်စားလှယ်များသည် စစ်ရေးကိစ္စများ ပြေလည်ရေး အတွက် တွေ့ဆုံ ဆွေးနွေးကြရန် အစီအစဉ်ရှိသော်လည်း ဆုံရပ်ရွေးချယ်မှု နှစ်ဘက် သဘောမတူဟု ဆိုကာ အလှမ်းဝေးခဲ့ရပြန်သည်။
အစိုးရဘက်ကလည်း အဆင့်မြင့်အရာရှိများ ပါမည်ဖြစ်သောကြောင့် အစိုးရထိန်းချုပ်ရာ နယ်မြေအတွင်း၌ တွေ့ဆုံကြရန် လိုလား နေပြီး နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားနေကာ နယ်မြေတွင်း မတည်ငြိမ်မှုများကြောင့် KIO က တရုတ်-မြန်မာ နယ်စပ် ရွှေလီမြို့တွင် တွေ့ဆုံကြရန် အဆိုပြုထားခြင်းကို ညှိနှိုင်းမရဘဲ ဖြစ်နေကြသည်။
KIO က တွေ့ဆုံဆွေးနွေးရေး အခြေအနေကို မကြာခဏမေးမြန်းလာကြောင်း၊ သို့သော် အစိုးရဘက်မှ အခြေအနေတုံ့ပြန် နိုင်ခြင်း မရှိသေးကြောင်း ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့ PCG ၏ အကျိုးတော်ဆောင်တဦး ဖြစ်သူ ဦးဆန်းအောင် က ဧရာဝတီသို့ ပြောပြသည်။
“KIO ဘက်ကတော့ ဘယ်လိုလဲ၊ ဘယ်တော့လဲ၊ ဒုသမ္မတ လာမယ်ဆိုတာရော လာမှာလား၊ အစိုးရဘက်က သဘောထား ကရော ဘယ်လိုလဲ၊ ဘာပြောလဲဆိုတာ မေးမေး နေတယ်၊ အစိုးရဘက်ကတော့ မနေ့ကမေးကြည့်တော့ ဘာမှမသိသေးဘူးလို့ ပြောနေ တယ်။ ဝန်ကြီးဌာန အပြောင်းအလဲ လုပ်ပြီးမှပဲ ဖြစ်မယ်ထင်တယ်လို့ ပြောတာပဲ”ဟု ဦးဆန်းအောင် က ဆိုသည်။
အစိုးရငြိမ်းချမ်းရေးအဖွဲ့၊ သမ္မတ ရုံး အဖွဲ့တို့ကို KIO နှင့် ငြိမ်းချမ်းရေးဆွေးနွေးနိုင်မည့် အခြေအနေများ ဆက်သွယ်မေးမြန်းရာတွင် တိကျသော အဖြေကို မရရှိကြောင်း၊ သို့သော် ယခုရက်ပိုင်း အတွင်း မန္တလေးမှ မြစ်ကြီးနားသို့ လာသော ရထားဖြင့် နေ့စဉ် အစိုးရ တပ်များ လိုက်ပါလာနေသည်ကို တွေ့မြင်ရကြောင်း ထို့ကြောင့် နှစ်ဘက် စေ့စပ်ဆွေးနွေးရေး အခြေအနေကို မှန်းဆရခက်ကြောင်း သူက ဆက်ပြောသည်။
ယခုရက်ပိုင်းအတွင်း KIO တပ်မဟာများဖြစ်သော ၁၊ ၂၊ ၃ နှင့် ၅ တို့အနီး ခြေကုတ်ယူထားသည့် အစိုးရ တပ်စခန်းများတွင် အစိုးရ တပ်များက တပ်အင်အား၊ လက်နက်ခဲယမ်းနှင့် ရိက္ခာများကို ရေကြောင်း၊ ကုန်းကြောင်းများမှတဆင့် ဖြည့်တင်းမှုများ ပြုလုပ်နေ သည်ကို စစ်မြေပြင် သတင်းပို့ချက်များရောက်ရှိနေကြောင်း KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန် က ပြောသည်။
“သူတို့က လူတွေထင်သာမြင်သာ ရှိအောင် အလုံးအရင်းနဲ့ တက်လာတာတော့ မရှိဘူး၊ တခါတက်လာရင် ၁၀၀၊ ၂၀၀ လောက် ပဲ၊ အထူးသဖြင့် ဗန်းမော် ရေလမ်းကြောင်းနဲ့ မြစ်ကြီးနား ရထားလမ်းကြောင်းပေါ့၊ သူတို့ တပ်တွေတိုးလာတာတွေပဲ ရှိတယ်၊ လျော့ သွားတာမရှိဘူး၊ ဒီမှာကလည်း တိုက်ပွဲတွေကနေ့စဉ် ရက်ဆက် နေရာတိုင်းမှာလိုဖြစ်နေတယ်”ဟု ဦးလနန် က ဧရာဝတီသို့ ပြော သည်။
ယနေ့ နံနက် ရ နာရီခန့်က KIO တပ်မဟာ (၁) နယ်မြေရှိ ရှေ့တန်း တပ်စခန်းတခုအား အစိုးရ ခြေလျင် တပ်ရင်း(ခလရ) ရ၇ နှင့် ၄၇ တို့က စခန်းသိမ်းရန် ထိုးစစ်ဆင်ရာတွင် တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ကြောင်း၊ ထိုစခန်းကို လက်လွှတ်လိုက်ရခြင်းမရှိသော် လည်း တိုက်ပွဲကြောင့် ၎င်းတို့ဘက်မှ ၂ ဦးဒဏ်ရာရရှိပြီး အစိုးရတပ်မှ ၂ ဦးသေဆုံးကာ ၁၀ ဦးကျော် ဒဏ်ရာရရှိသွားကြောင်း သေ ဆုံးသူ ရုပ်အလောင်းများကို ကောင်းမွန်စွာ သင်္ဂြိုဟ် ပေးခဲ့ကြောင်း စစ်မြေပြင်သတင်းများကို ကိုးကား၍ ဦးလနန်က ပြောသည်။
အစိုးရနှင့် KIO ကြား ငြိမ်းချမ်းရေးဆွေးနွေးရန် ၂၀၁၁ နို၀င်ဘာ၊ ၂၀၁၂ ဇန်နဝါရီ နှင့် မတ်လတို့တွင် ရွှေလီမြို့၌ တွေ့ဆုံခဲ့ကြ သော် လည်း ရေရာသည့် သဘောတူညီချက် တစုံတရာမရရှိသေးဘဲ ရှိနေသည်။ ထိုတွေ့ဆုံပွဲများတွင်လည်း ဒေသတွင်း တိုက် ခိုက် ရေး ဘက်မှ အရေးပါသော မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးမှာ ကိုယ်တိုင်တက်ရောက်ခြင်းမရှိကြောင်း KIO က ပြောသည်။
KIO နှင့် အစိုးရတပ်များအကြား ၂၀၁၁ ခုနှစ် ဇွန်လပိုင်းမှစတင်ကာ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ တနှစ်ကျော်ကြာအထိ ဖြစ် ပွားလျက်ရှိရာ ဒေသခံ ၅ သောင်းကျော် အိုးအိမ်တောင်ယာများကို စွန့်ခွာ၍ တရုတ်-မြန်မာနယ်စပ် ဒုက္ခသည် စခန်းများတွင် ခိုလှုံနေကြသည်။
ထို့အတူ မိုးညှင်းခရိုင်တွင်လည်း ကူညီရေးစခန်းများ၊ မြို့ပေါ်များ၊ နယ်စပ်ဒေသများနှင့် အလှမ်းဝေးသည့် တောတောင်များအတွင်း ပုန်းအောင်းနေရသော ဒုက္ခသည် ၂၀၀၀ ခန့်ရှိကြောင်း၊ ဗန်းမော်နှင့် ရွှေလီ မြစ်အကြားရှိ တောင်ကြောများတွင်လည်း ယင်းသို့ ဒုက္ခသည် ၁၅၀၀ ကျော် ခိုလှုံနေရကြောင်း ကချင်ဒုက္ခသည် စခန်းများ ကော်မတီက ပြောဆိုထားသည်။
ယခုနှစ်ဆန်းပိုင်းက KIO အား တိုက်ခိုက်နေမှုများ ရပ်တန့်ရန် ကာကွယ်ရေး ဝန်ကြီးဌာနကို သမ္မတ ဦးသိန်းစိန်က ညွှန်ကြား ခဲ့သော်လည်း ထိုးစစ်ဆင် တိုက်ခိုက်နေဆဲ ဖြစ်သည်။
http://burma.irrawaddy.org/archives/18116