
ရှမ်းခေါင်းဆောင်များနှင့် ဦးအောင်မင်းအဖွဲ့ ဓာတ်ပုံ တွဲရိုက်ကြစဉ် (ဓာတ်ပုံ – မေငယ်)
အစိုးရ တပ်မတော်အနေဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုများကို
လိုက်နာခြင်းမရှိပါက ငြိမ်းချမ်းရေး ပျက်ပြယ်သွားနိုင် သည်ဟု ရှမ်းပြည်
ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည် တပ်မတော် (RCSS/SSA) က ယမန်နေ့တွင်
ပြောဆိုလိုက်သည်။
အစိုးရနှင့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း(SSA-S) တို့
အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသည်မှာ တနှစ်ပြည့် နီးပါးရှိ ချိ န် အထိ
တိုက်ပွဲပေါင်း ၅၀ကျော် ဖြစ်ပွားခဲ့ကြောင်းလည်း RCSS/SSA ပြည်ထောင်စု
အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော် မတီမှ ဦးစဝ်ပေါင်ခေး က
ပြောကြားလိုက်ခြင်း ဖြစ်သည်။
ရန်ကုန်မြို့ တော်ဝင် နှင်းဆီခန်းမ၌ နိုဝင်ဘာ ၂၆ ရက်က ကျင်းပသည့်
ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲ တွင် ထိုသို့
ပြောကြားခြင်း ဖြစ်သည်။
“ငြိမ်းချမ်းရေးကို တည်ဆောက်နေတဲ့ အချိန်မှာ နှစ်ဘက်က အပြန်အလှန်
သဘောတူညီမှုကို မလိုက်နာရင် မလိုလားအပ်တဲ့ နှစ် ဘက်
တိုက်ပွဲတွေဖြစ်နိုင်တယ်။ ပြီးတော့ ယုံကြည်မှုတည်ဆောက်တဲ့နေရာမှာလည်း
အခက်အခဲကြုံတွေ့နိုင်တယ်။ ငြိမ်းချမ်းရေး ကိုလည်း ပျက်ပြယ်နိုင်တယ်”ဟု
ဦးစဝ်ပေါင်ခေးက ပြောဆိုသည်။
ပြည်သူလူထုနှင့် အဖွဲ့အစည်းများအသီးသီး
လွတ်လပ်စွာအကြံပြုဆွေးနွေးနိုင်မှသာလျှင် ဒီမိုကရေစီနည်းကျကာ ထာဝရ တည်တံ့
ခိုင်မြဲသည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်
အဖြေများရရှိနိုင်မည်ဖြစ်ပြီး ငြိမ်းချမ်းရေး တည်ဆောက်ရာတွင်လည်း ပိုမို
အဓိပ္ပာယ် ရှိလိမ့်မည် ဖြစ်ကြောင်းလည်း ၎င်းက ထည့်သွင်း ပြောဆိုသွားသည်။
ရှမ်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ဥက္ကဌ
ဦးခွန်ထွန်းဦးကလည်း“ငြိမ်းချမ်းရေး လိုလားတဲ့ ရှမ်းပြည်သူတွေစုဝေးပြီး
ကျင်း ပတဲ့ ပွဲဖြစ်သွားတဲ့အတွက် ၀မ်းသာပါတယ်။ လက်ရှိ မြန်မာနိုင်ငံ
ကြံုတွေ့နေရတဲ့ တိုင်းရင်းသားပြဿနာ အဓိကဖြစ်နေတယ်။ ပြဿနာတွေပြေလည်ဖို့
ဆိုရင် စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ဖို့ တန်းတူညီမျှဖို့
စစ်မှန်တဲ့ပြည်ထောင်စုဖြစ်ဖို့ လို အပ်တယ်။ အချင်းချင်း
ယုံကြည်မှုရှိဖို့လည်း လိုအပ်တဲ့အတွက် ဒီအခမ်းအနားကိုပြုလုပ်ရတာပါ”ဟု
ပြောကြားသည်။
ယခု ကျင်းပသည့် ညီလာခံမှ စ၍ ရှမ်းပြည်နယ် တခုလုံး
ငြိမ်းချမ်းရေးရရှိစေရန် နှင့် ပြည်ထောင်စု တဝန်း ငြိမ်းချမ်းရေးအတွက်
ညှိနှိုင်း ဆွေးနွေးတို်င်ပင်ကြရမည်ဟုလည်း ဆိုသည်။
ယင်း ညီလာခံသို့ တက်ရောက်လာသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မတီ
ဒုတိယ ဥက္ကဌ ဦးအောင်မင်း ကလည်း သမ္မတ ဦးသိန်းစိန် ပြောသည့်အတိုင်း
အခြေခံမူဖြစ်သည့် ပြည်တွင်းငြိမ်းချမ်းရေး မရှိဘဲ ဒီမိုကရေစီစနစ်ကို
ထူထောင်နိုင်မည် မဟုတ်ကြောင်း၊ ဒီမိုကရေစီမရှိဘဲ
ပြည်တွင်းငြိမ်းချမ်းရေးကို မဖော်ဆောာင်နိုင်ကြောင်း ပြောကြားသွားသည်။
“ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုအောက်မှာပဲဆွေးနွေး ယုံကြည်မှုကို
တည်ဆောက်မယ်ဆိုရင် သံသယ မာန်မာန တွေချပြီး တော့ ဆွေးနွေးဖို့ လိုအပ်ပါတယ်။
ရှမ်းတိုင်းရင်းသား အချင်းချင်းယုံကြည်မှု တည်ဆောက်နိုင်မှ
ကျန်တိုင်းရင်းသားတွေလည်း တည် ဆောက် မယ်။ ပြီးတော့ ဒုတိယ
အဆင့်ကိုတက်ရောက်နိုင်မယ်”ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ(SNDP)
တွဲဖက်အတွင်းရေးမှူး ဦးစိုင်မောင်တင် ကလည်း ပြောဆိုသည်။
အဆိုပါဆွေးနွေးပွဲတွင် အစိုးရနှင့် လက်နက်ကိုင် အဖွဲ့အစည်းများ၊
နိုင်ငံရေးပါတီများအကြား ယုံကြည်မှု တည်ဆောက်ရေး၊ စီးပွားရေး၊ နိုင်ငံရေး
ရှုထောင့်အမြင်နှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ ကျန်းမာရေး၊ လူထုအခြေပြု
အဖွဲ့များ၏ ငြိမ်းချမ်းရေး ဖော်ဆောင် ရာတွင် ပါဝင်နိုင်မည့် နည်းလမ်းများ
စသည်တို့ကို အဓိကထား ဆွေးနွေးသွားသည်။
ထို ညီလာခံသို့ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက်လာခြင်း
မရှိကြောင်း၊ သမ္မတရုံးဝန်ကြီးများ ဖြစ်သည့် ဦးအောင်မင်း၊ ဦးစိုးသိန်း၊
အစိုးရနှင့် ငြိမ်းချမ်းရေး သဘောတူညီထားသည့် ရှမ်းလက်နက်ကိုင် ၄ ဖွဲ့၊
ရှမ်းနိုင်ငံရေးပါတီ ၃ ခု၊
ရှမ်း စာပေနှင့် ယဉ်ကျေးမှုကော်မတီ၊ ရှမ်းလူမှုအဖွဲ့အစည်း စုစုပေါင်း ၁၂
ဖွဲ့နှင့် ပြည်ပ ပညာရှင်များနှင့် ကိုယ်စားလှယ်များ တက်ရောက် လာကြောင်း
သိရသည်။
၂၀၁၂ ခုနှစ် မေလ ၁၉ ရက်နေ့တွင် အစိုးရနှင့် SSA-S တို့ အပစ်အခတ်
ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး သဘောတူညီချက် ၁၂ ချက်
လက်မှတ်ရေးထိုးခဲ့ကြပြီးနောက် ရက်ပိုင်းအတွင်း တိုက်ပွဲများ ပြန်လည်
ဖြစ်ပွားမှုအတွက် အစိုးရ စစ်တပ်မှ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်
ဗိုလ်ချုပ်ကြီးစိုးဝင်းက SSA-S သို့ တရားဝင် တောင်းပန်ခဲ့သည်။
http://burma.irrawaddy.org/archives/26560