ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြုလုပ်တဲ့ ပထမအကြိမ်ဆွေးနွေးပွဲမှာ အခုလို လက်မှတ်ရေးထိုးလိုက်တာ ဖြစ်တယ်လို့ ရခိုင်လွတ်မြောက်ရေးပါတီ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးခိုင်သုခက အခုလိုပြောပါတယ်။
“ပမာဏ သဘောတူညီချက်ပါ။ ရခိုင်ပြည်နယ် အစိုးရနဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် ပမာဏ ဘဘောတူညီချက်ဆိုတာလက်မှတ်ရေးထိုးတာပါ။ အချက် (၅) ချက်ပါ” လို့ ပြောပါတယ်။
ဒီနေ့ပြည်နယ်အဆင့်ဆွေးနွေးပွဲကို ရခိုင်ပြည်လွတ်မြောက်ရေးပါတီဘက်က ဒု-ဥက္ကဋ္ဌ ဦးခိုင်စိုးလင်း ဦးဆောင်တက်ရောက်ပြီး အစိုးရဘက်က ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင် ဦးဆောင် တက်ရောက်ခဲ့ကြပါတယ်။
နှစ်ဖက်သဘောတူညီချက်ကိုတော့ ရခိုင်ပါတီဘက်က အထွေထွေ အတွင်းရေးမှူးနဲ့ အစိုးဘက်က ပြည်နယ်လုံခြုံရေးရာ ဝန်ကြီးတို့ကလည်း လက်မှတ်ရေးထိုးခဲ့ကြတာပါ။
ပြည်နယ် အဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဧပြီ ၄ နဲ့ ၅ တို့မှာ နှစ်ရက်တာ ဆွေးနွေးခဲ့ကြတာလည်းဖြစ်ပါတယ်။
ALP ဟာ ၁၉၇၀ ပြည့်နှစ်တွေကတည်းက ပေါ်ပေါက်လာတဲ့ပါတီ၊ လက်နက်ကိုင်တိုက်လာတဲ့ ပါတီဖြစ်ပြီး ရခိုင်လူငယ်တွေအပေါ် သြဇာကြီးတဲ့ ပါတီတစ်ခုဖြစ်ပါတယ်။
သဘောတူညီချက် (၅) ချက်
(၁) ကတော့ တပ်မတော်နဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီတို့သည် ၂၀၁၂ ဧပြီလ ၆ ရက်နေ့မှ စ၍ အပြန်အလှန် ပစ်ခတ်မှုများကို ရပ်ဆိုင်းထားရန်၊
(၂) နှစ်ဦး နှစ်ဖက် အပြန်အလှန် ပြောဆိုဆက်ဆံ ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် နှစ်ဖက်သဘောတူညီကြသော အောက်ပါ နေရာများတွင် ရခိုင်ပြည် လွတ်မြောက်ရေးပါတီက ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရန်၊ ၁။ ပလက်ဝ၊ ၂။ ကျော်တော်၊
(၃)ပစ်ခတ်တိုက်ခိုက်မှုများကို ရပ်ဆိုင်းထားစဉ် ကာလအတွင်း နှစ်ဖက်သဘောတူသော နေရာများမှအပ နယ်မြေကျော်လွန်၍ လက်နက်ကိုင်ဆောင် သွားလာလှုပ်ရှားမှုများကို နှစ်ဦးနှစ်ဖက် ကြိုတင်ညှိနှိုင်းပြီးမှ ဆောင်ရွက်ရန်၊
(၄)ရခိုင်ပြည်လွတ်မြောက်ရေးပါတီအဖွဲ့များအနေဖြင့် မြန်မာပြည်တပြည်လုံးသို့ လွတ်လပ်စွာ ခရီးသွားလာခွင့်ပြုရန်၊
(၅) ပြည်ထောင်စုအစိုးရဖွဲ့စည်းသည့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီမှ အဖွဲ့၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့များသည်၊ နှစ်ဦး နှစ်ဖက် သဘောတူညီသော နေရာ၊ သဘောတူညီသော အချိန်ကာလတွင် ရခိုင်ဒေသအတွင်း တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ စသည်ကိစ္စရပ်များ ဖော်ဆောင်နိုင်ရေးအတွက်
ဆက်လက်တင်ပြ ဆွေးနွေးကြရန်။
http://kyaukphrunet.blogspot.com/2012/04/blog-post_6544.html