ဇူလိုင်လ ၂၅ရက်၊ ၂၀၁၂ခုနှစ်။ စဖန်းရှောင်း (ကရင်သတင်းဌာန)
တိုင်းရင်းသားပါတီများ အပါအဝင် နိုင်ငံရေးပါတီများသည် လာမည့်သီတင်းနှစ်ပတ်အတွင်း သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးသွား မည်ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် ကရင်ပြည်သူ့ပါတီ(KPP)က ထုတ်ဖော်ပြောဆိုသည်။“လာမဲ့နှစ်ပတ်မှာ ကျနော်တို့တွေ သမ္မတနဲ့ တွေ့ဆုံဖို့လည်း ရှိပါတယ်။ ကရင် သာမက တစ်နိုင်ငံလုံး အတိုင်းအတာအရ ငြိမ်းချမ်းရေး၊ စည်းလုံးညီညွှတ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ ပြည်သူနဲ့ လက်တွဲဆောင်ရွက်သွားမှာပါ”ဟု KPP ပါတီ၏ ဒုဥက္ကဌ ဒေါက်တာစောဆိုင်မွန်သာက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၂၂)ရက်နေ့က ရန်ကုန်မြို့တွင် တစ်မျိုးသားလုံး စည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ရှေးရှုသော အကြို ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပခဲ့ရာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဒုဥက္ကဌ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း၊ စက်မှုဝန်ကြီး ဦးစိုးသိန်းတို့နှင့်အတူ KPP အပါအဝင် တိုင်းရင်းသားပါတီများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြ သည်။
အဆိုပါ ဆွေးနွေးပွဲတွင် တိုင်းရင်းသားပါတီများအနေဖြင့် မိမိတို့၏ တိုင်းရင်းသားအရေး၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကိစ္စများကို ပွင့်လင်း စွာ ဆွေးနွေးခဲ့ကြသလို ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းများကို အစိုးရနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆွေးနွေးခဲ့ကြောင်း KPP ပါတီ၏ ဒုဥက္ကဌ ဒေါက်တာစောဆိုင်မွန်သာက ကေအိုင်စီကို ပြောသည်။
“ကျနော်တို့အနေနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ လူမျိုးမရွေး၊ ဘာသာမရွေး၊ အသားအရောင် မခွဲခြားဘဲ အားလုံး ပူးပေါင်းဆောင်ရွက် မယ်။ အဲဒါမှ ကိုယ့်နိုင်ငံ ပြန်လည်ထူထောင်နိုင်မယ်”ဟု ကေအိုင်စီသို့ ပြောသည်။
၎င်းအပြင် ကရင်ပြည်သူ့ပါတီအနေဖြင့် ကရင်ပြည်သူတို့၏အသံကို နားထောင်ပြီး ဆက်လက် လုပ်ဆောင်သွားမည်ဟု သူက ပြောဆိုခဲ့ သည်။
KPP သည် ၂၀၁၀၊ နိုဝင်ဘာလ ရရက်နေ့တွင် ကျင်းပသော ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် အမတ်နေရာ ၅နေရာ အနိုင်ရရှိခဲ့ပြီး ယခုအချိန်တွင် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ဆောင်နေကြောင်း သိရှိရသည်။
http://www.kicnews.org/?p=12530