အတုအယောင် အပစ်အခတ်ရပ်စဲရေးမှ ပြည်တွင်းစစ်သို့
ရှည်လျားလှတဲ့ မြန်မာပြည် ပြည်တွင်းစစ်ခရီးစဉ်အတွင်း ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့ဟာ ၁၉၉၄ ခုနှစ် ဖေဖေါ်ဝါရီလ (၂၄)ရက်နေ့မှာ နဝတ- နအဖ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးကို နှစ်ဘက် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။
၂၀၁၁ ခုနှစ် ဇွန်လ (၉)ရက်နေ့မှာတော့ စစ်အုပ်စု တပ်တွေနဲ့ KIA တပ်မတော် တို့အကြား တိုက်ပွဲများ ပြင်း ထန်စွာ ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။ စစ်အုပ်စုရဲ့ တပ်တွေ အထိအခိုက်အကျအဆုံးများ နှင့် ရင်ဆိုင်ခဲ့ရပါတယ်။ စစ် အုပ်စု၏ ရုပ်သေးအစိုးရပိုင် ၂၀၁၁ ခုနှစ် ဇွန်လ (၁၈)ရက်နေ့ထုတ် ကြေးမုံသတင်းစာပါ မမှန်ကန်သော သတင်း ထုတ်ပြန်ချက်ကို ပြန်လည်ရှင်းလင်းခဲ့သည့် KIA ၏ သတင်းထုတ်ပြန်ချက်အရ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်တွေဖြစ်ကြတဲ့ ခမရ (၄၃၇) နှင့် ခမရ (၃၄၈) တပ်နှစ်တပ် ဟာ ဆန်ဂန်ကျေးရွာသို့ ရောက်ရှိလာပြီး KIA ရှေ့တန်းစခန်းအား စတင်ပစ်ခတ်ခဲ့ တာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် ဇွန် (၁၁) ရက်နေ့ နေ့လည် (၁၂)နာရီမှာ KIA၏ ဘွန်ဆင်စခန်းအား ဆုတ်ခွာပေးရမည်ဟု ဖိအားပေးရာမှ KIA အနေဖြင့် မလွှဲမရှောင်သာ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရခြင်း ဖြစ်ပါတယ်။ တိုက်ပွဲများ ယနေ့ထိ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။
နအဖလက်ထက် စစ်အုပ်စု၏ ၀န်ကြီးချုပ် သိန်းစိန်က ၂၀၁၀ ခုနှစ် စက်တင်ဘာလ (၂၀)ရက်နေ့ တွင် ကချင် ပြည်နယ် မြစ်ကြီးနားမြို့ လဝါယန် အခြေစိုက် (KIA- ခွဲထွက်အဖွဲ့) ဦးလဆန်အောင်ဝါ ခေါင်းဆောင်သည့် ပြည်သူ့စစ် အဖွဲ့နှင့် ပန်ဝါအခြေစိုက် ကချင် ဒီမိုကရေစီသစ် တပ်မတော် (NDA-K) တို့နှင့်တွေ့ဆုံရာမှာ KIO အား ပထမဆုံး စံပြအဖြစ် တိုက်ခိုက် ချေမှုန်းသွားမည် ဟု ပြောကြားခဲ့ပါတယ်။
ပြည်သူ့စစ် အသွင်ပြောင်းလဲရေးကို လက်မခံခဲ့သည့် SSA-N တပ်မဟာ (၁) ကိုလည်း နအဖမှ ဥပဒေပြင်ပ အဖွဲ့အစည်းအဖြစ် ၂၀၁၀ ခုနှစ် စက်တင်ဘာလ (၂၇) ရက်နေ့တွင် သတ်မှတ်ခဲ့ရာမှ နှစ်ဘက် အကြား တင်းမာ မှုများ ရှိလာကာ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိပါတယ်။
နအဖ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံသည့်အပြင် နယ်ခြားစောင့် တပ် ဖွဲ့စည်းရေးကို ငြင်းဆန်ခဲ့သည့် မွန်ပြည်သစ်ပါတီအပေါ်တွင်လည်း ဖိအားအမျိုးမျိုးပေးခဲ့ကာ နောက်ဆုံးတွင် မွန်ပြည်သစ်ပါတီမှ မြို့ပေါ်တွင် အခြေပြုထားသည့် ၎င်းတို့၏ ဆက်ဆံရေးရုံးများအား ရုတ်သိမ်းခဲ့ရပါတယ်။ ယခုအခါ နှစ်ဖက်ဆက်ဆံရေးမှာ ပျက်ပြယ်နေပြီး လက်နက်ကိုင်ပဋိပက္ခများ အချိန်မရွေးဖြစ်ပေါ်နိုင်သည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်ပါတယ်။
နယ်ခြားစောင့်တပ် ဖွဲ့စည်းမှုကို လက်မခံခဲ့သည့် DKBA တပ်မဟာ (၅) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောလား ဘွယ် ဦးဆောင်သည့် တပ်ဖွဲ့များနှင့်လည်း ၂၀၁၀ ခုနှစ် နိုဝင်ဘာ (၈)ရက်နေ့မှ စ၍ လက်နက်ကိုင် တိုက်ပွဲများ ပြန် လည်ဖြစ်ပွားခဲ့ရာ ယခုအချိန်အထိ ဖြစ်ပွားဆဲ ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ် ဇွန်လ (၁၆) နေ့တွင်လည်း အပစ်ရပ် ကယန်းပြည်သစ်ပါတီ (KNLP) မှ နယ်ခြားစောင့်တပ် နှင့် ပြည်သူ့စစ် အသွင်ပြောင်းလဲရေးကို လက်မခံသဖြင့် နဝတ၊ နအဖ လက်ထက်တွင် ပေးထားခဲ့သော စက်ပစ္စည်း(ဘူဒိုဇာအပါအဝင်) တို့ကို ပြန်လည်သိမ်းဆည်းခဲ့ပါတယ်။ အစိုးရဟောင်းများ လက်ထက်က ပေးခဲ့တာဖြစ်ပြီး ခု အစိုးရသစ်က ပြန်လည်သိမ်းယူခဲ့တာဖြစ်ကြောင်း ပြောခဲ့တယ်လို့သိရပါတယ်။ ကယန်းပြည်သစ်ပါတီသည် ၁၉၉၄ ခုနှစ် ဇူလိုင်လမှာ အပစ်အခတ်ရပ်စဲခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ဖြစ်ပါတယ်။
ဖေါ်ပြပါဖြစ်စဉ်များအရ နအဖ၏ အပစ်အခတ် ရပ်စဲရေးသည် အတုအယောင်သာဖြစ်ပြီး ၂၀၀၈ အခြေခံ ဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲတို့၏ အစိုးရသစ်သည်လည်း စစ်အုပ်စု၏ ရုပ်သေးအစိုးရသာဖြစ်ကြောင်း ထင်ရှားနေ ပါတယ်။ ၂၀၀၈ အခြေခံဥပဒေသည် စစ်အုပ်စု၏ အကျိုးစီးပွားကိုသာ ကာကွယ် သွားမှာဖြစ်ပြီး တိုင်းရင်းသား လူမျိုး စုများ အတွက် ရသင့်ရထိုက်သော အခွင့်အရေးများ နှင့် အကျိုးစီးပွားတို့ကို အာမ မခံသည့်အပြင် ဖိနှိပ်ချေမှုန်း ရေးကိုသာ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။
အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး၏ မျှော်လင့်ချက်သည်လည်း လုံးဝ မှေးမှိန် ပျောက်ကွယ်နေမည်ဖြစ်ပါတယ်။ စစ်အုပ်စု ရုပ်သေး အစိုးရသစ်၏ ခေါင်းဆောင် ဦးသိန်းစိန် မိန့်ခွန်းပါ ခေတ်မီဖွံ့ဖြိုးတိုးတက်သော အနာဂတ် ဒီမိုကရေစီ နိုင်ငံတော်သစ်ကို အထက်ပါ အတိုင်း ဖိအားပေး၊ စစ်ရေး နည်းဖြင့် ဖြေရှင်း တည်ဆောက်မည်ဆိုပါက မည်သည့်နည်းနှင့်မျှ ရောက်ရှိနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ရှေ့တွင် အတုအယောင် အပစ်အခတ်ရပ်စဲရေးကြောင့် ငြိမ်သက်သွားပြီဟု ထင်ခဲ့ရသော ပြည် တွင်းစစ် မီးတောက်မီးလျှံသည် အရှိန်အဟုန်ကြီးမားစွာ ပြန်လည်တောက်လောင် လာနိုင်ကြောင်း ဖေါ်ပြပါ ဖြစ်စဉ်များ က မီးမောင်းထိုးပြလျက် ရှိပါကြောင်း သုံးသပ်တင်ပြလိုက်ပါတယ်။
သုတေသန နှင့် မှတ်တမ်းဌာန
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်)
ရက်စွဲ ။ ။ ၂၀၁၁ ခုနှစ် ဇွန်လ (၂၂) ရက်။