CNF နှင့် အစိုးရတို့သည် ဇန်နဝါရီလ ၆ ရက်နေ့က အချက် (၉)ချက်ပါသော သဘောတူညီစာချုပ်ကို ချုပ်ဆိုခဲ့ကြပြီး ယင်း စာချုပ်ထဲတွင် CNF ၏ဆက်သွယ်ရေးရုံးကို တီးတိန်၊ ထန်တလန် နှင့် ပလက်ဝ မြို့နယ်တွင် ထားရှိရန်ဟု ပါရှိသည်။
တီးတိန်မြို့နယ်တွင် CNF ဆက်သွယ်ရေးရုံးထားရှိမည့်ကိစ္စကို ကန့်ကွက်သည့်အနေဖြင့် တီးတိန်မြို့ရှိ လူငယ်ခေါင်းဆောင် တချို့က ပြည်သူလူထု၏ လက်မှတ်များကို ကောက်ခံနေသည်ဟု တီးတိန် လူငယ် ခေါင်းဆောင်တဦးကပြောသည်။
“ CNF ကို လူတော့မုန်းတာမဟုတ်ဘူး၊ သူတို့ရဲ့အဖွဲ့စည်းတွေပေါ့၊ အရင်တုန်းကဆိုရင် CNF က ဒီဘက်မှာ သောင်းကျန်း တာများလို့ ပေါ့၊ ဆက်ဆံရေးရုံးတွေဘာတွေဖွင့်လို့ရှိရင် အပြင်မှာ ရှိနေတဲ့ အချိန်တုန်းကလည်း ဒုက္ခရောက်ကျတယ်၊ အခု အတွင်းမှာ ရှိမယ် ဆိုရင် ပိုပြီးဒုက္ခရောက်မယ်ဆိုပြီး ပြည်သူလူထုက လည်းယူဆ လို့” ဟု သူကပြောသည်။
လက်မှတ်ကောက်ခံမှုကို တီးတိန်မြို့အပြင် ဇိုမီးအမျိုးသားများနေထိုင်သော တွန်းဇံ၊ ကလေးမြို့ နှင့် ရန်ကုန်မြို့ တို့တွင် လည်း လုပ်ဆောင်နေသည်ဟုသိရသည်။
ထို့အပြင် ပြည်ပရှိ ဇိုမီးအမျိူးသားများကလည်း ကန့်ကွက်လက်မှတ်ရေးထိုးကြမည်ဟု သိရပြီး အင်တာနက် အွန်လိုင်းပေါ် ၌ ကန့်ကွက်လက်မှတ်ရေးထိုးနိုင်မည့် စာမျက်နှာတခုပြုလုပ်ထားသည်ဟု Zogam Post အင်တာနက်စာမျက်နှာတွင်ဖော် ပြထားသည်။
ကျေးရွာအုပ်စုပေါင်း ၅၀ ကျော်ရှိသည့် တီးတိန်မြို့နယ်အတွင်း အုပ်စု ၃၀ ကျော်တွင် လက်မှတ်များကို ကောက်ခံပြီးပြီဟု သိရပြီး ယခုဖေဖော်ဝါရီလအတွင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နဲ့ ချင်းပြည်နယ် ၀န်ကြီးချုပ် ဦးဟုန်းဟိုင်းထံသို့ တင်ပြ မည်ဖြစ်ကြောင်း သိရသည်။
ယခုကိစ္စနှင့် ပတ်သက်ပြီး CNF လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ်(၁) ပူးပေါလ်စီထာက “ ဒီကိစ္စနဲ့ ပတ်သက် လို့ Voice of Zomi ကနေ ရေးသားထုတ်လွှင့်တာကိုဖတ်တဲ့အပြင် အခြားသိရှိ ရတာမရှိဘူး၊ လက်နက်ကိုင် တော်လှန် ရေးကြောင့် ပြည်သူအများ ဒုက္ခအမျိုးမျိုးနဲ့ ကြုံတွေ့တာ အမှန်ပါပဲ၊ CNF လှုပ်ရှားမှု ကြောင့် အပြစ်မဲ့ပြည်သူတွေ စစ်အစိုး ရက နှစ်ရှည်ထောင်ဒဏ်ချတာတွေ၊ ညှဉ်းပန်းနှိပ်စက်တာ တွေနဲ့ သတ်ပစ်ခဲ့တာတွေလည်း ချင်းပြည်အနှံ့မှာ ရှိခဲ့တယ်။ ချင်းပြည်အတွင်း သတင်းစာ၊ တယ်လီဖုန်းစတဲ့ မီဒီယာသုံးတွေမရှိတော့ တနယ်မှာဖြစ်ပျက်တာကို အခြားတနယ်က မသိနိုင်တဲ့အခါမှာ ၄င်းတို့သက်ဆိုင်ရာ ဒေသမှာ ဖြစ်ပျက်တာကို ကွက်ပြီး ထင်ကြမြင်ကြတတ်ပါတယ်။ အဖြစ်အပျက်အား လုံးကို ချင်းပြည်တပြည် လုံးအတိုင်းအတာနဲ့ကြည့်တတ်ဖို့လိုပါတယ်” ဟု ပြောသည်။
ဆက်လက်ပြီး “ ကျနော်တို့က ၁၉၉၀ခုနှစ်လောက်စပြီး ချင်းပြည်နယ်မှာရှိတဲ့ အိမ်ထောင်တိုင်းဆီမှာ အလှူငွေ ကောက် ခံခဲ့ပါတယ်။ ၂၀၀၈ခုနှစ်အထိပေါ့။ ဒါလဲ ချင်းပြည်တပြည်လုံးမှာကောက်ခံတာပါ။ တချို့မြို့နယ်ကို ချန်လှပ်ထားပြီး ကောက်ခံမှုတွေ မလုပ်ဖူးပါဘူး။ တီးတိန် နဲ့ တွန်းဇံမြို့နယ်ဒေသခံ တွေက အခုလိုမျိုး ကန့်ကွက်မှုကို တခါတည်း မလုပ်ပဲနဲ့ အမျိုးသားအကျိုးကို ငဲ့ညှာပြီး အချင်းချင်း ကြား မကျေနပ်ခဲ့တာတွေ နားလည်မှုလွဲခဲ့တာတွေကို ခေါင်းချင်းဆိုင် ဆွေးနွေးဖြေရှင်းဖို့ကို အလေး ပေးစေချင်တယ်။ ဒီလိုလုပ်သွား ကြရင် ကျနော်တို့ အချင်းချင်းကြားမှာ ဖြေရှင်းလို့မရတဲ့ အရာ ရှိမယ် မထင်ဘူး” ဟု ပြောသည်။
ဇန္နဝါရီလ ၅- ၆ ရက်နေ့ ပြည်နယ်အဆင့် ပမာဏ ငြိမ်းချမ်းရေး သဘောတူညီချက်ထဲတွင် ချင်း ပြည်နယ် မြောက်ပိုင်းတွင် ဘိန်းခင်း၊ ဘိန်းလုပ်ငန်းများ၊ ဘိန်းကုန်ကူးခြင်းများကို အမြစ်ပြုတ်ခြေ မှုန်းရေး ပူးပေါင်းလုပ် ဆောင်သွားမည်ဟု ပါရှိသည်။
http://burmese.bnionline.net/index.php/news/khonumthung/9693--cnf--.html