ချင်းမိုင်(မဇ္စျိမ) ။ ။ သမ္မတ ဦးသိန်းစိန်အနေဖြင့် ဒီမိုကရေစီလမ်းကြောင်း တည်ဆောက်နေသည်ဟု ဆိုသော်လည်း ကချင်ပြည်နယ်အတွင်းမှာမူ အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့အကြား ယနေ့ထိ တိုက်ပွဲများ ဖြစ်ပွားနေ သဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်ဟု ကျောင်းသားတပ်မတော် က ပြောဆိုလိုက်သည်။
ယနေ့ ကျရောက်သော ရှစ်လေးလုံး ၂၄ နှစ်ပြည့် အထိမ်းအမှတ်နေ့တွင် ကချင်ပြည်နယ် မြောက်ပိုင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF (မြန်မာပြည်မြောက်ပိုင်း)မှ အလုပ်အဖွဲ့ ခေါင်းဆောင် ဦးလဆိုင်းက ပြောဆိုလိုက်သည်။
“ဒီကနေ့ ကျနော်တို့နိုင်ငံမှာ ရှစ်လေးလုံး အရေးတော်ပုံက သင်ခန်းစာတွေကို ထုတ်နုတ်ပြီးတော့ ဒီကနေ့ ဖြစ်ပေါ်နေတဲ့ သမ္မတ ဦးသိန်းစိန်အစိုးရက ငြိမ်းချမ်းတဲ့ တိုင်းပြည်ကြီး တည်ဆောက်နေပါတယ်၊ ဒီမိုကရေစီ နိုင်ငံတော်ကြီး ဖြစ်နေပါ တယ်လို့ ကြွေးကြော်နေပေမယ့် လက်တွေ့ဘဝမှာ အဲဒီ ကြွေးကြော်မှုနဲ့ တခြားစီ ဖြစ်နေတယ် ဆိုတာကို အခမ်းအနား မှာ မီးမောင်းထိုးပြတယ်”ဟု မဇ္စျိမကို ပြောသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီတွင် သမ္မတ၊ ဒု-သမ္မတများ ပါဝင်၍ ဖွဲ့စည်းထားသော်လည်း ကချင်ပြည်နယ်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည့်အပေါ် အစိုးရအား အယုံအကြည်မရှိကြောင်း
ကျောင်းသား တပ်မတော်မှ စစ်ရေးတာဝန်ခံ ဦးအောင်ဆွေဦး က ပြောသည်။
“ဒီနေ့ ဦးသိန်းစိန်အစိုးရကနေ သွားနေတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်အပေါ်မှာ ကျနော်တို့ ကျောင်းသားတပ်မတော် အနေနဲ့
တော့ လုံးဝ အယုံအကြည် မရှိဘူး။ ငြိမ်းချမ်းရေးလမ်းစဉ် ဖော်ဆောင်တဲ့ဟာ စေတနာ မပါဘူး။ ရိုးသားမှု မရှိဘူးလို့ ပွင့်ပွင့်လင်းလင်း ပြည်သူလူထုကို ပြောလိုက်တယ်။ တကယ်တမ်း ငြိမ်းချမ်းချင်တဲ့ စိတ်နဲ့လုပ်တယ်ဆိုရင် သိပ်ခက်ခဲ တာမှ မဟုတ်တာ။ ငြိမ်းချမ်းရေး လုပ်တာက အစိုးရနဲ့ စစ်တပ်နဲ့က သီးခြားစီ လုပ်နေသလို ဖြစ်နေသလား” ဟု ပြောသည်။
အဓိကအားဖြင့် လက်ရှိ ကချင်စစ်ပြေးဒုက္ခသည်များအား ရှစ်လေးလုံး အရေးတော်ပုံအား နားလည် သဘောပေါက်စေ ရန်နှင့် ယနေ့ ဖြစ်ပျက်နေသည့် ပြည်တွင်းစစ်သည်လည်း ငြိမ်းချမ်းရေးမရနိုင်ခြင်းအကြောင်းများကို ရှင်းပြလိုခြင်း
ကြောင့် ယနေ့ ရှစ်လေးလုံး အခမ်းအနားကို ကျင်းပရခြင်း ဖြစ်သည်ဟု သူက ဆက်ပြောသည်။
အခမ်းအနားတွင် ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲ ၏ သဝဏ်လွှာနှင့် မဟာမိတ်များဖြစ်သော ရခိုင်တပ်မတော်၊ ပလောင် အစည်းအရုံး၊ KIO တို့၏ သဝဏ်လွှာများ ဖတ်ကြားခဲ့သည်။
ပြည်သူလူထု၏ ၁၉၈၈ ဒီမိုကရေစီ တောင်းဆိုအုံကြွမှုအား စစ်တပ်မှ အကြမ်းဖက် ဖြိုခွင်းလိုက်ပြီးနောက် လက်နက်ကိုင်
တော်လှန်ရေးလုပ်ရန် နယ်စပ်ဒေသများသို့ ကျောင်းသားလူငယ်များ ထောင်နှင့်ချီ၍ ရောက်ရှိသွားခဲ့ကြသည်။
ထိုအထဲမှ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် KIO ထိန်းချုပ်နယ်မြေသို့ ရောက်ရှိလာကြသော ကျောင်းသား လူငယ်များက ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း) ABSDF (NB)ကို ၁၉၈၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ကြ သည်။
KIO နှင့် အစိုးရတို့အကြား အပစ်အခတ် ရပ်စဲခဲ့ပြီးနောက် ၁၉၉၄ ခုနှစ် နောက်ပိုင်းတွင် ABSDF (NB)တပ်ဖွဲ့များ ထိုနယ်မြေမှ ထွက်ခွါပေးခဲ့ရပြီး ၂ဝ၁၁ ခုနှစ်တွင်မှ အစိုးရနှင့် KIO တို့အကြား တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့သဖြင့် အင်အား ၁ဝဝ ကျော်ဖြင့် ABSDF (NB)ကို ပြန်လည် စုစည်းခဲ့ခြင်း ဖြစ်သည်။
၈၈၈၈ အခမ်းအနားကို လိုင်ဇာမြို့အထက် ငါးမိုင်အကွာရှိ ABSDF (NB) ဌာနချုပ် လခွမ်းဘွမ် lahkum bum တွင် ကျင်းပပြုလုပ်ခဲ့ရာ မဟာမိတ် အဖွဲ့မှ အရာရှိများ၊ စစ်ပြေး ဒုက္ခသည်များ၊ ကျောင်းသားလူငယ်များ စုစုပေါင်း ၂ဝဝ ကျော် တက်ရောက်ခဲ့သည်ဟု သိရသည်။
မြို့ပေါ်များတွင်လည်း ရှစ်လေးလုံး အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားများကို မန္တလေး၊ ရန်ကုန်နှင့် နယ်မြို့ အသီးသီးတွင် ကျင်းပခဲ့ကြသည်။
ယနေ့တွင်ပင် KIO ၏ တပ်မဟာ ၃ နယ်မြေ မြစ်ကြီးနား-လိုင်ဇာကားလမ်းပေါ်ရှိ ဂျာပူနှင့် ဂန်ဒေါင်ယန်ကြားတွင်
မြန်မာအစိုးရနှင့် KIO တပ်များအကြား တိုက်ပွဲများ တနေကုန် ဖြစ်ပွားနေသည်ဟု ဦးလဆိုင်းက ပြောသည်။
ဆဒုံး-စကာပါ အကြားရှိ KIO ၏ တပ်မဟာ ၅ လက်အောက်ခံ ရှေ့တန်းစခန်း လုထော်ပိုစ့်အား မြန်မာအစိုးရ၏ တပ်မ ရ၇၊ ၉၉ တပ်ဖွဲ့များ အလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု ပြောသည်။
http://www.mizzimaburmese.com/news/inside-burma/9828-2012-08-08-15-01-31.html