အစိုးရတပ်နဲ့ KIA တပ်တွေ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကျောက်စိမ်းကုမ္ပဏီတစ်ခုက ကျောက်စိမ်းတူးဖော်ရာမှာ အသုံးပြုဖို့ သိုလှောင်ထားတဲ့ ယမ်းဂိုဒေါင်တစ်ခု မနေ့က မီးလောင်ပြီး ပြင်းထန်စွာ ပေါက်ကွဲခဲ့တဲ့ အတွက် ဒေသခံ ပြည်သူတွေကြားမှာ ထိတ်လန့် တုန်လှုပ်မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဖားကန့် ကုလားမှော် ကျေးရွာအနီးမှာရှိတဲ့ “ဝေ" ကျောက်မျက်ကုမ္ပဏီနားမှာ အစိုးရတပ်နဲ့ KIA တပ်တွေ တိုက်ပွဲဖြစ်နေချိန် KIA ဘက်က ပစ်လိုက်တဲ့ လက်နက်ထိမှန်ပြီး အခုလို ပေါက်ကွဲခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို အခုလိုပြောပါတယ်။
"မနေ့က မွန်းလွဲ တစ်နာရီ ကျော်ကျော်လောက်ကနေ လက်နက်ကြီးတွေနဲ့ နှစ်ဖက်တပ်တွေ ပစ်ကြတယ်။ ပစ်ကြခတ်ကြရင်းနဲ့ သုံးနာရီ ကျော်ကျော်လောက်မှာ KIA ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးက ကုမ္ပဏီရဲ့ ဆီဘောက်ဆာကို သွားထိပြီး ဆီဘောက်ဆာ မီးလောင်ပြီးမှ ကုမ္ပဏီကထားတဲ့ ယမ်းဂိုဒေါင်ပေါက်ကွဲသွားတဲ့ နောက်ပိုင်းမှာ ဖားကန့်တစ်မြို့လုံးမှာရှိတဲ့ လူတွေက အထိတ်အလန့်နဲ့ လူတွေအားလုံးက အကုန်ပြာယာခတ်ပြီးမှ ကိုယ့်ရဲ့ဘေးမှာပဲ ဖြစ်သလိုလို အနေအထားမျိုးနဲ့ သူတို့ တွေဟာအကုန်လုံး ကျီးလန့်စာစားနဲ့ အဲတာ ၃ နာရီကျော်လောက်မှာ ဖြစ်သွားတာ"
ဒီပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူတွေကို ထိခိုက်မှုမရှိခဲ့ပေမဲ့ အဆောက်အဦးတချို့ ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။ ဖားကန့်ဒေသမှာ နှစ်ဖက်တိုက်ပွဲကြောင့် အခုလို ပြင်းထန်တဲ့ ပေါက်ကွဲမှု ဖြစ်ပွားမှုဟာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲတွေကြောင့် နယ်မြေမလုံခြုံတဲ့အတွက် ဖားကန့်ဒေသက ဘုန်းတော်ကြီးကျောင်းတွေနဲ့ ခရစ်ယာန် ကျောင်းတွေက ဒုက္ခသည်စခန်း ၃၀ လောက်မှာ စစ်ပြေးစစ်ရှောင် ပြည်သူ တစ်သောင်းနီးပါး ရောက်ရှိနေပါတယ်။
http://www.rfa.org/burmese/news/kia-government-troop-explosion-08302012202520.html