နေပြည်တော်မှာ ကျင်းပ ရခြင်းက နှစ်ဖက်တပ်တွေ အပစ်လျှော့ပြီး နောက်ပိုင်း ရပ်စဲဖို့ အထိ ဆွေးနွေးမှာ ဖြစ်လို့ သမ္မတကြီးက ယုံကြည်မှု တည်ဆောက်တဲ့ အပိုင်း နဲ့ ရိုးသားမှု ကိုလည်း ပြတဲ့ လက္ခဏာ လို့ ဦးလှမောင်ရွှေ က ပြောပါတယ်။
ဒါပေမယ့် သမ္မတကြီး ကိုယ်တိုင် ဒီဆွေးနွေးပွဲ ကို တက်မယ်လို့ မပြောနိုင်ဘဲ ဆွေးနွေးပွဲ ပြီးတဲ့ အခါမှ သမ္မတကြီး KIA နဲ့ တွေ့ကောင်း တွေ့မယ်လို့ ဆိုပါတယ်။
အကြောင်း ကတော့ KNU နဲ့ ဆွေးနွေးစဉ် ကလည်း အပစ်အခတ် ရပ်စဲခဲ့တယ်၊ ပြီးမှ သမ္မတကြီး နဲ့ တွေ့တဲ့ အဆင့် ရောက်ခဲ့လို့ KIA နဲ့ လည်း တွေ့ဖွယ်ရှိတယ် လို့ ပြောပါတယ်။
ဒါကြောင့်မို့ နေပြည်တော် မှာ ဆွေးနွေးပွဲ ပြုလုပ်ခြင်းဟာ နေရာပေးရုံ သက်သက် မဟုတ်ပဲ ငြိမ်းချမ်းရေး ကို လိုလားရာက ဆွေးနွေးပွဲ အပြီးမှာ တာဝန်ရှိသူ တွေ နဲ့ တွေ့နိုင်တဲ့ အခွင့်အရေး သဘောဆောင် ကြောင်း ဦးလှမောင်ရွှေ က ရှင်းပြပါတယ်။
http://www.bbc.co.uk/burmese/burma/2012/09/120914_kia_naypyidaw.shtml
KIO နဲ့ နေပြည်တော်မှာ ဆွေးနွေးဖို့ သမ္မတဖိတ်ခေါ်
မြန်မာသမ္မတဦးသိန်းစိန်အနေနဲ့ကချင်နဲ့ စေ့စပ်ရေးအတွက် ဆွေးနွေးမဲ့နေရာ သတ်မှတ်ဖို့ အခက်အခဲရှိနေရင် နေပြည်တော်မှာ လာဆွေးနွေးဖို့ သူကိုယ်တိုင်လည်း တာဝန်ခံတွေ့မယ်လို့ ကေအိုင်အိုကို ဂျူလိုင်လကတည်းက ဖိတ်ခေါ်ခဲ့ပေမဲ့ အခုအချိန်အထိ အကြောင်းမပြန်သေးဘူးလို့ မြန်မာသမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးက ဆိုပါတယ်။
"မဟုတ်ဘူး။ ကျနော်တို့ကခေါ်တယ်။ ဟိုဖက်ရွှေ့ ဒီဖက်ရွှေ့ အဆင်မပြေဘူး။ အဲ့ဒီတော့ နောက်ဆုံးသမ္မတကြီးက ပြောလိုက်တယ်။ အဲဒီလိုဆိုရင် နေပြည်တော်လာခဲ့ အားလုံးတာဝန်ယူတယ်။ နေပြည်တော်မှာ သူနဲ့တွေ့မယ် ဆိုပြီးတော့ခေါ်တယ် ဟိုဖက်က အကြောင်းမပြန်သေးဘူး။"
ဦးဇော်ဌေးကပဲ ကေအိုင်အိုကို အခုလို ဆက်သွယ်တာကို ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုဥက္ကဌနဲ့ လက်ရှိသမ္မတရုံးဝန်ကြီးဦးအောင်မင်း ကိုယ်တိုင်ပို့ ခဲ့ပြီး ဆက်သွယ်ရေး လမ်းကြောင်းလည်း ကောင်းကောင်းရှိနေပေမဲ့ အခုအချိန်အထိ ကေအိုင်အိုဖက်က အကြောင်းမပြန်သေးဘူးလို့ ဦးဇော်ဌေးက ဆက်ပြောပါတယ်။
"ပြောရရင်တော့ ဦးအောင်မင်းက အဲ့ဒီ့မက်ဆေ့စ်ချ်ကို ကေအိုင်အို ကေအိုင်အေကို ပို့တယ်။ ပို့တော့ အကြောင်းမပြန်သေးဘူးလို့သိရတယ်။"
တကယ်တော့ ကေအိုင်အိုခေါင်းဆောင်တွေနဲ့ ဝန်ကြီးဦးအောင်မင်းအကြားမှာ အရင်ထိုင်းနဲ့ တရုတ်နယ်စပ်တွေမှာ ဆွေးနွေးခဲ့ရာမှာ ကေအိုင်အိုဘက်က နိုင်ငံရေးဆွေးနွေးဖို့နဲ့ မြန်မာစစ်တပ်ဖက်က ပြန်ဆုတ်ရေးတွေကို တောင်းဆိုခဲ့ပေမဲ့ အကြောင်းမထူးသေးတာက ဒီကိစ္စမှာ ကေအိုင်အိုဘက်က အကြောင်းမပြန်ရတဲ့ အဓိကကိစ္စဖြစ်နိုင်တယ်။ ကချင်ဖက်က မြန်မာအစိုးရထိန်းချုပ်တဲ့ နယ်မြေထဲမှာ မဆွေးနွေးချင်တာ တစ်ခုတင်မဟုတ်ဘူးလို့ ကချင်အရေးသုံးသပ်သူ ကချင်သတင်းစဉ်က အယ်ဒီတာကိုနော်ဒင်းက ဆိုပါတယ်။
"အကြိမ်ကြိမ်နိုင်ငံရေးကိစ္စဆွေးနွေးဖို့အတွက် အစိုးရကို သမ္မတသိန်းစိန်ဆီကို သူတို့က ရှင်းရှင်းလင်းလင်း သူတို့ တင်ပြခဲ့တယ်။ အရင်က ဦးအောင်သောင်း ဦးဆောင်တဲ့ငြိမ်းချမ်းရေး အဖွဲ့နဲ့ ရွှေလီမှာ တွေ့ဆုံတဲ့ အချိန်မှာလည်း သူတို့ပြောတဲ့ ဒီလမ်းပြမြေပုံပေါ့။ နိုင်ငံရေးပြဿနာကို ဘယ်လိုဖြေရှင်းမယ်ဆိုတဲ့ အဲဒီဟာမျိုးကိုလည်း သူတို့ရှင်းရှင်းလင်းလင်း တန်ဖိုးထားခဲ့တယ်။
ဒါပေမဲ့ ဦးအောင်မင်းနဲ့ သုံးကြိမ် တွေ့ဆုံတဲ့အချိန်အထိ အစိုးရကငြိမ်းချမ်းရေးကို မလိုလားဘူး။ နိုင်ငံရေး ဆွေးနွေးဖို့ကိုလည်း အပေါ်ယံပဲ သူတို့လုပ်တယ်။ တကယ်လိုတဲ့ အချက်မပြောဘူး။ ကေအိုင်အိုဘက် ကတော့ အဲဒီလိုမျိုး သုံးသပ်ထားတော့ နိုင်ငံရေးဆွေးနွေးမယ်ဆိုလို့ရှိရင်တော့ ကေအိုင်အိုက လိုလားနေတာကို ကျနော်တို့သိရတယ်။
ဒါပေမယ့် ကေအိုင်အို ကတော့ ရှင်းရှင်းလင်းလင်းပဲ ပြောထားတယ်။ ဆွေးနွေးမယ်ဆိုရင်လည်းပဲ တိုင်းရင်းသားတွေ ပေါင်းစုံ ပါဝင်ပြီးမှပဲ နိုင်ငံရေးပြဿနာကို ဆွေးနွေးပြီးမှ ဖြေရှင်းရမယ်။ ကေအိုင်အို တစ်ဖွဲ့ နဲ့ ဒီနှစ်ဘက်ထဲ ဆွေးနွေးတဲ့ပုံစံနဲ့ မရဘူးဆိုတဲ့ အပိုင်းတွေကို ကေအိုင်အိုဘက်က ရှင်းရှင်းလင်းလင်း ပြောထားတာ ရှိတယ်။ သို့သော်လည်း ပထမအဆင့်အနေနဲ့က ဒီစစ်တပ်ပေါ့၊ စစ်တပ်ကို နောက်ဆုတ်ပေးဖို့ က ကေအိုင်အိုက ပထမတောင်းဆိုထားတယ်။"
ဒါပေမယ့်အမည်မဖော်လိုတဲ့ ကချင်ကိစ္စငြိမ်းချမ်းရေးအကျိုးဆောင်တစ်ဦးက ပြောတာကတော့ နိုင်ငံရေးဆွေးနွေးဖို့က နောက်တစ်ဆင့်ဖြစ်တယ်။ အခုလောလောဆယ်က အပစ်အခပ်ရပ်စဲရေး သဘောတူဖို့လိုတယ်။ ဦးအောင်မင်းအနေနဲ့ စစ်ရေးကိစ္စတွေကို အာမခံဖို့ခက်တာကြောင့် ဒုကာကွယ်ရေးဦးစီးချုပ်နဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒုဥက္ကဌဗိုလ်ချုပ်ကြီးစိုးဝင်းအနေနဲ့ တရုပ်ပြည်ဘက် ခရီးသွားလာဖို့ အခက်အခဲဖြစ်နေလို့ အခုလိုနေပြည်တော်အထိ ဖိတ်ခေါ်အောင် သမ္မတကို ပြောခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
တကယ်တော့ ကေအိုင်အို ကချင်လွတ်လပ်ရေးအဖွဲ့အနေနဲ့ မြန်မာအစိုးရနဲ့ ၁၉၉၄ကစပြီး အပစ်အခတ် ရပ်စဲရေး သဘောတူညီခဲ့ပေမဲ့ ၂၀၁၀ရွေးကောက်ပွဲမတိုင်ခင်မှာ မြန်မာအစိုးရဘက်က နယ်ခြားစောင့် တပ်ဖွဲ့ တွေကို လက်မခံခဲ့အပြီးမှာ ဒီအပစ်အခပ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြယ်ခဲ့ အပြီး ၂၀၁၁- ဦးသိန်းစိန် အစိုးရအသစ် တက်လာချိန်မှာတော့ စစ်ပွဲတွေပြန်ဖြစ် လာခဲ့တာဖြစ်ပါတယ်။
ဒါကြောင့်မို့ ကေအိုင်အိုဘက်က အခုတစ်ခေါက်မှာ အပစ်အခပ်ရပ်စဲရေး သာမကဘဲ နိုင်ငံရေး သဘောတူညီချက် ပါရနိုင်ဖို့ ကြိုးစားနေကြတာ ဖြစ်တယ်လို့ ကချင်သုံးသပ်သူတွေက ဆိုနေကြပါတယ်။