“မနေ့က ကျနော်တို့ လိုင်ဇာ ဗဟိုဌာနချုပ်နဲ့ ၁၀ မိုင်ကျော် အကွာမှာ ရှိတဲ့ ဒေ့ါဖုန်းယန် ရွာဘက်မှာ အစိုးရ တပ်ဖွဲ့နဲ့ ကျနော်တို့ တပ်ဖွဲ့ တိုက်ပွဲငယ် ဖြစ်ခဲ့တယ်။ မနက် (၅း၃၀) နာရီ အချိန် ကနေ နေ့လည် အထိ အစိုးရ အမြောက်တပ်ဖွဲ့ ကနေ ၁၀၅ မမ နဲ့ အကြိမ် (၂၀) ပစ်ခတ်သွားတယ်” ဟု ဆိုပါသည်။
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဒေ့ါဖုန်းယန်မှ (၃) မိုင်အကွာရှိ ဒိန်ဂါယန် (Dingga Yang) တွင် တပ်ချ ထားသော မြန်မာ အစိုးရ၏ ခလရ (၁၄၂) နှင့် ကချင်ပြည် လွတ်လပ်ရေး တပ်ဖွဲ့ KIA တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၂၄) ကြား ယမာန်နေ့ နနံက် (၅း၃၀) နာရီချိန်တွင် တိုက်ပွဲငယ် ဖြစ်ပွား ခဲ့ရာက အစိုးရ တပ်ဘက်မှ ယခု ကဲ့သို့ ၁၀၅ မမ လက်နက် ကြီးဖြင့် အကြိမ် (၂၀) ခန့် အသုံးပြု ပစ်ခတ်သွားခြင်း ဖြစ်သည်။
၄င်းအပြင် ညနေ (၇) နာရီ ဝန်းကျင်၌လည်း လိုင်ဇာ ဗဟိုဌာနချုပ်နှင့် (၁၀) မိုင်ခန့် ဝေးသည့် ဒက်ဇာပါကေ့ ကျေးရွာ ၌လည်း ဂန်တောင်ယန်ှရှိ အစိုးရ အမြောက်တပ်မှ ၁၀၅ မမ လက်နက် ကြီးဖြင့် ပစ်ခတ် ခဲ့ပါသည်။
“ရွာထဲမှာ လက်နက်ကြီး (၃) လုံး ကျတယ်၊ အဲဒီ ရွာဟာ ဘယ်သူမှ မရှိတော့ဘူး၊ ရွာသား တွေက ဒုက္ခသည် စခန်းတွင်း ရောက်ကုန်ပြီ” ဟု ဦးလနန်းမှ ဆိုပါသည်။
အစိုးရ တပ်မှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များနှင့် တိုက်ပွဲများ ပြင်းထန် လာသည့် အခါ အထက်ပါ အတိုင်း ပစ်ရှင်း စနစ်ဖြင့် လက်နက် ကြီးများကို အသုံးပြု၍ ပစ်ခတ်လေ့ ရှိပါသည်။
စက်တင် ဘာလ (၁၆) ရက်နေ့ တွင် ဗန်းမော် ခရိုင်ဘက်မှ အစိုးရ တပ်အင်အား (၈၀) ခန့် ရှိသော စစ်ကား (၄) စီးဖြင့် နွမ်လန် ရွာတွင်း၌ တပ်စွဲ ထားသည့် ခမရ (၄၃၈) သို့ အင်အား ထပ်ဖြည့် ရာမှ စက်တင်ဘာလ (၁၇) ရက်နေ့တွင် ကချင်ပြည်နယ် KIA တပ်မဟာ (၅) နယ်မြေ ဖြစ်သော မြစ်ကြီးနား လိုင်ဇာလမ်း လဂျားယန် အနီး Lung Rawk Post သို့ တက်လာသော မြန်မာ အစိုးရ တပ်ဖွဲ့တို့နှင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သည်။
လက်ရှိ အထိ ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ KIO အား မြန်မာ အစိုးရမှ တစ်ဖက်၌ ထိုးစစ်ဆင်မှု ပြုလုပ်ပြီး အခြား တဖက်၌ အပစ်အခတ် ရပ်စဲ ရေးကို ခေါ်ဆိုိဆဲ ဖြစ်ပါသည်။ ယနေ့၌ ကချင်ပြည်နယ်၊ ပရန်ငေါန် ဒေသတွင် Justice and Negotiation Centre ရုံးအား KIO နှင့် အစိုးရတို့ သဘောတူ ဖွင့်လှစ် ခဲ့ပါသည်။
အလားတူ ယနေ့ ၌လည်း အစိုးရတပ်၏ အားဖြည့် တပ်ကူများ ဖားကန့် ဒေသဘက်သို့ ထပ်မံ ရောက်ရှိ နေပြီဖြစ်ပြီး တိုက်ပွဲ ကြီးများ ဖြစ်ပွားမည်ကို ဒေသခံများမှ စိုးရိမ်လျက် ရှိသည်။
http://www.phophtaw.org/burmese/index.php/news/local-news/2122-2012-09-18-12-35-37.html