ပြည်တွင်းငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရာတွင် ယုံကြည်စိတ်ချရသည့် အဖွဲ့စည်း၊ လူပုဂ္ဂိုလ်များ၏ ရှေ့မှောက်တွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)/(KIO) မှ တောင်းဆိုထားကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ယက်အဖွဲ့ထံ မှ သိရသည်။
ကချင်ငြိမ်းချမ်းရေးကွန်ယက်၊ နာရေးကူညီမှုအသင်း၊ Rain Fall နှင့် အဖြူရောင်တွဲလက်များ အစရှိသည့် အဖွဲ့အစည်းများသည် တိုက်ပွဲများဖြစ်ပွားနေသည့် ကချင်ဒေသသို့ သြဂုတ်လ ၁၂ ရက်မှ ၂၂ ရက်နေ့အထိ သွားရောက်လေ့လာခဲ့ပြီး (KIA)/(KIO) တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် (KIA)/(KIO) တာဝန်ရှိသူများက ပြောကြားခဲ့ခြင်းဖြစ်သည်။
ကချင်ငြိမ်းချမ်းရေး ကွန်ယက်နှင့်အတူ ကချင်ဒေသ ခရီးစဉ်တွင် လိုက်ပါသွားခဲ့သည့် မဇင်မာအောင် (Rainfall) က “ကေအိုင်အေ၊ ကေအိုင်အိုတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တဲ့နေရာမှာ သူတို့ဘက်က ဒီတစ်ကြိမ် ဆွေးနွေးပွဲလုပ်ရင် ပိုပြီးပွင့်လင်းမြင်သာမှုရှိုဖို့ ယုံကြည်စိတ်ချရတဲ့ အဖွဲ့စည်း၊ လူပုဂ္ဂိလ်တွေရဲ့ရှေ့မှာ ဆွေးနွေးပွဲ ပြုလုပ်ချင်တယ်လို့ ကေအိုင်အေ တာဝန်ရှိသူတွေက ပြောပါတယ်” ဟု မြန်မာပို့စ် ဂလိုဘယ်သို့ပြောသည်။
ထို့ပြင် နိုင်ငံတကာ စောင့်ကြည့်လေ့လာသူများဖြစ်စေ၊ ငြိမ်းချမ်းမှုကို အမှန်တကယ်လိုလားသူ သမ္မစိတ္တရှိပြီး မျှတသည့် သဘောထားရှိသည့် လူပုဂ္ဂိုလ်များ၊ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရာတွင်ပါ၀င်လာပါက လက်ကမ်းကြိုဆိုနေမည် ဖြစ်ကြောင်းလည်း သိရသည်။
“ကေအိုင်အေ၊ ကေအိုင်အိုအနေနဲ့ ပြီးခဲ့တဲ့ ပြည်ထောင်စုအဆင့် ငြိ်မ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့နဲ့ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲ သုံးကြိမ်စလုံးဟာ တရားဝင် တွေ့ဆုံဆွေးနွေးတဲ့ ဖြစ်စဉ်လို့မမြင်ဘူး၊ ပွင့်လင်းမြင်သာမှုရှိတယ်လို့လည်း မမြင်ဘူး။ တကယ်လို့ နောက်တစ်ကြိမ် တွေ့ဆုံဆွေးနွေးမှုတွေမှာ ပိုပြီးပွင်လင်းမြင်သာမှုရှိအောင်၊ အများပြည်သူ သိရှိအောင်တွေ့ဆုံဆွေးနွေးပုံတွေကို ရုပ်မြင်သံကြားကနေ တိုက်ရိုက်ထုတ်လွှင့်ပေးမယ်ဆိုရင် သူတို့အနေနဲ့ တွေ့ဆုံဆွေးနွေးပွဲကို ပွင့်လင်းမြင်သာတဲ့ တွေ့ဆုံဆွေးနွေးမှု အဖြစ် မှတ်ယူမယ်” ဟု မဇင်မာအောင်က ပြောသည်။
(KIA)/(KIO) တို့နှင့် မြန်မာတပ်မတော်အကြား ၂၀၁၁ ခုနှစ် ဇွန်လမှစ၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် နှစ်ဘက်တာဝန်ရှိသူများ သဘောတူညီခဲ့သော အပစ်ခတ်ရပ်စဲမှု ပျက်ပြယ်ခဲ့ရကာ ယခုသြဂုတ်လတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်မှာ တစ်နှစ်ကျော်ကြာခဲ့ပြီဖြစ်သည်။
တိုက်ပွဲများကြောင့် ကချင်ဒေသရှိ ဒေသခံလူထု ထောင်ပေါင်းများစွာ အိုးအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရပြီးနီးစပ်ရာ ဒုက္ခသည် စခန်းများတွင် ဒုက္ခသည်များဖြစ် ခိုလှုံရောက်ရှိနေခဲ့ကြသည်။
လက်ရှိအခြေနေတွင် (KIA)/(KIO) တာဝန်ရှိသူများနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ တွေ့ဆုံဆွေးနွေးရန် နေရာညှိနှိုင်းမရ ဖြစ်နေသည်ဟု သိရပြီး ကေအိုင်အေ၊ ကေအိုင်အိုဘက်မှ မိုင်ဂျာယန်နှင့် လွယ်ဂျယ်ကြားက တနေရာတွင် တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းထားသည်ဟု သိရသည်။
ထို့ပြင် (KIA)/(KIO) တာဝန်ရှိသူများ အနေဖြင့် လွန်ခဲ့သည့် ဇူလိုင်လအတွင်း ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့နှင့် တွေ့ဆုံစဉ်ကလည်း နောက်တစ်ကြိမ် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရာတွင် မျှတပြီး ယုံကြည်လေးစားလောက်သော ပုဂ္ဂိုလ် (သို့မဟုတ် ) အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးမှုတွင် ပါ၀င်လာရန် လိုအပ်ကြောင်း(KIA)/(KIO) ရှိ တာဝန်ရှိသူများက ပြောကြားခဲ့သည်ဟု ၈၈ မျိုးဆက်ကျောင်းသားများထံမှ စုံစမ်းသိရှိရသည်။
http://www.themyanmarpostglobal.com/?p=1738