ဆွေးနွေးပွဲကို ရှမ်းပြည်နယ် တောင်ကြီးမြို့ တောင်ကြီးဟိုတယ်တွင် နံနက် (၉) နာရီ အချိန်ခန့်က စတင်ခဲ့ပြီး ပြည်နယ်နှင့် ပြည်ထောင်စု အဆင့်နှစ်ခု စလုံးတွင် သဘောတူ လက်မှတ် ရေးထိုးနိုင်ခဲ့သည်ဟု PNLO ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဦးခွန်မြင့်ထွန်း က ပြောသည်။
ပြည်ထောင်စု အဆင့် အကြိုဆွေးနွေးပွဲတွင် ပြည်နယ်အဆင့် သဘောတူညီချက်များ အပေါ် အသေးစိတ် ဆွေးနွေးသွားရန် အပါအဝင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပူးပေါင်း ဆောင်ရွက်ရန်၊ ပအို၀်းသတင်းဌာန တည်ထောင်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား လူထုထံ အသိပေးရန်၊ လူထုဘဝလုံခြုံရေး၊ စားဝတ် နေရေးနှင့် အခြေခံစိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် စသည့် အချက် (၈) ချက်ကို သဘောတူ လက်မှတ်ရေးထိုး နိုင်ခဲ့ကြောင်း ဦးခွန်မြင့်ထွန်းက ပြောသည်။
ထို့အပြင် “အကယ်၍ ကျတော်တို့ ထပ်မံဆွေးနွေးလိုတဲ့ ကိစ္စရပ်တွေရှိရင်လည်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မတိုင်ခင်မှာ နှစ်ဖက် ကြိုတင် ညှိနှိုင်း သတ်မှတ်ကျဖို့ ဆိုတာကို ကျနော်တို့ သဘောတူ လက်မှတ်ရေးထိုးပါတယ်။” ဟု ၎င်းက ဆက်ပြောသည်။
ပြည်နယ်နှင့် ပြည်ထောင်စု အဆင့် (၂) ခုစလုံးတွင် PNLO ဖက်မှ ဦးခွန်မြင့်ထွန်း ဦးဆောင်သည့် အဖွဲ့ဝင်များနှင့် အစိုးရဖက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆာင်ရေး လုပ်ငန်းကော်မတီ အဖွဲ့ ဒု-ဥက္ကဌ ရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်၍ ပြည်ထောင်စု ၀န်ကြီး ဦးခင်မောင်စိုး၊ ရှမ်းပြည်နယ်ဝန်ကြီး စောဝ်အောင်မြတ်၊ အရှေ့ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်စိုးထွဋ်နှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ဦးထွန်းထွန်းဦး အပြင် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး အဆင့်အလိုက် လက်မှတ် ရေးထိုးခဲ့သည်။
PNLO ဖက်မှ ကိုယ်စားလှယ်အဖွဲ့နှင့် ရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလွတ်သဘော တွေ့ဆုံမှုအပါအဝင် ထိုင်းမြန်မာ နယ်စပ်နှင့် ရန်ကုန်မြို့တို့တွင်လည်း တွေ့ဆုံခဲ့ရာ ယနေ့ (၅) ကြိမ်မြောက် တွေ့ဆုံပွဲတွင် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။
ပအိုးအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO အဖွဲ့အား ရဟန်းသံဃာများ အပါအဝင် ပအို၀်းလူငယ်များ၊ အမျိုးသမီးအဖွဲ့များ၊ အလုပ်သမား လယ်သမားများနှင့် လက်နက်ကိုင် တပ်ဖွဲ့များ ပူးပေါင်းပြီး ၂၀၀၉ ခုနှစ် ဒီဇင်ဘာလက ထိုင်းမြန်မာနယ်စပ် တနေရာတွင် ညီလာခံ ကျင်းပ၍ ပြန်လည် ဖွဲ့စည်းခဲ့သည်။
http://www.nmg-news.com/bur/index.php?option=com_content&view=article&id=471&catid=5&Itemid=12