မြန်မာပြည်သူတွေက စစ်ပွဲတွေအားလုံး ရပ်စဲပြီး ငြိမ်းချမ်းရေးရဲ့ အရသာကို ခံစားချင်လွန်းလို့ စက်တင်ဘာလ ၂၁ ရက်နေ့ (အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့) မှာ ဆန္ဒဖော်ထုတ် စီတန်းလမ်းလျှောက်ကြတယ်။ အင်းလျားကန်ဘောင်မှာ ငြိမ်းချမ်းရေးကျောက်တိုင်ကို အမှတ်တရ စိုက်ထူကြတယ်။ ဘယ်လောက်လှတဲ့ ဘယ်လောက် ချစ်စရာကောင်းတဲ့ စိတ်ကူးစိတ်သန်းလဲ။ မြန်မာပြည်ကြီးကို ဘယ်လောက် ချစ်မြတ်နိုးကြတယ် ဆိုတာကို အလိုက်တသိ ပြသလိုက်ကြတာပါပဲ။
အဲဒီလုပ်ရပ်ကို ဦးသိန်းစိန်ရဲ့ ကြံ့ဖွတ်စစ်အစိုးရက အကြိုက်မတွေ့ သဘောမတူတဲ့အတွက် ဆန္ဒဖော်ထုတ်ဖို့ ကြိုးစားတဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီးတရားစွဲမယ်လို့ အသံဟစ်တယ်။ လုပ်လည်းလုပ်ဆောင်နေတယ်။ အမှတ်တရ စိုက်ထူးထားတဲ့ ငြိမ်းချမ်းရေးကျောက်တိုင်ကို နယ်မြေခံ အာဏာပိုင်တွေ လာပြီး ဖယ်ရှားဖျက်ဆီးတယ်ဆိုတော့ ငြိမ်းချမ်းရေးကို မလိုချင်ဘူး … ဆိုတဲ့ သူတို့ရဲ့ သဘောထားကို ရှင်းရှင်းလင်းလင်း ပြသလိုက်တာပဲပေါ့။ ဒီထက်ရှင်းတဲ့ လုပ်ရပ် ဘာရှိဦးမလဲ။ ဘယ်လောက် မိုက်မဲတဲ့ လုပ်ရပ်လဲ။
ဟုတ်တော့ ဟုတ်ပါတယ်လေ။ အာဏာရှင်စစ်အုပ်စုကို အရေခွံလဲထားတဲ့ ဦးသိန်းစိန်နဲ့တကွ အစိုးရမင်းများနဲ့ နောက်ကွယ်က ကြိုးကိုင်ခြယ်လှယ်နေတဲ့ စစ်ခေါင်းဆောင်ဟောင်းတွေက ငြိမ်းချမ်းရေးကို ဘယ်ကြိုက်ကြပါ့မလဲ။ ပြည်တွင်းစစ်ကို အရင်းတည် အောင်သေအောင်သား စားပြီး နှစ်ပေါင်း ၅၀ ကိုယ်ကျိုးစီးပွားရှာခဲ့ကြသူတွေဆိုတော့ ပြည်တွင်းစစ် မရပ်ချင်တဲ့ သူတို့ရဲ့သဘောထားကို အပြစ်တင်ရင် အပြစ်တင်တဲ့သူသာ မှားပါပေတယ် ဖြစ်တော့မပေါ့။ နောက်ပြီး ပြည်တွင်းစစ်ကို ရပ်ဆိုင်းအောင် လုပ်လိုက်ရင် ရှေ့နေသားအဖ ဥပမာလို တမလွန်က အာဏာရှင် ဗိုလ်နေဝင်းက ဗိုလ်သန်းရွှေနဲ့ အပေါင်းအပါတွေကို “မိုက်ပါ့ကွာ၊ မင်းတို့ကို ငါ ကျွေးမွေးစောင့်ရှောက် ပြုစုပျိုးထောင်ခဲ့တာ အဲဒီပြည်တွင်းစစ်နဲ့ကွ” လို့ အပြစ်တင်ခံရမှာ စိုးလို့နေမှာပေါ့။
အဲဒီတော့ ‘သမ္မတကြီး’ ‘သမ္မတကြီး’ နဲ့ နှုတ်ဖျားက မချချင်သူတွေ၊ ဒေါက်တာသိန်းစိန် (မိတ်အင်ချိုင်းနား) ကို ယုံမှတ်ပြီး ပုံအပ်ချင်တဲ့ ဒီမိုကရေစီခေါင်းဆောင်ဆိုသူတွေ သတိသာထားကြပေတော့။ ဘာကြောင့်လဲဆိုတော့ ငြိမ်းချမ်းရေးကျောက်တိုင်ကို ဖယ်ရှားတဲ့ လုပ်ရပ်ကို ကြည့်ရင် ဦးသိန်းစိန် ကြံ့ဖွံ့စစ်အစိုးရရဲ့ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ သဘောထားဟာ ဒီ့ထက် ရှင်းတာတောင် ဒီလောက် ရှင်းမှာ မဟုတ်ဘူး ဆိုသလို ဖြစ်နေပြီမို့ပါ။
အဲဒီတော့ လိုအပ်တဲ့ တိုက်ပွဲတွေ ဆက်မဝင်ချင်တော့ဘဲ ပူးပေါင်းဆောင်ရွက်ချင်သူတွေ၊ ပူးသတ်ချင်သူတွေ ပူးပေါင်းကြပါ။ ပူးသတ်ကြပါ။ နောင်မှ ရူးမတတ် မခံစားကြရပါစေနဲ့ ...။
အားလုံးသို့ လေးစားစွာဖြင့် …
ဒေါက်တာလွဏ်းဆွေ
နံနက် ၁၂း၅၂ နာရီ
၂၃-၉-၂၀၁၂