“နားကောင်းမူး နဲ့ မိုင်းတုံကြားက မိုင်းဟန်ရွာမှာ သုံးနေရာတောင် စောင့်တယ်။ ၂၇ ရက်နေ့တုန်းက နမ့်ဟန်ချောင်း ဆင်းတဲ့ ဒေသခံတဦးကို ဖမ်းသွားသေးတယ်။ အခု လယ်ဆင်းဖို့ သွားလာဖို့ ဆိုလဲ သူတို့ စစ်ဆေးဖမ်းဆီးမှာကို စိုးရိမ် လို့ သိပ်အသွားအလာမလုပ်ရဲဘူး။ မိုင်းဟန်အပြင် နားပါကောဝ်မှာလဲ စောင့်တယ်။” - ဟု နားကောင်းမူးဒေသခံ တဦးက ပြောပါသည်။
သံလွင်အရှေ့ခြမ်း ပုံပါကျင်မြို့နယ်ခွဲ မိုင်းဟန် ကျေးရွာအတွင်း၌ နံနက်ခြောက်နာရီမှာ ညနေမိုးချုပ်သည့် အထိတောင် ပိုင်း ဝ တပ်ဖွဲ့ အုပ်စုခွဲ၍ သုံးနေရာ ချကာ လမ်းသွားလာသူများအား ခေါ်ယူစစ်ဆေးကြောင်း၊ မသင်္ကာသူများလည်း ဖမ်းဆီးချုပ်နှောင်ပြီး မိုင်းဆတ်မြို့တောင်ဘက်ရှိ ဝမ့်ဟုန့်ဌာနချုပ် ပို့ဆောင်ကြောင်း၊ ထို့အတွက်ကြောင့်ဒေသခံများ ဖြတ် သန်းသွား လာခြင်းမပြုရဲ ကြောင်း၊ သျှမ်းစစ်သားဆံပင်ပုံရှိသူများ ကိုပါမကျန် ဖမ်းဆီး ကြသဖြင့် လူငယ်များ လည်း သွားလာနေထိုင်မှု လွတ်လပ်မှုမရှိကြောင်း၊ ဝမ်းရေးအတွက် လယ်၊ ယာဆင်းရန် အခက်အခဲဖြစ်နေ ကြောင်း မိုင်းဟန် ဒေသခံများက ပြောကြားပါ သည်။
“ ဝ တွေလုံခြုံရေးတိုးချပြီးနောက်ပိုင်း မြို့ထဲမှာ နေ့စားအလုပ်လာလုပ်တဲ့ ဝ လူထုလဲ မြို့ထဲမဆင်းတော့ဘူး။ လမ်းမှာ ဖြတ်သန်းသွား လာ သူတိုင်းကို ခေါ် ယူစစ်ဆေးတယ်။ ဆံပင်နီဆိုးထားတဲ့ လူငယ်တော်တော်များများ အနက်ပြန်သွားဆိုးကြရတယ်။ မသင်္ကာရင်ဖမ်းတယ်။ သူတို့ဖမ်းသွားတဲ့ မိုင်းဟန်ဒေသခံ စိုင်းအူကို အဲဒီနေ့မှာဘဲ ပြန်လွတ်ပေး တယ်။ အခု တရုတ်အမျိုးသား တဦး ကျန်နေသေးတယ် မလွှတ်ပေးသေးဘူးလို့ ကြားတယ်” - ဟု ပုံပါကျင် ဒေသခံတဦးက ပြောပါသည်။
ဩဂတ်စ် ၂၇ ရက်နေ့ နမ့်ဟန်ချောင်းဘေး ဟင်းသီးဟင်းရွက်ထွက်ရှာသည့် စိုင်းအူအား ဆာလာအိတ်ဖြင့်ခေါင်းစွပ်၊ လက်ထိပ်ခတ်ပြီး ဖမ်းဆီးသွားကြောင်း၊ အထက်အမိန့်အရ ဖမ်းဆီးရခြင်းဖြစ်ကြောင်း၊ စစ်ဖက်လုံခြုံရေး နှင့် ရပ်မိရပ်ဖ တို့၏ လိုက်လံပြောဆိုပေးမှုကြောင့် ဘတ်ငွေ၆၀၀၀ ဖြင့် အာမခံပေးမှသာ အဆိုပါနေ့ ညပိုင်း၌ ပြန်လွှတ်ပေးခဲ့ကြောင်း မိသားစု နှင့် နီးစပ်သူတဦးက ပြောပါသည်။
တောင်ပိုင်း ဝ တပ်ဖွဲ့၊ ဝ လူထု နှင့် ဒေသခံ သျှမ်းမိသားစုများ ဆက်ဆံရေးတွင် ပြဿနာတစုံတရာမရှိကြောင်း၊ သျှမ်းလူငယ်များ ၀ အမျိုးသမီးများနှင့်အိမ်ထောင်ပြုသကဲ့သို့၊ ဝ အမျိုးသားများလည်း ဒေသခံအမျိုးသမီးတို့နှင့်အိမ်ထောင်ပြုကြကြောင်း ပုံပါကျင်ဒေသခံ တဦးက ပြောပါသည်။
“အများအားဖြင့်တော့ ၀ လူထုက မြို့ထဲဆင်းရင် တစ်ရက်ဘတ် ၁၅၀ နဲ့ အငှားလုပ်သားလာလုပ်တယ်။ တင်းမာမှု ဖြစ်လာ တဲ့ နောက်ပိုင်း အလုပ် လာမလုပ်ကြတော့ဘူး။” ဟု ၎င်းကဆက်လက်ပြောပြသည်။
သျှမ်းပြည်တပ်မတော် နှင့် တောင်ပိုင်း ဝ တပ်ဖွဲ့တို့ သျှမ်းပြည်တပ်မတော်၏ ဒုက္ခသည်အရေးကြောင့် တင်း မာမှုရှိခဲ့ သည့် နောက်ပိုင်း ယခုကဲ့သို့ ဝ တပ်ဖွဲ့ လုံခြုံရေးတင်းကျပ်လာခြင်းဖြစ်ကြောင်း ဒေသခံအကြီးအကဲများကပြောကြား ပါသည်။
http://www.burmese.panglong.org/news/85-2008-08-01-03-14-40/3450-2012-09-03-11-29-12.html