ဒါ့အပြင် ပြည်သူတွေ ၊ နှစ်ဖက် တပ်ဖွဲ့က ရဲဘော်တွေ ထိခိုက် နစ်နာ သေကြေ ပျက်စီး နေရသလို လူထုက စိုးရိမ် ကြောက်လန့်နေရတဲ့ အခြေအနေမှာ ရှိနေပြီး စစ်ပွဲတွေနဲ့ ဖြေရှင်းမယ့် အစား တွေ့ဆုံ ဆွေးနွေးခြင်းနဲ့ အဖြေရှာ ကြဖို့ ကိုလည်း တိုက်တွန်းလိုကြောင်း သူက ဆိုပါတယ်။
အဲဒီလို အဖြေရှာရာမှာ လူထုဆန္ဒက ငြိမ်းချမ်းတဲ့ နည်းနဲ့ ဖြေရှင်းလိုတဲ့ ဆန္ဒကိုလည်း လေးစား သင့်ကြောင်း သူက ပြောပါတယ်။
ဒါ့အပြင် လက်ရှိမှာ အပစ်ရပ်ပြီး ဖြေရှင်းသွားနိုင်ဖို့ နည်းလမ်း ရှာရမယ် လိုလည်း ကိုဌေးကြွယ်က ဆိုပါတယ်။
ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်အောင် စစ်ရေး အရ ဖိအားပေးလို့ မရဘဲ တကယ့် ယုံကြည်မှု နားလည်မှုကို တည်ဆောက်ရမယ် ၊ ဒါမှသာ နှစ်ဖက် ရန်ငြိုး အမုန်း ပိုပွားလာမှုတွေ ရပ်တန့် သွားနိုင်မယ်လို့ သူက ရှင်းပြခဲ့ပါတယ်။
သူတို့ အနေနဲ့ ဒီဒေသကို ရောက်လာရခြင်းက တကယ် ဖြစ်နေတဲ့ စစ်ပွဲ အခြေအနေကို ကြည့်ပြီး ဘာအကောင်းဆုံး လုပ်ပေးနိုင်မလဲ ဆိုတာ လာကြည့်တာ ဖြစ်ကြောင်း ၊ ပြည်သူတွေ အသံ နားထောင်ဖို့ ရောက်လာတာ ဖြစ်သလို နှစ်ဖက်ကြား မြေဇာပင် ဖြစ်နေတဲ့ ပြည်သူတွေရဲ့ အခြေအနေကို လာရောက် လေ့လာတာပါလို့ ဆိုပါတယ်။
ဒါ့အပြင် ဒီ ကချင် အရေးဟာ ပြည်ထောင်စု တခုလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စ ဖြစ်တာကြောင့် သူတို့ အနေနဲ့ အလေးထား လုပ်ဆောင်သွားဖို့ ခံယူထားကြောင်း ကိုဌေးကြွယ်က ပြောသွားခဲ့ပါတယ်။
http://www.bbc.co.uk/burmese/burma/2012/09/120917_kachin_88gen_request.shtml