ကချင်ပြည်နယ်် ဗန်းမော်ခရိုင် ဒေါ့ဖုန်းယန်မှ ၃ မိုင်အကွာရှိ ဒိန်ဂါယန် (Dingga Yang) တွင်တပ်ချထားသော မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ကြားတိုက်ပွဲအနည်းငယ်ပြင်းထန်စွာဖြစ်ပွားခဲ့ရာ အစိုးရတပ်မှ ၃ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိသွားကြောင်း ရှေ့တန်းမှ အရာရှိများမှသိရသည်။
ဒိန်ဂါယန်တွင် တပ်စွဲထားသော အစိုးရတပ်အင်အား ၂၀ ကျော်ရှိ ခလရ (၁၄၂) တပ်ကို KIA တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၂၄) မှ မိုင်းဖြင့် တိုက်ခိုက်ခဲ့ရာတွင် ကျဆုံးဒဏ်ရာရရှိသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုချိန် ထိုအစိုးရတပ်မှ ထိခိုက်ဒဏ်ရာရရှိသောသူများကို ဒေါ့ဖုန်းယန်ဆေးရုံသို့ပို့ဆောင်ထားကြောင်း မျက်မြင်များ ကချင်သတင်းဌာနသို့ပြောသည်။
အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကြား ပဋိပက္ခများသည် ဆက်လက်တင်းမာနေဆဲဖြစ်ပြီး ကချင်ပြည်နယ်ဖက်သို့ တပ်အင်အားများတိုးချဲ့ကာ ထိုးစစ်ဆင်မှုများ မရပ်မနားရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။
ယမန်နေ့ စက်တင်ဘာ ၁၆ ရက် ညတွင်လည်း ဗန်းမော်ဘက်မှ မြန်မာအစိုးရတပ်သည် စစ်ကား ၄ စီး အင်အား ၈၀ ကျော်ဖြင့် နွမ်လန် (Num Lang) ရွာတွင် တပ်စွဲထားသည့် ခမရ (၄၃၈) သို့ စစ်အင်အားများထပ်မံဖြည့်နေကြောင်း KIOအရာရှိများပြောသည်။