ဖြစ်ကြောင်း သိရှိရသည်။
နောက်ထပ်လည်း ထပ်မံပေးသွားဖွယ်ရှိကြောင်း ဂျပန်နိုင်ငံသို့ သွားရောက်ပြီး နိပွန်ဖောင်ဒေးရှင်းနှင့် ကွန်ဖရင့်တရပ်
ပြုလုပ်ကာ ဆွေးနွေးခဲ့သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ထိုင်းနိုင်ငံသို့ ပြန်ရောက်လာစဉ် ထုတ်ဖော် ပြောကြားလိုက်ခြင်း ဖြစ်သည်။
“တိုင်းရင်းသားဒေသ အားလုံးအတွက် ဒေါ်လာ ၃ သန်းဖိုးတန် ဆန်နဲ့ဆေးဝါး အကူအညီတွေကို ပထမအသုတ် စပေးသွားပါမယ်။ အဲဒါကလည်း သူတို့ကိုယ်တိုင် လိုက်ပို့ပေးမှာပါ။ အဲဒါ အဆင်ပြေရင်တော့ နောက်ထပ် တိုးပြီး
ပေးသွားဖို့ ရှိပါတယ်” ဟု မဇ္စျိမကို ပြောသည်။
အောက်တို ဘာလ ၁၈ ရက်နေ့က နိပွန်ဖောင်ဒေးရှင်းမှ ဦးဆောင်၍ “Conference on Emergency Humanitarian Aid to Myanmar Ethnic Groups” ကို ဂျပန်နိုင်ငံ၌ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်ပေါင်း ၂၂ ဦး တက်ရောက်ကာ ၎င်းတို့၏ ဒေသတွင်း အခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြသည်။
ထိုကွန်ဖရင့်၏ နောက်ဆက်တွဲ သဘောတူညီချက်အရ အကူအညီများကို ပြည်တွင်းမှ တဆင့် သော်လည်းကောင်း၊ နယ်စပ်ဖြတ်ကျော် နည်းလမ်းဖြင့်သော်လည်းကောင်း တိုင်းရင်းသားဒေသများသို့ အမြန်ဆုံး ပို့ဆောင် ပေးအပ်မည်
ဖြစ်သည်။ ပြည်တွင်းမှ တဆင့် ပေးပို့မည့် အကူအညီများကို မြန်မာအစိုးရ ကိုယ်စား ပြည်တွင်း NGO တခု ဖြစ်သည့် EGRESS နှင့် နိပွန်ဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်ကြမည် ဖြစ်သည်။
ကရင်နီ (ကယား)၊ ကရင်နှင့် မွန် ဒေသများအတွက် အကူအညီများကို ယခုနှစ် မကုန်မီ စတင် ပေးအပ်သွားဖွယ် ရှိသည်။ ကရင်နီ ပြည်တွင်းရွှေ့ပြောင်းများအတွက် အရေးပေါ် ကယ်ဆယ်ရေး ပရောဂျက် ‘Emergency Relief project of KNPP IDPs’ အရ ရှားတော မြောက်ပိုင်းရှိ ရွာပေါင်း ၁၇ ရွာမှ ပြည်တွင်း အိုးအိမ်မဲ့ ဒုက္ခသည် (IDPs) ၄,၄၁၇ ဦးတို့ အတွက် ထိုင်းဘတ်ငွေ ၅ဝ၄, ၉ဝဝ တန်ဖိုးရှိ ဆေးဝါးနှင့်ဆန် များကို အောက်တို ဘာလမှ ဒီဇင်ဘာလ အတွင်းတွင် ပေးအပ်ဖွယ် ရှိသည်။
အလားတူ ကရင် ဒေသအတွက် KNU ၏ တပ်မဟာ (၁) မှ (၇) အထိနှင့် ဌာနချုပ် စခန်း တခုချင်းစီတို့အား တလလျှင် ဆန်အိတ် ၄ဝဝ ခန့် ပေးအပ်ရန်လည်း ရှိသည်။ ထို့ပြင် DKBA ကလို့ထူးဘော ကရင်အဖွဲ့အစည်း (KKO) နှင့် ဗိုလ်ထိန်မောင် ဦးစီးသည့် KNLA Peace Council သို့လည်း တလလျှင် ဆန်အိတ် ၄ဝဝ ပေးအပ်ရန် ရှိသည်။ မွန်ပြည်သစ် ပါတီ (NMSP) သို့လည်း မော်လမြိုင်မီတဆင့် တလလျှင် ဆန်အိတ် ၁,ဝဝဝ ပေးအပ် ကူညီရန် ရှိသည်။
ကျန်တိုင်းရင်းသား ဒေသများ ဖြစ်သည့် ကချင်၊ ရခိုင်၊ ချင်း၊ ပလောင်၊ ရှမ်း တို့ အတွက်လည်း အလားတူ အကူအညီ ပေးအပ်သွားရန် ရှိပြီး အသေးစိတ် အစီအစဉ် များကိုမူ မသိရသေးပေ။
“အကူအညီ ပေးဖို့အပေါ်မှာလည်း မြန်မာအစိုးရနဲ့ ကျနော်တို့ UNFC နဲ့ နားလည်မှု စာချွှန်လွှာတွေ လက်မှတ်ရေးထိုး ပြီးကြပါပြီ။ သူတို့က ကျနော်တို့ တိုင်းရင်းသားတွေနဲ့ အစိုးရနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေး အဖြေ ရှာကြဖို့မှာ ဖိအားပေး ကူညီသွားဖို့ ရှိတယ်” ဟု ဂျပန် ခရီးစဉ်သို့ သွားရောက်ခဲ့သည့် ကိုယ်စားလှယ် တဦးဖြစ်သူ မွန်ပြည်သစ်ပါတီမှ နိုင်ဟံသာ (ဗိုန်ခိုင်) က မဇ္စျိမကို ပြောသည်။
ထို့ပြင် ဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ နှင့် UNFC တို့ တွေ့ဆုံဆွေးနွေးရန် ရှိသည်ကိုလည်း နိပွန် ဖောင်ဒေးရှင်းမှ ကမကထ လုပ်၍ နိုဝင်ဘာလ အတွင်း ကမ္ဘောဒီးယား
နိုင်ငံ၌ တကြိမ်၊ ဒီဇင်ဘာလ အတွင်း ဂျပန်နိုင်ငံ၌ တကြိမ် တွေ့ဆုံနိုင်ရန် စီစဉ်ထားသည်ဟုလည်း သိရှိရသည်။
“ကျနော်တို့ မူ ၆ ချက်ရယ်၊ သမ္မတ ဦးသိန်းစိန်ရဲ့ မူ ၈ ချက်ရယ်၊ အဲဒါကြီးကို ညှိရမှာပါ။ အဲဒါကြီးက ချက်ခြင်း စားပွဲပေါ်ကို ရောက်လာဖို့တော့ ခက်တယ်။ အခင်းအကျင်းလေးတွေ အရင် သွားရမယ်။ အဲဒီကိစ္စ ကျနော်တို့ အချင်းချင်းလည်း ညှိနှိုင်းရဦးမှာပါ” ဟု UNFC တွဲဖက်အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်း စောင့်ကြည့်လေ့လာသူအဖြစ် တည်ရှိပေးရန် နိပွန် ဖောင်ဒေးရှင်း အား UNFC မှ တောင်းဆိုထားသည်။
http://www.mizzimaburmese.com/news/regional/10317-2012-10-25-12-44-45.html