ထိုသို့ ဆွေးနွေးမှု စတင်ပြုလုပ်ရန် သဘောတူကြောင်း ဗုဒ္ဓဟူးနေ့တွင်ပင် ဝန်ကြီး ဦးအောင်မင်း ထံမှ အကြောင်းကြား လာခြင်း ဖြစ်သည်။
“စာထဲမှာက ၃ဝ ရက်နေ့ ရွှေလီမှာ စတင်လုပ်ကိုင်သွားရန် ဆန္ဒရှိတယ်။ ဘယ်နှစ်ရက် ဆိုပြီး သတ်မှတ်တာ မရှိဘူး။ ဒီနေ့ အီမေးနဲ့ အကြောင်းပြန်လာပါပြီ” ဟု ကချင် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ဝင် တဦးဖြစ်သူ ဦးဆန့်အောင် က မဇ္စျိမကို ပြောသည်။
နှစ်ရက်ကြာ ဆွေးနွေးရန် စီစဉ်ထားသဖြင့် ဆုံးဖြတ်ချက် တစုံတရာ ရရှိလိမ့်မည်ဟု မျှော်လင့်ထားကြောင်း သူက ဆက်ပြောသည်။
“ငြိမ်းချမ်းရေး ဆွေးနွေးမယ်ဆိုတာက ကြာကြာဆွေးနွေးရင် ပိုကောင်းတယ်။ ဒီတခေါက် တွေ့ဆုံတာက တရားဝင်
ဆွေးနွေးပွဲ ဖြစ်လို့ အဖြေတခုခုတော့ ရမယ်လို့ မျှော်လင့်တယ်” ဟု ဦးဆန့်အောင် က ပြောသည်။
နှစ်ဖက် တွေ့ဆုံဆွေးနွေးမှုများ လေးလခန့်ကြာ ရပ်ဆိုင်းသွားပြီးနောက် ယခုကဲ့သို့ ပြန်လည် တွေ့ဆုံရန် ညှိနှိုင်း စီစဉ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဇွန်လ ၂ဝ ရက်နေ့က လွယ်ဂျယ်မြို့နယ် ပရန်ငေါန်ဒေသတွင် အလွတ်သဘော သုံးကြိမ်ခန့် တွေ့ဆုံခဲ့ပြီးနောက်
နှစ်ဖက် စစ်ဘက်ဆိုင်ရာ ကိစ္စများ ဆွေးနွေးရန်အတွက် KIA ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်နှင့် အစိုးရ တပ်မတော် ဒု-ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းတို့ တွေ့ဆုံဆွေးနွေးရန် သဘောတူခဲ့သည်။ သို့သော် ယခု တွေ့ဆုံမှုတွင် ဗိုလ်ချုပ်ကြီး စိုးဝင်း ပါဝင်နိုင်မှု ရှိမရှိကိုမူ မသိရသေးပေ။
ယခင်ဆွေးနွေးမှုများအတွင်း အပစ်အခတ်များ ရပ်စဲနိုင်ရန် သဘောတူညီချက် တစုံတရာ မရရှိခဲ့၍ ဖားကန့်မြို့နယ် အတွင်း နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသေးသည်။
တပ်မတော်ဘက်မှ ထိုးစစ်များ ရပ်ဆိုင်းထားရန် ၂ဝ၁၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက သမ္မတ က ထုတ်ပြန်ထားသော် လည်း KIO ဘက်မှ အလားတူ အမိန့်ပေးခြင်းမရှိ၍ တိုက်ပွမြျား ဆက်လက်ဖြစ်ပွားနေရခြင်းဖြစ်ကြောင်း တနင်္ဂနွေနေ့ က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ သမ္မတ ဦးသိန်းစိန် က ပြောဆိုသွားခဲ့သည်။
“သူတို့ဘက်က ပစ်ခတ်တိုက်ခိုက်မှုကို ရပ်မယ်ဆိုတဲ့ အမိန့်တော့ ထုတ်ထားတာ မရှိသေးဘူး။ ဒီဘက်က တပ်မတော် သားတွေ အုပ်ချုပ်မှုကိစ္စတွေ၊ သင်တန်းတက်ဖို့၊ ရိက္ခာ ထုတ်ဖို့ သွားကြလာကြတဲ့အခါမှာ လမ်းခုလပ်မှာ ခုနကလို
ဖြတ်ပြီးတော့ တိုက်တာတွေ၊ မိုင်းချတာတွေ ဒါမျိုးတွေ ရှိနေတယ်။ ဒီတော့ အောက်ခြေက ရဲဘော်ဆိုတော့ သူက အသက်ကိုလည်း စိုးရိမ်တော့ ဟိုကပစ်ရင် ဒီကလည်း ခံပြီး ပစ်တာပေါ့။ အဲဒီလိုနဲ့ပဲ ဒီပြဿနာဟာ ဒီကနေ့အထိ ရှင်းလို့မရသေးတဲ့ ကိစ္စပါ” ဟု လျှပ်တစ်ပြက် ဂျာနယ်၏ မေးခွန်းအား ဦးသိန်းစိန် က ဖြေကြားခဲ့ခြင်းဖြစ်သည်။
တနှစ်ကျော်ကြာ တိုက်ပွဲများကြောင့် ထွက်ပြေး တိမ်းရှောင်နေရသော စစ်ပြေးဒုက္ခသည် စုစုပေါင်း ၉ဝ,ဝဝဝ ခန့်ရှိ
နေပြီ ဖြစ်ပြီး ယင်းတို့၏ စားဝတ်နေရေးမှာ လိုအပ်နေဆဲ ဖြစ်သည်ဟု KIO မှ ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး
ကော်မတီက မဇ္စျိမကို ပြောဆိုထားသည်။
http://www.mizzimaburmese.com/news/inside-burma/10309--kio-.html