“ သျှမ်းပြည်ဝန်ကြီးချုပ် က - ဒီလူတွေ ပြန်လာမယ်ဆိုရင် သက်ဆိုင် ရာ သံရုံးမှာ စာရင်းသွားပို့ပေးထားရမယ် လို့ပြော တယ်။ တယောက်စ နှစ်ယောက်စ ပြန်လာမယ်ဆိုရင် သူတို့အမျိုးရှိတဲ့ရွာမှာ ကြိုက်သလိုပြန်နေလို့ရတယ်။ အုပ်စုလိုက် လာမယ်ဆိုရင်တော့ သူတို့နေလိုတဲ့ခရိုင်မှာ နေရာချပေးမယ်။ အရေးယူတာ ပြစ်ဒဏ်ပေးတာတွေ ဘာမှမလုပ်ဘူးလို့ပြော တယ်။” ဟု လွှတ်တော်ချိန်ပြင်ပ သီးသန့်သွားတွေ့ဆုံစဉ်က သျှမ်းပြည်ဝန်ကြီးချုပ်မှ ပြောကြောင်း ကျားဖြူပါတီ ၏ နမ္မတူမြို့နယ် ပြည်နယ်လွှတ်တော်အမတ် နန်းခမ်းအေးက ပြောပါသည်။
ပြီးခဲ့သည့်အပတ် သောကြာနေ့က ပြီးဆုံးသော ပထမအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးအတွင်း ကျားဖြူပါတီလွှတ်တော်အမတ် နန်းခမ်းအေးက ပြည်ပရောက်ရွှေ့ပြောင်းအလုပ်သမားများကိစ္စ တင်ပြဆွေးနွေးခြင်း ဖြစ်သည်။
“ကျမ ဒီကိစ္စ လွှတ်တော်ထဲမှာတင်ပြတုန်းကတော့ နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး အောင်သူကပြန်ဖြေပေး တယ်။ သူပြောတာက - သူတို့နေခဲ့ဖူးတဲ့ရွာတွေမှာ ပြန်လာနေလို့ရတယ်။ သူတို့အတွက်နေရာချပေးစရာမလိုဘူး - လို့ပြော တယ်။ ဒီလူတွေမှာ တချို့ဆို တရွာလုံးပြောင်းရတယ်လေ။ ရွာပျောက်တယ်လေ။ ကျမက အားမရသေးတော့ လွှတ်တော် ချိန်ပြင်ပမှာ ဝန်ကြီးချုပ်နဲ့ထပ်သွားတွေ့ပြီး မေးတယ်။ နေရပ်ပြန်လိုတဲ့ သျှမ်းပြည်သားတွေရဲ့စာရင်းကိုပါ ကောက်ထား ပေးဖို့ ဝန်ကြီး ချုပ်က ကျမကိုမှာလိုက်သေးတယ်” ဟု နန်းခမ်းအေးကပြောပါသည်။
လွှတ်တော်အတွင်း ၎င်းတင်ပြသော မေးခွန်းမှာ- ရွှေ့ပြောင်းအလုပ်သမားအဖြစ် အိမ်နီးချင်းနိုင်ငံသို့ အိုးမဲ့အိမ်မဲ့ဘ၀ဖြင့် ရောက်နေရပြီး သျှမ်းပြည်သို့ပြန်လည်ဝင်ရောက်နေထိုင်မည်ဆိုပါက သျှမ်းပြည်အစိုးရအနေဖြင့် ခွင့်ပြုရန်ရှိမရှိ၊ ရှိမည် ဆိုပါက နေရာပြန်လည်ချ ထားပေးဖို့ရှိမရှိ၊ ရှိမည်ဆိုပါကမည်သည့်နေရာတွင် မည်သည့်ပုံစံဖြင့် လုပ်ပေးမည်ဆိုတာကို သိချင်ပါသည်- ဟု ဆိုပါသည်။
“၁၉၉၆-၉၇ ခုနှစ်တွေတုန်း သျှမ်းပြည်အလယ်ပိုင်း တောင်ပိုင်းတွေမှာ ကူညီထောက်ပံ့မှု၊ လျော်ကြေးတွေမရှိဘဲနဲ့ အဓမ္မ နေရာပြောင်းရွှေ့ခိုင်းခြင်းခံရတဲ့သူတွေကို ကျမက ရည်ညွှန်းတယ်။ သူတို့တွေဟာ နေစရာ စားစရာ အားကိုးစရာမရှိတော့ ထိုင်းနိုင်ငံထဲမှာ ရွှေ့ပြောင်းအလုပ်သမားဘ၀နဲ့ရောက်နေတာ ၁၆ နှစ်ရှိပြီ။ သူတို့တွေကိုအခု ပြန်ခေါ်ဖို့၊ သူတို့တွေကိုနေရာ ပြန်ချပေးဖို့ အချိန်တန်ပြီဖြစ်တဲ့အတွက် အစိုးရကနေ ပွင့်ပွင့်လင်းလင်းကြေငြာပေးမှသာ သူတို့တွေပြန်လာရဲမှာဖြစ်တယ် လို့ ကျမ လွှတ်တော်ထဲမှာပြောခဲ့ပါသေးတယ်” - ဟု နန်းခမ်းအေးက သျှမ်းသံတော်ဆင့် အားပြောပြသည်။
သို့သော် လွှတ်တော်အတွင်းရော လွှတ်တော်ပြင်ပ၌ပါ ဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့၏အဖြေမှာ အလုပ်သမားကိုယ်စားလှယ်မှ နေရပ်ပြန်လိုသည့်အလုပ်သမားများ၏ အမည်နေရပ်လိပ်စာတို့ကို သံရုံး၌သွားရောက်ပေးသွင်းရန်၊ သံရုံးမှစီစစ်၍ မှန်ကန် ခဲ့ပါက မိမိပြန်လိုသောနေရပ်သို့ ပြန်နေခွင့်ရအောင်စီမံပေးမည်ဖြစ်ကြောင်း ဖြေဆိုပါသည်။
၁၉၉၆ မှ ၁၉၉၈ ဧပြီလ အထိ မြန်မာစစ်တပ်သည် သျှမ်းပြည်တောင်ပိုင်း လွယ်လင်၊ ပင်လုံ၊ လဲချား၊ မိုင်းကိုင်၊ ကျေးသီး၊ နမ့်ဇန်၊ ကွန်ဟိန်း၊ မိုးနဲ၊ လင်းခေး၊ မိုင်းပန်မြို့နယ်အတွင်း ကျေးရွာ ၁၄၇၈ ရွာ လူဦးရေသုံးသိန်း ကျော်အား နေရပ်မှ အဓမ္မ ပြောင်းရွေ့ခိုင်းခဲ့ကြောင်း၊ ဘုန်းတော်ကြီးကျောင်း အချို့အပါအဝင် ကျေးရွာအများအပြားလည်း မြန်မာစစ်တပ်က မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ ထိုစစ်ဘေးရှောင်သျှမ်းပြည်သားများသည် ထိုင်းနယ်စပ် ချင်းရိုင်းခရိုင်တွင် မယ်ဆိုင်၊ မယ်ဖလုံ၊ ချင်းရိုင်း ၊ ချင်းမိုင်ခရိုင်တွင် ချင်းမိုင်၊ ချိုင်းဒေါဝ်၊ ဖှန်၊ မယ်အိုင်း၊ ချိုင်းပရကန်း၊ မယ်ဟောင်ဆောင်ခရိုင်တွင်မူ မယ်ဟောင်ဆောင် နှင့် မုံးပိုင်းမြို့နယ်တို့၌ ပြောင်းရွှေ့ကာ ဘ၀အမျိုးမျိုးဖြင့်နေထိုင်ရသည်ဟု ၁၉၉၈ ဧပြီလထုတ် သျှမ်းလူ့အခွင့်အရေးမဏ္ဌိုင်၏ အစီရင်ခံစာတွင်ဖေါ်ပြထားပါသည်။
ထို့အပြင် နယ်စပ်သျှမ်းကူညီရေးအဖွဲ့ စစ်တမ်းကောက်ယူမှုအရ စစ်ဘေးစစ်ဒဏ်အပြင် စီးပွားရေးအခက်အခဲကြောင့် နှစ်စဉ်နှစ်တိုင်းလည်း သျှမ်းပြည်သားများ နေရပ်စွန့်ခွါကာ ထိုင်းနိုင်ငံသို့ ရောက်ရှိနေကြောင်း၊ ယခုနှစ်ဆန်းပိုင်း တိုင်းရင်း သား လက်နက်ကိုင်တပ်ဖွဲ့များ အပစ်ရပ်စဉ်မှစ၍ ယနေ့အထိ နေရပ်စွန့်ခွါမှု ရှိနေသေး ကြောင်း၊ ဖှန်၊ ချိုင်းပရကန်း၊ မယ်အိုင်း သုံးမြို့နယ်အတွင်း သျှမ်းပြည်မှဝင်ရောက်လာသည့် လူဦးရေ လစဉ် ပျှမ်းမျှ ၂၅၀ ထက်မနည်း ရှိနေဆဲဖြစ်ကြောင်း၊ မယ်ဟောင် ဆောင်၊ ချင်းမိုင်၊ ချင်းရိုင်း ခရိုင်နယ်စပ်တလျှောက် တလလျှင် ၁၀၀၀ ထက်မနည်း ရှိကြောင်း နယ်စပ်ကူညီရေးအသင်း ဝင်တဦးက သျှမ်းသံတော်ဆင့်သို့ပြောပါသည်။
http://www.burmese.panglong.org/news/85-2008-08-01-03-14-40/3759-2012-12-26-10-30-08.html