မြန်မာအစိုးရ၏ လေကြောင်းအင်အား အသုံးပြု ထိုးစစ်ဆင်မှုကို ၀န်ခံပြောကြားလာမှုလည်း ရှိပြီး လေကြောင်း တိုက်ခိုက် ထိုးစစ်ဆင်မှုအပေါ် အလွန်အမင်း စိတ်ပျက်သည်ဟု အမေရိကန် ပြည်ထောင်စုက ထုတ်ဖော် ပြောဆိုလိုက်သည်။
“လေကြောင်းအင်အား အသုံးပြုတာနဲ့ ပတ်သက်ပြီး ကျမတို့ အလွန်အမင်း စိတ်ပျက်မိပါတယ်” ဟု အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ မစ္စ ဗစ်တိုးရီယား နုလန်းက ဗုဒ္ဓဟူးနေ့က သတင်းထောက်များကို ပြောသည်။
ဆက်လက်၍ သူက “မြန်မာအစိုးရနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့ကို ပဋိပက္ခစစ်ပွဲတွေ အပစ်အခတ်ရပ်စဲရေး ဖြစ်လာဖို့၊ ဒီအပြင် တခြား ပဋိပက္ခစစ်ပွဲဖြစ်ရာ ဒေသအားလုံးမှာလည်း ဒေသတည်ငြိမ် အေးချမ်းမှုတွေ ရရှိစေရေး မြန်မာအစိုးရအနေနဲ့ လုပ်ဆောင်နိုင်မှာတွေအတွက် စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေးတွေ ဖြစ်လာဖို့ ကျမတို့က ဆက်ပြီး တိုက်တွန်းနေမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
မြန်မာအစိုးရနှင့် KIO, ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့အကြား ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ပျက်ပြားပြီး ၂၀၁၁ ဇွန်လမှ စတင်၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမှုကြောင့် ဒေသခံပေါင်း ရ၅၀၀၀ ကျော် အိုးအိမ်စွန့် ထွက်ပြေးနေကြရသည်။
“အခုအထိ ကျမတို့ မြင်တွေ့နေရတဲ့ အခက်အခဲ အကျပ်အတည်းတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ် ကိစ္စပြီးရင် ဒီတခုက နောက်ဆုံးတခုပဲ ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား လူနည်းစုဒေသတွေမှာ ဖြစ်နေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး တလျှောက်လုံး စဉ်ဆက်မပြတ် စိုးရိမ်တဲ့အကြောင်း ထုတ်ပြောနေတာပဲ။ အခု ဒီလို လေကြောင်းသုံး တိုက်ခိုက်မှုကိစ္စကတော့ တော်တော် ဆိုးဆိုးဝါးဝါး စိုးရိမ်စရာဆိုတာ ရှင်းပါတယ်။ ကျမတို့ ဒီကိစ္စ မြန်မာအစိုးရနဲ့ ဆက်လက် ဆွေးနွေးနေမှာပါ” ဟု ဗစ်တိုးရီယားက သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားသည်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ကချင်လက်နက်ကိုင် အဖွဲ့များအပေါ် မြန်မာအစိုးရ စစ်တပ်က လေကြောင်း အင်အားသုံး တိုက်ခိုက်ခြင်းကို အလေးအနက်ထားပြီး အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်း သူ၏ ပြောခွင့်ရသူက ထုတ်ပြန်ကြေညာသည်။
ပဋိပက္ခစစ်ပွဲများ ဖြစ်ပွားရာဒေသရှိ ဒေသခံ အရပ်သားများ၏ ဘဝနှင့် အသက်အန္တရာယ် ထိခိုက်ပျက်ဆီးစေမည့် လုပ်ရပ်များ၊ ပဋိပက္ခ ကြီးထွားလာစေမည့် လုပ်ရပ်များကို မြန်မာအစိုးရ တာဝန်ရှိသူများ အနေဖြင့် ရှောင်ရှားကြရမည် ဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့အပြင် စစ်ပွဲများ ဆက်လက် ဖြစ်ပွားနေ၍ အိုးအိမ်များစွန့်ခွာ ထွက်ပြေးနေရသူ စစ်ဘေး ဒုက္ခသည်များ တိုးပွားလာသည့်အတွက် လူသားချင်း စာနာထောက်ထားသော အကူအညီပေးရေးအတွက် လိုအပ်နေသည့် အခြေအနေ ဖြစ်ပေါ်နေကြောင်း ကြေညာချက်တွင် သတိပေးထားသည်။
ပြည်တွင်းငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေက တပ်မတော်အနေဖြင့် ၎င်းတို့၏ စခန်းတခု ပြန်လည် ရရှိရန် တိုက်ခိုက်ခြင်းသာဖြစ်ကြောင်း AFP သို့ ပြောဆိုထားသည်။
မြန်မာအစိုးရ သတင်းမီဒီယာများက ယမန်နေ့က ကြေညာခဲ့ရာတွင် “တပ်မတော်သည် ထာဝရ ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါ၀င်တက်ရောက်ခဲ့ပြီး မိမိကိုယ်ကို ခုခံကာကွယ်ခြင်းမှ လွဲ၍ စခန်းများအား စတင် တိုက်ခိုက်ခဲ့ခြင်း မပြုခဲ့သော်လည်း ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် လဂျားယန် စခန်းသို့ ရိက္ခာ ပို့သည့် လမ်းကြောင်းရှိ မြစ်ကြီးနား – ဗန်းမော် ကားလမ်းအား အဓိက ပိတ်ဆို့နှောက်ယှက် တိုက်ခိုက်နေသည့် ကချင်ပြည်နယ် အရှေ့ပိုင်းရှိ ပွိုင့် -၇၇၁ တောင်ကုန်းနှင့် ပတ်ဝန်းကျင်အား ရှင်းလင်းခဲ့ရာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် တက်ရောက် သိမ်းယူနိုင်ခဲ့သည်။ ထိုသို့သိမ်းယူရာတွင် လေကြောင်း အကူအညီကို အသုံးပြုခဲ့ရသည်” ဟု ဖော်ပြထားသည်။
http://burma.irrawaddy.org/archives/29690