ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO အဖွဲ့တို့ မတ် ၁၁၊ ၁၂ ရက်များတွင် တရုတ်နိုင်ငံ ရွှေလီမြို့၌ ဆွေးနွေးခဲ့ကြပြီး၊ ယင်း ဆွေးနွေးပွဲ အတွေ့အကြုံများကို KIO ဗိုလ်ချုပ်ဂွန်မော်နှင့် ကိုယ်စားလှယ်အဖွဲ့က လိုင်ဇာမြို့ရှိ ကချင်ပြည်သူတို့အား ရှင်းလင်းတင်ပြ ခဲ့ကြောင်း သိရသည်။
လိုင်ဇာမြို့တော်ဝန်က အခမ်းအနားမှူးလုပ်ပြီး ကေအိုင်အို ဒုတိယ အထွေထွေအတွင်းရေးမှူး လက်ရှိ ကေအိုင်အိုရဲ့ ပြောရေးဆိုခွင့် ရှိသူ ဦးလနန်၊ ကေအိုင်အို ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်၊ ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် ဗိုလ်ချုပ်ဂွန်မော်တို့က ပြည်သူတွေကို ပြန်လည်တင်ခြင်း ဖြစ်သည်။
“ဗဟိုကော်မတီမှာ မတင်ပြခင် အခုလို ပြည်သူပြည်သားတွေကို အရင်တင်ပြတာ ဖြစ်ပါတယ်” ဟု ယင်း ဆွေးနွေးပွဲတွင် ဗို်လ်ချုပ်ဂွန်မော်က ပြောသည်။
မတ်လ ၁၂ ရက်နေ့ အစည်းအဝေးပွဲမှ ပြန်ရောက်လာသည့် ကေအိုင်အို ကိုယ်စားလှယ်များအား ကချင် ပြည်သူများ၊ ကျန်းမာရေးဌာန၊ ပညာရေးဌာန၊ စစ်ဘက် အရပ်ဘက် ဆိုင်ရာ အဖွဲ့များက သိုက်သိုက်ဝန်းဝန်း ကြိုဆိုကြပြီး နေ့လည် ၂ နာရီခန့် အချိန် လိုင်ဇာ အထက်တန်းကျောင်း ကျောင်းခန်းမဆောင်တွင် ပြုလုပ်သည့် စည်းဝေးပွဲ၌ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ထည့်သွင်း ဆွေးနွေးချက်များ၊ သဘောတူညီချက်များ၊ လိုက်လျောပေးရသည့် အချက်များကို တင်ပြသည်။
“မြန်မာအစိုးရနဲ့ တိုက်ပွဲဖြစ်တဲ့ အချိန်ကနေ ခုချိန်ထိ ဆွေးနွေးလာတဲ့အခါမှ ဒီတခေါက်က နည်းနည်းထူးပါတယ်။ ဘာတွေ ထူးတာလဲဆိုတော့ အရင်တုန်းက နောက်နားမှာပဲ ထိုင်တဲ့ Myanmar Peace Centre က ခုတော့ ရှေ့တက်ပြီး အများကြီး နေရာယူလာတာ တွေ့ရပါတယ်။ နောက်ပြီးတော့ အဖွဲ့တွေ အများကြီး ပါတဲ့အတွက် အကြံပေးချက်တွေ အများကြီး ရပါ တယ်” လို့ ဦးဆွမ်လွတ်ဂမ်က ပြောသည်။
“ကျနော်တို့ အနေနဲ့လည်း အလုံးစုံ မဆုံးဖြတ်နိုင်ပါဘူး၊ ခုက နိုင်ငံရေး ဆွေးနွေးမယ် ဆိုရင် စဉ်းစားစရာတွေကို ကျနော်တို့က သယ်လာပြီ၊ စဉ်းစားရမယ့် တာဝန်တွေ ရှိလာပြီ ပြည်သူအားလုံး ၀ုိင်း စဉ်းစား ဆုံးဖြတ်ပြီး ရှေ့ကို လှမ်းကြရအောင်” ဟု ၎င်းက ပြည်သူများအား တိုက်တွန်းသည်။
ဗိုလ်ချုပ်ဂွန်မော်က ဆွေးနွေးပွဲတွင် ပါ၀င်သည့် တရုတ်၏ ကဏ္ဍ၊ လူအများ မေးခွန်းထုတ်နေသည့် အပစ်အခတ်ရပ်စဲရေး အကြောင်းတွေကို အဓိကထားရှင်းပြသည်။
“အစောပိုင်း ဆွေးနွေးပွဲတွေမှာ ကျနော်တို့ဘက်က ပြောတာရှိတယ်။ သက်သေ အနေနဲ့ နိုင်ငံကြီးတွေပါရမယ်။ UN ကို တင်ပြထားတယ်။ အမေရိကန်ပါရမယ်။ အိမ်နီးချင်းဖြစ်တဲ့ တရုတ်ပါရမယ်။ ပြီးတော့ ကျနော်တို့ သမိုင်းကြောင်းကို သိတဲ့ ပြောခွင့်ရှိတဲ့ UK လည်းပါရမယ် ဆိုပြီး ပြောတာရှိတယ်။ ဘယ်သူမှ မတုန့်ပြန်ခင်မှာ တရုတ်က အရင်တုန့်ပြန်တာ ဖြစ်ပါ တယ်။ ခွဲလို့ မရတဲ့ မေ့ထားလို့ မရတဲ့ အိမ်နီးချင်း တရုတ်က သူပါမယ် လို့တောင်မပြောတော့ဘူး မြန်မာဘက်ကိုလည်း ခေါ် ကျနော်တို့ကိုလည်း ခေါ်ပြီး တခါတည်းတွေ့ပေးတာပါ” ဟု ၎င်းက ပြောသည်။
ယခုဆွေးနွေးပွဲသည် လူမသိ သူမသိ ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ မဟုတ်ကြောင်း၊ နားထောင်ပေးသူများ၊ သုံးသပ်ပေးသူများ၊ သက်သေ ပုဂ္ဂိုလ်များ ရှိနေပြီဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ကချင်-မြန်မာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တရုတ်သံရုံးမှ သံအမတ်နှင့်ဇနီး၊ ယူနန်ပြည်နယ် နိုင်ငံခြားဆက်ဆံရေးဌာနမှ တာဝန်ရှိ သူများ၊ တရုတ်နိုင်ငံ အာရှရေးရာ အထူးသံတမန် နိုင်ငံခြားရေး ဒုဝန်ကြီး ဟောင်း အသက်် ရ၁ နှစ်အရွယ်ရှိ ၀မ်ယင်းဖန် တို့ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် အပစ်အခတ်ရပ်စဲရေး ခိုင်မာဖို့ စောင့်ကြည့်သည့် အခါမှာ နိုင်ငံတကာက ပါရမည် ဟူသည့် စကားရပ်ကို ၀မ်ယင်ဖန်းက လုံးဝမနှစ်သက် သဖြင့် ကြေညာချက်၌ မပါရခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဂွန်မော်က ရှင်းပြသည်။
“နယ်စပ်တလျောက်ကို အနောက်နိုင်ငံသားတွေ ရောက်လာမှာကိုတော့ တရုတ်က မလိုလားဘူးဆိုတာ ကတော့ တရုတ် အနေနဲ့ စိုးရိမ်တဲ့ သဘောရှိပါတယ်” ဟု ၎င်းက ပြောသည်။
အပစ်ရပ်ကိစ္စနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ဂွန်မော်က “အပစ်ရပ်တဲ့ အဆင့်ထိသွားမယ်၊ ဒါပေမဲ့ကြားထဲမှာ ကြိုတင် သဘောတူရမယ့် အချက်တွေအများကြီး လုပ်ရဦးမယ် ပထမဆုံး အနေနဲ့ နိုင်ငံရေး ဆွေးနွေးပွဲလုပ်ဖို့ သဘောတူရမယ်၊ စောင့်ကြည့် သက်သေတွေရှိရမယ်၊ နောက်ပြီးတော့ မိမိကိုယ်ကိုခုံခံခြင်းမှ အပ ဆိုတဲ့ စကားလုံးမျိုးတွေ၊ တခြား အသေးစိတ် အချက်အလက်တွေ အများကြီးကို ပြင်ဆင်ပြီးမှ အပစ်ရပ်တဲ့အထိ သွားမယ်လို့ ပြောတာပါ။ အခု သတင်းဌာန တွေက ရေးကြတဲ့ အခါ အမှတ်မမှားအောင် ကြိုတင် ပြောပြတာဖြစ်ပါတယ်” ဟု ပြောသည်။
၎င်းက ဆက်လက်၍ “ကျနော်တို့နဲ့ ဆွေးနွေးတဲ့သူတွေက လက်ရှိစစ်မြေပြင်မှာ ကျနော်တို့နဲ့ တိုက်ခိုက်နေတဲ့သူတွေ ဖြစ်ပါတယ်။ မပခ တိုင်းမှူး၊ ရမခ တိုင်းမှူး၊ သူတို့အပေါ်က ကထစ မှူးပါတယ်၊ နောက် ကာကွယ်ရေးဝန်ကြီးဌာနက ကိုယ်စားလှယ်က ၂၀၀၉ BGF ကိစ္စနဲ့ တော်တော််လေး အကျိတ်အနယ် ဆွေးနွေးဖူးခဲ့သူ ဖြစ်ပါတယ်”ဟု ရှင်းပြသည်။
နောက်ပြီး KIO အနေဖြင့် နှစ် ၅၀ လုံးလုံး စည်းဝေးပွဲ၊ ဆွေးနွေးပွဲအတွေ့အကြုံတွေ ကောင်းကောင်းရှိကြောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ကိုယ်စားလှယ်များ ပြုံးရွှင်စွာဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ယခုနှစ် ဖေဖော်ဝါရီ ၄ ၊ မတ် ၁၁၊ ၁၂ တို့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး၊ နောက်တကြိမ် ဆွေးနွေးမှုကို ၂၀၁၃ ခုနှစ် ဧပြီ ၁၀ မတိုင်မီ ကျင်းပ သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
http://burma.irrawaddy.org/archives/35548