ချင်းမိုင် (မဇ္စျိမ) ။ ။ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က မြန်မာအစိုးရ နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ဆန္ဒရှိကြောင်း အင်္ဂါနေ့က အကြောင်းပြန်ကြားလိုက်ပြီဟု အဖွဲ့ပြောခွင့်ရသူ ဒုဥက္ကဋ္ဌ ဦးမျိုးဝင်း က ပြောသည်။
ABSDF ဒုဥက္ကဌ ကိုမျိုးဝင်း။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်သောင်းကိုယ်စား ဒုဗိုလ်မှူးကြီးဟောင်း စောခင်စိုး လက်မှတ်ထိုး၍ ကိုယ်တိုင် လာရောက်ပေးပို့သည့် ဇန်နဝါရီ ၁၀ ရက်စွဲပါ ကမ်းလှမ်းစာကို အကြောင်းပြန် လိုက်ခြင်းဖြစ်သည်။
စောခင်စိုး၏ စာတွင် ငြိမ်းချမ်းရေးစားပွဲဝိုင်းတွင် ‘တန်းတူညီတူ’ ဆွေးနွေးမည်ဟု ဖော်ပြပါရှိပြီး မိမိတို့ဘက်မှ သဘောဆန္ဒကို ပြန်ကြားလိုက်ခြင်းဖြစ်ကြောင်း ဦးမျိုးဝင်း က မဇ္စျိမကို ပြောသည်။
“နိုင်ငံရေးပြဿနာတွေကို တန်းတူညီတူ အဖြေရှာနိုင်ဖို့အတွက် ကျနော်တို့ဘက်ကလည်းပဲ ဆန္ဒရှိတယ်ဆိုတာကို အဓိကပါ။ တရားဝင်စာနဲ့တော့ မနေ့ကပဲ ကျနော်တို့ ဆက်သွယ်ရေး လမ်းကြောင်းကနေတဆင့် အကြောင်းပြန် လိုက်ပါပြီ” ဟု ပြောသည်။
ကျောင်းသားတပ်မတော် (ခေါ်) ABSDF အနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ စစ်မှန်သည့် ပြည်ထောင်စုတည်ဆောက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး စသည့် နိုင်ငံရေး လုပ်ငန်းစဉ်များကို ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း စာအတွင်း၌ ထည့်သွင်းဖော်ပြခဲ့သည်ဟု သိရသည်။
တွေ့ဆုံမည့် နေရာနှင့်ပတ်သက်၍မူ “ကျနော်တို့ရွေးချယ်မှုအတိုင်း သူတို့လက်ခံ ဆောင်ရွက်သွားမယ်လို့ သဘောထားကတော့ သူတို့ အကြမ်းမျဉ်း မိတ်ဆက်ပေးပါတယ်။ ဒီကိစ္စ တွေကို ကျနော်တို့ ဘာမှ မဆွေးနွေးရသေး ပါဘူး” ဟု ဦးမျိုးဝင်း က ပြောသည်။
ဦးသိန်းစိန် အစိုးရအနေနှင့် တိုင်းရင်းသား အဖွဲ့ ၅ ခုနှင့် အပစ်ရပ် သဘောတူညီမှုများ ရထားပြီးဖြစ်သော်လည်း တပြည်လုံးအတိုင်းအတာ အပစ်ရပ်ကာ နိုင်ငံရေးလုပ်ငန်းစဉ်များ ပါဝင်ရမည်ဟု အနှစ် ၂၀ ကျော် အတွေ့အကြုံကို အခြေခံ၍ သုံးသပ်ထားကြောင်း ဦးမျိုးဝင်းက ပြောသည်။
ABSDF ၏ တပ်ရင်း ၉ ရင်းအနက် အများစုမှာ မြန်မာအစိုးရနှင့် အပစ်ရပ် သဘောတူပြီးဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး KNU နယ်မြေအတွင်းနှင့် ကရင်နီ၊ မွန်၊ ကချင်နှင့် ရခိုင်ပြည်နယ်စပ်တို့တွင် အခြေခံ လှုပ်ရှားနေကြ
ခြင်း ဖြစ်သည်။
KNU နှင့် စစ်ရေးပူးပေါင်းလှုပ်ရှား ဆောင်ရွက်နိုင်ခြင်း မရှိဘဲ ဖြစ်လာနိုင်သည့်တိုင် နိုင်ငံရေးလုပ်ငန်းစဉ်များကိုမူ ဆက်လက်ဆောင် ရွက်နိုင်မည်ဟု KNU နှင့် နှစ် ၂၀ ကျော် ဆက်ဆံရေးအပေါ်အခြေခံ၍ ABSDF က ယုံကြည်သည်ဟု ဆိုသည်။
KNU အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်ကမူ အစိုးရနှင့် အပစ်ရပ်ထားသော်လည်း နိုင်ငံရေး လုပ်ငန်းစဉ်များဆွေးနွေးရန်ကျန်ရှိသေးသည်ဟု ပြောသည်။
“တပြည်လုံး အတိုင်းအတာ အပစ်ရပ်ရေးရမှ ပြေလည်မှာပေါ့လေ။ နိုင်ငံရေး ဆွေးနွေးစရာ အများကြီးရှိသေးတယ်။ (ABSDF နဲ့) လောလောဆယ် ပူးပေါင်းလှုပ်ရှားတာ ရှိသေးတာပေါ့။ မဟာမိတ်ကဏ္ဍမှာ ပြန်ဆွေးနွေးရမှာပေါ့” ဟု မဇ္စျိမကို ပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲဝင်ရန်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်က အစိုးရနှင့် ABSDF အကြား ငြိမ်းချမ်းရေး ဆွေးနွေးမည်ကို ကြိုဆိုလိုက်သည်။
ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ABSDF ၏ အခန်းကဏ္ဍသည် တိုင်းရင်းသားများနည်းတူ အရေးပါကြောင်း၊ သို့သော် အဖွဲ့အတွင်း အကျေအလည် သဘောတူရန် အရေးကြီးသည်ဟု သုံးသပ်သည်။
ထို့ပြင် မြန်မာ့တပ်မတော်၏ သဘောထားကိုလည်း သတိရှိရန် လိုသည်ဟု ထောက်ပြသည်။
“ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ သမ္မတက ထိုးစစ်တွေရပ်ပါလို့ ကာကွယ်ရေးဦးစီးချုပ်ကို ညွှန်ကြားတယ်။ ထိုးစစ်တွေ က ထိုးနေတုန်းပဲ။ သုံးဘက် ရှိတယ်ဗျ။ လက်နက်ကိုင်အဖွဲ့အစည်းများ အကုန် အစုံ၊ တဘက်က အစိုးရ သူတို့ survival အရ၊ သူတို့လုပ်ငန်းတွေ အောင်မြင်ဖို့အရ ငြိမ်းချမ်းရေး လိုအပ်ပြီဆိုတာ သိတယ်။ တဘက်က အစိုးရ စကားတောင်မှ နားမထောင်ဘဲနဲ့ ဒီနေ့အထိ ထိုးစစ် တွေ လုပ်နေတဲ့ စစ်တပ်ရှိတယ်” ဟု ဦးဝင်းတင်က မဇ္စျိမကို
ပြောသည်။
၁၉၈၈ ဒီမိုကရေစီအုံကြွမှုကြီးမှ ကျောင်းသားလူငယ်များဖြင့် ဖွဲ့စည်းခဲ့သည့် ABSDF အနေဖြင့် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် မိမိအဖွဲ့တွင်းနှင့် ပြည်တွင်း/ပြည်ပ ကျောင်းသားလူထု၏ သဘောထား အကြံဉာဏ်များ ရယူသွားရန် စီစဉ်နေကြောင်း သိရသည်။