Wednesday, March 7, 2012
ဦးအောင်သောင်း ခေါင်းဆောင်သည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် မကြာမီ တွေ့ဆုံ ဆွေးနွေးနိုင်ရန်အတွက် အစီအစဉ်များ ချမှတ်ရေးဆွဲနိုင်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အဖွဲ့မှ ၆ ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ၈ နာရီခွဲက ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ နှစ်နိုင်ငံချစ်ကြည်ရေးတံတားမှတဆင့် ရန်ကုန်မြို့သို့ ထွက်ခွာသွားပြီဖြစ်သည်။
ABSDF အဖွဲ့၏ အတွင်းရေးမှူး (၁) ကိုမြင့်ဦး ဦးဆောင်သည့် ၆ ဦးပါ ရှေ့ပြေးအဖွဲ့ကို ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တဦးဖြစ်သည့် စောထယ်နဆင်က မော်တော်ယာဉ် ၂ စီးဖြင့် လာရောက်ကြိုဆိုခြင်းဖြစ်ပြီး ဘားအံမြို့တွင် ၂ ရက် ရပ်နားပြီးနောက် ရန်ကုန်မြို့သို့ ဆက်လက်ထွက်ခွာမည်ဟု စောထယ်နဆင်က သတင်းထောက်များကို ပြောသည်။