“ကျနော်တို့ ဒီလယ်ယာမြေသိမ်းဆည်းမှုကိစ္စကို ကျနော်တို့ မီးမောင်းထိုးပြီးတော့ အဓိကဆွေးနွေးခြင်းဖြစ်တယ် ဒီလယ်ယာသိမ်းဆည်းမှုဆိုတာကလဲ အရင့်အရင်တုန်းကလဲ ဖြစ်ဖူးတယ် နောက်အခုကလဲအစိုးရတွေ ဖွံ့ဖြိုးရေးလုပ်မယ်ဆိုလို့ရှိရင် မြေယာသိမ်းဆည်းမှုတွေလဲ ထပ်ဖြစ်ပေါ်လာမှာစိုးရိမ်တဲ့ အတွက်ကြောင့် ကျနော်တို့ ဆွေးနွေးခြင်းဖြစ်တယ်ပေါ့နော်” လို့ ECDF ရဲ့ ဥက္ကဌဖြစ်တဲ့ ဆရာစိုးဝင်းကပြောပါတယ်။
ငြိမ်းချမ်းရေးကာလမှာ ဖွံ့ဖြိုးရေးကိုအခြေခံတဲ့ စီမံကိန်းလုပ်ငန်းတွေကြောင့် ဒေသခံလူထုတွေရဲ့ လယ်ယာမြေသိမ်းဆည်းခံရမှုအပေါ်မှာ သိမ်းဆည်းခံရတဲ့ လယ်ယာမြေပြန်ရရေး၊ နောက်ထပ် သိမ်းဆည်းမခံရအောင် ကာကွယ်လုပ်ဆောင်နိုင်ရေးတို့ကို လူထုအတွင်း ချပြနိုင်ဖို့ လုပ်ဆောင်ရခြင်းဖြစ်တယ်လို့ ဆရာစိုးဝင်းက ဆက်ပြောပါတယ်။
“ဒါကိုလူထုတွေကို အသိပေးပညာပေးရမှာပေါ့နော် ဒါမှလူထုရဲ့ ဆုံးရှုံးသွားတဲ့ ယာတွေကို ကျနော်တို့ ပြန်လည်ရရှိမယ် နောက်ထပ်ပြီးတော့ မဆုံးရှုံးရလေအောင် ကာကွယ်နိုင်အောင် ဆိုပြီးတော့မှ ကျနော်တို့ စည်းရုံးလုပ်ဆောင်သွားဖို့ လိုတယ်ပေါ့နော် ကျနော်တို့အဲဒါ ဆက်လုပ်နေဖို့ ကျနော်တို့မှာတာဝန်ရှိတယ်လို့ ကျနော်မြင်တယ်လေ”
ဒီဆွေးနွေးပွဲကို ECDF အဖွဲ့ဝင် အဖွဲ့အစည်းများဖြစ်ကြတဲ့ ကချင်ဖွံ့ဖြိုးရေးကွန်ယက်၊ ကရင်ကယ်ဆယ်ရေးနဲ့ဖွဲ့ဖြိုးရေးအဖွဲ့၊ ကရင်နီလူမှုဖွံ့ဖြိုးရေးကဏ္ဍ၊ ချင်းလူထုဖွံ့ဖြိုးရေးကွန်ယက်၊ မွန်ကယ်ဆယ်ရေးနဲ့ဖွံ့ဖြိုးရေး၊ ရခိုင်လူငယ်များနှင့်ကျောင်းသားများသမဂ္ဂ၊ ရှမ်းကယ်ဆယ်ရေးနဲ့ဖွံ့ဖြိုးရေး အဖွဲ့တို့က မိမိတို့တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ လုပ်ငန်းအကြောင်းအရာတွေကို တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။
ECDF အဖွဲ့ကို ၂၀၀၄ ခုနှစ်က တိုင်းရင်းသားလူမျိုးပေါင်းစုံ အဖွဲ့အစည်းတွေနဲ့ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ တိုင်းရင်းသားဒေသမှာ ဖြစ်ပေါ်နေတဲ့ အကြောင်းအရာတွေကို လာရောက်ဆွေးနွေး တိုင်ပင်ကြပြီးလူထုဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများကို စည်းရုံးလှုံ့ဆော်မှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
http://www.ktimes.org/index.php/rokstoriesnews/285-ecdf