စက်တင်္ဘာ ၂၄ ရက်၌ နမ္မတူမြို့နယ် ဆိုင်းခေါင်ဝ်ကျေးရွာအုပ်စုဘက် လှုပ်ရှားသည့် အစိုးရတပ် ခမရ ၃၂၄ နှင့် ပူးပေါင်းတပ်ဖွဲ့များက ပန်ဝိုးရွာထဲဝင်၍ ရွာသားတစ်ချို့အား ပေါ်တာဖမ်းခေါ်သွားကြောင်း၊ ပန်ဝိုးရွာမှ ပန်မော့ခန်ရွာ အသွားလမ်း၌ ခရီးတထောက်နားစဉ် ၎င်းတို့လက်ပစ်ဗုံး ပေါက်ကွဲသောကြောင့် ဒေသခံ လမ်းပြ စိုင်းပီး(လုံးစိုင်း မိုင့်ဟုံး ပန်ဝိုး) အသက် ၅၀ နှင့် စစ်သားတဦး နှစ်ဦးပွဲချင်းပြီးသေဆုံးကြောင်း ဆိုင်းခေါင်ဝ်အုပ်စုဝင် ရွာသားများက ပြောပါ သည်။
ဗုံးသံကြောင့် ပြောင်းခြံအတွင်း အလုပ်လုပ်နေသည့် စိုင်းနောင့်လုံ နှင့် စိုင်းနောင့်အွန် တို့ညီအစ်ကို လှန့်၍ ထွက်ပြေး ရာ အဆိုပါ စစ်ကြောင်းက လက်နက်ကြီး၊ လက်နက်ငယ်ဖြင့်လှမ်းပစ်သဖြင့် လက်နက်ကြီးဆံ မှန်သည့် ညီအစ်ကို နှစ်ဦးအားဖမ်းဆီး၍ တပ်ကုန်းသို့ခေါ်ဆောငစစ်ဆေးခဲ့သည်ဟုဆို၏။ လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပတ်သက်သည့် အထောက် အထားမရှိသောကြောင့် ယမန်နေ့က ပြန်လွှတ်ပေးလိုက်ပြီဖြစ်သော်လည်း အစ်ကိုဖြစ် သူမှာ ဒဏ်ရာ ပြင်းထန် သောကြောင့် ယနေ့မနက်ပိုင်း နမ္မတူဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်းဒေသခံ များက ပြောပါသည်။
“ ဆိုးတာက သေဆုံးသွားတဲ့ လုံးစိုင်းမှာ သားသမီး ၆ ယောက် ရှိတယ်။ ကျောင်းတက်အရွယ်ကလေးတွေပေါ့နော်။ အငယ်ဆုံးတွေက ၈ နှစ် တစ်ယောက် ၁၀ နှစ်တစ်ယောက်၊ နှစ်ယောက်လုံး မူလတန်းဘဲ။ ဗမာတပ်က ထောက်ပံ့ ငွေပေးမယ်ပြောတယ်။ အခုထက်ထိဘာမှ မလာသေးဘူး။ တော်သလင်း လပြည့်မှာ လုံးစိုင်းအတွက် ဆွမ်းသွတ် တရားနာမယ်။ ရွာဘုန်းကြီးကျောင်းမှာဘဲ။” - ဟု ကျန်းမာရေးအသိုင်းအဝိုင်းက ပြောပါသည်။
တောင်ကြီးတွင် ပြည်နယ်လွှတ်တော်အစည်းအဝေးတက်ရောက်နေသော် ကျားဖြူပါတီ၏ ပြည်နယ်လွှတ်တော်အမတ် နန်းခမ်းအေး က တော့ အဆိုပါကိစ္စအား မသိရှိရသေး ကြောင်း သျှမ်းသံတော်ဆင့်သို့ပြောပါသည်။
နမ္မတူမြို့နယ်အတွင်း၌ သျှမ်းပြည်တပ်မတော်(SSPP/SSA)နှင့် ပလောင်အမျိုးသားလွတ်လပ်ရေးတပ်မတော် (TNLA) တို့ လှုပ်ရှားမှု မရှိစေရန်၊ ၎င်းတို့အားလည်း ကူညီထောက်ပံ့မှု မပြုရန် ကျေးရွာအကြီးအကဲများအား တားမြစ်ထား သည်ဟုလည်း သတင်းထွက်ရှိနေပါသည်။
http://www.burmese.panglong.org/news/90-2008-08-03-06-47-55/3528-2012-09-27-10-21-50.html