ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်း နယ်မြေအတွင်း ကယ်ဆယ်ရေးစခန်း  (၃၁) ခုမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေအတွက် အနီးတဝိုက်  ရွာတွေက ရိက္ခာနဲ့ ပစ္စည်းတွေ သွားရောက် လှူဒါန်းနေကြရာမှာ မနေ့ကတော့  ဖားကန့်နဲ့ (၁၅) မိုင်အကွာ တာမခံကျေးရွာက အလှူပစ္စည်းတွေ တင်ဆောင်လာတဲ့ ကား (၅) စီးဟာ  မိုင်းပေါက်ကွဲမှုနဲ့ ကြုံခဲ့ရကြောင်း သိရပါတယ်။
      
      RFA
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့်  တိုက်ပွဲများကြောင့် ၂ဝ၁၁ ခုနှစ် ဇွန်လအတွင်း တရုတ်-မြန်မာနယ်စပ်  လိုင်ဇာမြို့ကို ဝင်ရောက် ခိုလှုံလာသော မြန်မာနိုင်ငံသား တချို့ကို  တွေ့ရပုံ။
           တာမခံကနေ ဖားကန့်ကိုအလာ ကသိုင်းတောင်နဲ့ နတ်မှော်ရွာကြားမှာ  အဲဒီကားတွေရဲ့ ရှေ့ ကိုက် ၃၀၀ လောက် အကွာမှာ မိုင်း ၂ လုံး  ပေါက်ကွဲခဲ့ပါတယ်။ ကားတွေပေါ်မှာ သံဃာတော်တွေ၊ ဒေသခံ ပြည်သူတွေ  လိုက်ပါလာကြပေမဲ့ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ သိရပါတယ်။
ဖားကန့်မြို့နယ်၊ ဟောင်ပါး ကျေးရွာအုပ်စု၊ တာမခံ ဒေသက သံဃာတော်တွေ၊ NLD  ပါတီဝင်တွေ၊ လူမှုရေး အဖွဲ့အစည်းတွေပါ၀င်တဲ့ အဲဒီအလှူအဖွဲ့ဟာ  ဒုက္ခသည်စခန်းကို ဆက်လက် ထွက်ခွာ လာခဲ့ကြပြီး ငွေကျပ်သိန်း ၄၀ ဖိုးရှိတဲ့  ဆန်နဲ့အခြေခံ  စားကုန်တွေ၊ ကလေး သူငယ်တွေအတွက် ကျောင်းသုံးစာအုပ်နဲ့  စာရေးကိရိယာတွေကို လှူဒါန်းခဲ့ကြကြောင်း ဖားကန့်မြို့နယ် NLD တာဝန်ခံ  ဦးဟန်မြင့်က RFA ကို ပြောပါတယ်။
"ဆန်အိတ်က ၂၉၀ ပါ။ ဆီပုံးက ၃၀ ပါ။ နောက်  ငွေက ဒီလာလှူဒါန်းထားတာ ငွေသိန်း ၄၀ ပါ။ ဒုက္ခသည်များအတွက်  အခြားအသုံးအဆောင် ပစ္စည်းများကို တာမခံကျေးရွာသူ ကျေးရွာသားများက  နေပြီးတော့ စုပေါင်းပြီးတော့ လာရောက် လှူဒါန်းကြပါတယ်"
အခုလို ဖားကန့်မြို့နယ် အတွင်းက သံဃာတော်တွေ၊ ဒေသခံ ပြည်သူတွေ၊ မြို့နယ်  NLD ပါတီဝင်တွေ ပူးပေါင်းပြီး စစ်ဘေးရှောင် ဒုက္ခသည်တွေကို  လှူဒါန်းနေခဲ့တာ အခုဆိုရင် ငွေကျပ် သိန်း ၂၄၀ ဖိုးလောက် ရှိသွားပြီလို့  သိရပါတယ်။
http://www.rfa.org/burmese/news/mine-explode-kachin-09022012205358.html