2012-09-02
ရှမ်းပြည်မြောက်ပိုင်းမှာ ကေအိုင်အိုနဲ့ ပလောင် လွတ်မြောက်ရေး တပ်မတော် ပူးပေါင်းတပ်တွေနဲ့ မြန်မာအစိုးရတပ်တွေ အကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတာကြောင့် ဒေသခံ ပြည်သူ ထောင်ဂဏန်းလောက် ပြည်တွင်း တောတောင်တွေအတွင်း စစ်ဘေးလွတ်ရာ တိမ်းရှောင် နေရတယ်လို့ သိရပါတယ်။"ပြီးခဲ့တဲ့ ၃၀၊ ၃၁ ရက်နေ့ကတော့ တိုက်ပွဲအငယ်လေးတွေ ဖြစ်တယ်ခင်ဗျ။ နမ့်ဆန်မြို့နယ်မှာ တနေရာ မန်တုံဘက်မှာလည်း ဖြစ်တယ်။ မန်တုံဘက်မှာ ဖြစ်တာတော့ ကေအိုင်အို တပ်ရင်း ၃၄ အဓိက ဦးဆောင်ပြီး နေရာချထားတဲ့ နေရာပေါ့။ နမ့်ဆန်၊ မန်တုံနောက်ကြောဘက်မှာ အဓိက လှုပ်ရှားတာကတော့ ကျောက်မဲ အခြေစိုက် ၅၀၁ နဲ့ ၅၀၂ ပြီးတော့ မန်တုံတပ် ခလရ ၁၃၀၊ ကျွန်တော်တို့ ပလောင်တပ်ဖွဲ့နဲ့ ကေအိုင်အေ အခြေချနေတဲ့ ဒေသတွေကို သူတို့က ၀င်လာတာ နမ့်ဆန်၊ မန်တုံ ကွတ်ခိုင်ဒေသက။ ကျွန်တော်တို့ တအာင်းဒေသက သြဂုတ်လ ဒုတိယ အပတ်ကနေ စပြီးတော့ ထိုးစစ်တွေက အများကြီး ၀င်လာတယ်။ ကျွန်တော်တို့ တွက်ကြည့်တာ တပ်ရင်းပေါင်း ၁၆ ရင်းထက်တော့ မနည်းတော့ဘူး။ စုစုပေါင်း ၁၀၀၀ ကျော်လောက်တော့ ရှိမယ်ခင်ဗျ။"
သြဂုတ်လ ၂၈ ရက်နေ့ကလည်း မန်တုံမြို့နယ် အတွင်းမှာ နှစ်ဘက်တပ်တွေ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီဒေသမှာ SSA ရှမ်းပြည်မြောက်ပိုင်းလို့ လူသိများတဲ့ SSPP/SSA တပ်၊ အခု တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်နဲ့ ကေအိုင်အေ တပ်တွေ ပူးတွဲ လှုပ်ရှားနေထိုင်တဲ့ ဒေသ ဖြစ်ပါတယ်။
အခုတလော မြန်မာအစိုးရတပ်က ဒေသခံ ပလောင်လူမျိုးတွေကို လမ်းပြခေါ်ခိုင်းတာ၊ ပေါ်တာ ထမ်းခိုင်းတာတွေလည်း လုပ်နေတယ်လို့ သူကပြောပါတယ်။ အခုလို တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတာကြောင့် ဒေသခံပြည်သူ အများစု စစ်ဘေးလွတ်ရာ တောတောင်တွေထဲ ထွက်ပြေး တိမ်းရှောင်နေကြရတာ အခုဆိုရင် ထောင်ဂဏန်းလောက်ရှိပြီး အကူအညီတွေလည်း အများအပြား လိုအပ်နေတဲ့ အကြောင်း အဲဒီ ပလောင်တပ်မှူးက ဆက်ပြောပြပါတယ်။
"နမ့်ဆန်နဲ့ မန်တုံအောက်ပိုင်းကတော့ ကိုယ့်ရွာမှာပဲ ကိုယ်နေရတယ်။ ဒါပေမဲ့ ရွှေလီမြစ်နဲ့ နဲနဲနီးတဲ့ မန်တုံ အထက်ပိုင်းတွေမှာတော့ တုံဟုန်းတို့ ကုန်းဘောင်တို့ အဲဒီဘက်မှာတော့ ဒုက္ခသည်ကတော့ ၁၀၀၀ ၀န်းကျင်လောက်တော့ ရှိတယ်ခင်ဗျ။ ပလောင်ရွာတွေ ကချင်ရွာတွေမှာ ရှိတဲ့ ပြည်သူတွေက စစ်ဘေး ရှောင်နေရတယ်။ ကေအိုင်အေ တိုက်ပွဲ ဖြစ်ကတည်းက သုံးလေး ငါးလလောက် ရှိတယ်။ ဒီနောက်ပိုင်းမှာတော့ ထပ်တိုးလာတာပေါ့။ အကူအညီတွေကတော့ ပလောင် အမျိုးသမီးအဖွဲ့တို့ လူငယ်အဖွဲ့တို့ မန်တုံမှာရှိတဲ့ ဒေသခံအချို့၊ သူတို့ဝိုင်းကူကြတယ်။ ပြီးတော့ ကချင်ခရစ်ယာန် အဖွဲ့တွေပေါ့။ အဝတ်အစားတွေ ဆေးတွေ နည်းနည်းဝင်ကူတာ ရှိတယ်။ ဒုက္ခသည်တွေက ဖြစ်သလိုပဲ တောထဲမှာ ရွာပုံး ရွာရှောင်တွေ ပြေးနေရတယ် ဆိုတော့ ငှက်ဖျားတွေ ဖြစ်တာတို့၊ ၀မ်းလျှောတာတို့ အများကြီးတော့ ဒုက္ခတွေ ရောက်နေတာပေါ့ "
ဒုက္ခသည်တွေ တိမ်းရှောင်နေတဲ့ ဒေသဟာ နယ်စပ်နဲ့ ဝေးတဲ့အပြင် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတဲ့ နေရာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာအစိုးရဟာ အခုလို စစ်အင်အား တိုးချဲ့ပြီး ထိုးစစ်ဆင်နေတာဟာ ရှမ်းပြည်မြောက်ပိုင်းမှာ လက်နက်ကိုင် အဖွဲ့အစည်း မရှိရေး ရည်မှန်းချက်နဲ့ ပြည်သာယာ စစ်ဆင်ရေး စီမံချက်အတိုင်း လုပ်ဆောင်နေတာ ဖြစ်ကြောင်း၊ ဒီလိုစစ်ရေးနဲ့ ဖိအားပေးပြီး ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်တာဟာ ဘယ်တော့မှ ပြေလည်သွားနိုင်မှာ မဟုတ်ကြောင်း အဆိုပါ ပလောင်တပ်မှူးက ပြောပါတယ်။
http://www.rfa.org/burmese/news/kio-palaung-joint-troop-battle-with-government-troop-09022012111320.html