စက်တင်ဘာလ ၁၄ ရက်နေ့က ကချင်ပြည်နယ်သို့ ရောက်ရှိနေကြသော ၈၈ မျိုးဆက်ကျောင်းသားများ ဖြစ်ကြသည့် ဦးမင်းကိုနို်င်၊ ဦးပြုံးချို၊ ဦးဌေးကြွယ်၊ ဦးသက်ဇော်နှင့် ဦးမာကီး တို့ ၅ ဦးသည် ယမန်နေ့နှင့် ယနေ့တွင် ဖားကန့်ဒေသ ကချင်စစ်ပြေး ဒုက္ခသည်စခန်းများသို့ သွားရောက်ကာ အလှူငွေများ ပေးအပ်ခြင်း၊ အားပေးနှစ်သိမ့်ခြင်းများ ပြုလုပ် နေကြသည်။
“အားလုံးက အပစ်အခတ် ရပ်စဲပေးဖို့၊ နောက် စစ်မက်ဖြစ်ပွားမှုတွေကို မလိုလားဘူး။ ပုံမှန် ငြိမ်းချမ်းမှုကိုပဲ လိုလားတယ်။ စစ်ကြောင့် အကြောက်တရားတွေ၊ စိုးရိမ်မှုတွေ မလိုလာဘူးဆိုတာတွေအတွက် ပူးပေါင်းပြီးတော့ ကျနော်တို့ လက်မှတ် ရေးထိုးပွဲတခုကို ဆောင်ရွက်ဖို့ အခု စီစဉ်နေပါတယ်။ ဒီနေ့ကို လုပ်နိုင်အောင် ကြိုးစားနေပါတယ်” ဟု ဦးပြံုးချိုက ဧရာဝတီကို ပြောသည်။
ဒေသခံ ပြည်သူများ၊ ခရစ်ယာန်သင်းအုပ်ဆရာများ၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများနှင့် ၈၈ မျိုးဆက် ကျောင်းသားများ ပူးပေါင်းကာ လက်မှတ်ရေးထိုး တောင်းဆိုမှုတခု လုပ်ရန်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ကချင်ပြည် ငြိမ်းချမ်းရေးရရှိရေးကို ယဉ်ကျေးသည့် လူ့အဖွဲ့အစည်းတခုလုံုးက လိုလားနေကြောင်းလည်း ကိုမင်းကိုနိုင်က ဒေသခံများကို ယမန်နေ့က နှုတ်ဆက်စကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
“ကျောက်မျက်ရတနာ ကျောက်စိမ်းတွေ ဒီလောက်ထွက်တဲ့ နေရာမှာ လာရတဲ့လမ်းက ကျနော့်ဘဝမှာ သွားခဲ့ဖူးတဲ့ လမ်းတွေထဲက အဆိုးဆုံးပဲ။ အခုလည်း ဒီဖားကန့်ဒေသမှာ ဘုရားကျောင်း ခေါင်းလောင်သံတွေ၊ ကျောင်းခေါင်းလောင်းသံတွေ ကြားချင်တယ်၊ ဖားကန့်ဒေသ သေနတ်သံတွေ ငြိမ်းပါစေ၊ ကချင်ပြည်နယ် သေနတ်သံတွေ ငြိမ်းပါစေ”ဟု ဦးမင်းကိုနိုင်က ပြောသွားသည်။
၄င်းတို့ အဖွဲ့သည် ဖားကန့်ဒေသရှိ စစ်ပြေးဒုက္ခသည်များ ယာယီတည်းခိုနေကြသည့် ခရစ်ယာန် ဘုရားကျောင်းများ၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများနှင့် ဒုက္ခသည်စခန်း စုစုပေါင်း ၉ ခုတို့ကို ယမန်နေ့နှင့် ယနေ့ ၂ ရက်အတွင်း ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဦးပြံုးချိုက “ဒီမှာနေတဲ့ ဒေသခံတွေ တော်တော်များများက စိုးရိမ်စိတ်တွေ ကြီးစိုးနေတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့နေထိုင်မှု ဘဝတွေ ပျက်စီးကုန်မှာရယ်၊ နေ့စဉ်နဲ့အမျှ ထိတ်လန့်မှုတွေနဲ့ နေရပြီး ရေရှည်မှာ ရပ်တည်ရေး ခက်ခဲလာတာတွေ၊ အဲဒါကြောင့်မို့ သူတို့ဒေသမှာ စစ်ပွဲတွေဆက်ပြီးဖြစ်မှာ မလိုလားဘူး။ ဒေသတခုလုံး ငြိမ်းချမ်းရေးကိုပဲ သူတို့ လိုလားတယ်” ဟု ဆိုသည်။
ယခု တွေ့ရှိရသည့် ဖားကန့်ဒေသခံများမှာလည်း စစ်ဘေးကို ကြောက်ရွံ့့ပြီး ပြေးရန်မစွမ်းသာ၍ ကျန်ရှိနေသူများ ဖြစ်ကြောင်း သူက ဆက်ပြောသည်။
၈၈ မျိုးဆက်ကျောင်းသားများသည် မကြာသေးမီက နှစ်ဖက် ပစ်ခတ်မှုများအကြား သေဆုံးသွားခဲ့ရသည့် ၉ တန်း ကျောင်းသူ၏ ဖခင်အပါအဝင် ကျောင်းနေဖက် သူငယ်ချင်းများကိုလည်း သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
“သူတို့တွေနဲ့ တွေ့တဲ့အခါမှာ သူတို့တွေက သူတို့ရဲ့ အရင်းနှှီးဆုံး လူတယောက် ဒီလို သေဆုံးခဲ့ရတဲ့အတွက် အရမ်းကို ၀မ်းနည်းကြေကွဲနေကြတယ်။ နောက်ပြီးတော့လည်း သူတို့ဟာ နောက်နေ့တွေ ဖြတ်သန်းဖို့အတွက် ပူပန်မှုတွေ၊ စိုးရိမ်မှုတွေ သူတို့မှာ ပေါ်လွင်နေတာကို ကျနော်တို့ မြင်တွေ့ရတယ်” ဟု ကိုပြံုးချိုက ပြောသည်။
စက်တင်ဘာလ ၁၅ ရက်နေ့က မြစ်ကြီးနားမြို့ မနောကွင်းတွင် ကျင်းပသည့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ ဟောပြောပွဲတွင် ၈၈ မျိုးဆက်ကျောင်းသားများက ၄င်းတို့၏ စေတနာဝသန် ဂီတ ရန်ပုံငွေပွဲ ရရှိငွေများထဲမှ ကျပ်ငွေ ၁၇၅ သိန်းကို လှူဒါန်းရာ ကချင် နှစ်ချင်းခရစ်ယာန် အသင်းတော်ချုပ်က ကျပ်ငွေ သိန်း ၅၀၊ မြစ်ကြီးနား ကက်သလစ် အသင်းတော်က ငွေကျပ် သိန်း ၅၀၊ ကချင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တဦးက ပူတာအိုဒေသအတွက် ငွေကျပ် ၂၅ သိန်း အသီးသီး လက်ခံရယူသည်။
ဖားကန့်နှင့် မိုးကောင်း ခရီးစဉ်အတွင်း နောက်ထပ် အလှူငွေ ကျပ် ၂၅ သိန်းကိုလည်း ဆက်လက်လှူဒါန်းပြီး ဒေသခံများကလည်း နွေးထွေးစွာ ကြိုဆိုကြကြောင်း၊ ၈၈ မျိုးဆက်ကျောင်းသားများသည် စက်တင်ဘာလ ၁၉ ရက်နေ့တွင် မြစ်ကြီးနားမြို့သို့ ပြန်လည် ရောက်ရှိမည်ဖြစ်ပြီး ထိုမှတဆင့် လေကြောင်းခရီးဖြင့် ရန်ကုန်သို့ ပြန်လာမည် ဖြစ်ကြောင်းသိရှိသည်။
ကချင်ပြည်နယ်တွင် စစ်ဘေးဒုက္ခသည် ၂ သောင်းကျော်ရှိကြောင်း သိရသည်။
http://burma.irrawaddy.org/archives/20448