“ထိပ်သီးခေါင်းဆောင်တွေ တွေ့ကြညှိကြတာ အခုအထိ ဘာအဖြေမှ မပေါ်ဘူး။ ဘာမှလည်း ထူးလာတာမရှိဘူး။ ပြီးတော့ ပြည်သူတွေ ပူးပေါင်းမှု မပါ၀င်ရင် ကျနော်တို့ အမြဲတမ်း ဥပမာပေးနေကျ ကြက်ဆူပင်တောင် စိုက်လို့မရဘူး။ ဒါကြောင့် ပြည်သူတွေရဲ့ သဘောဆန္ဒတွေ၊ ခံစားချက်တွေ သိဖို့တော့ အရမ်းလိုအပ်တယ်။ အဲဒါမှ အဖြေကထွက်လာမှာပါ” ဟု စက်တင်ဘာ ၂၄ ရက်နေ့က ရန်ကုန်မြို့ရှိ ၈၈ မျိုးဆက်ကျောင်းသားများ ရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ကိုမင်းကိုနိုင်က ဆိုသည်။
ဖားကန့်ဒေသခရီးစဉ်သို့ သွားရောက်စဉ်တွင် မြန်မာစစ်အစိုးရနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲသံ မကြားရသဖြင့် ဖားကန့်ဒေသရှိ ပြည်သူများသည် အလွန်ဝမ်းမြောက်ကာ ၈၈ မျိုးဆက်ကျောင်းသားများ၏ ရုံးကို အဆိုပါနေရာတွင် လာရောက်ထူထောင်ရန် တိုက်တွန်းမှုများလည်း ရှိသည်ဟု သိရသည်။
“ကျနော်တို့ ရောက်တဲ့ရက်ကနေပြီး တိုက်ပွဲဖြစ်တဲ့အသံတွေ မကြားရတော့ ဒေသခံတွေက ၀မ်းသာပြီး ညနေပိုင်း အပြင်မထွက် ထိုင်ရတာ တော်တော်ကြာပြီဆိုပြီး ပြောနေကြတယ်။ အဲဒီဒေသတွေမှာ စစ်ပွဲထပ်ဖြစ်နေရင်တော့ ဒေသခံတွေ အစာငတ်ဖြစ်ဖို့အလားလာ အများကြီးရှိပါတယ်” ဟု ကိုမင်းကိုနိုင်က ဆိုသည်။
ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ပြည်သူများ၏ မေတ္တာရပ်ခံချက်တွင် လက်မှတ်ရေးထိုးသူ လူဦးရေ သောင်းဂဏန်းအထိ ရောက်ရှိလာပြီး ယနေ့အချိန်အထိ နေ့စဉ် လက်မှတ်ထိုးလှုပ်ရှားမှုများ လုပ်နေကြောင်း၊ အစိုးရဝန်ထမ်းများကလည်း ပူးပေါင်းပါဝင်ကြောင်း သိရသည်။
ယင်းမေတ္တာရပ်ခံချက်ကို ဖားကန့်ဒေသအပြင် မိုးကောင်း၊ ခန္တီး၊ နမ္မတီးစသည့် ဒေသများတွင်လည်း လုပ်ဆောင်နေသည်။
မေတ္တာရပ်ခံချက်ကို ကချင်ပြည်နယ်တခုလုံး၊ ပြည်ထောင်စုတခုလုံးအထိ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ မေတ္တာရပ်ခံချက်ကို သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့သို့ လာမည့်နှစ်ပတ်အတွင်း ပေးနိုင်အောင်လည်း ဆောင်ရွက်နေကြောင်း သိရှိရသည်။
စက်တင်ဘာလ ၁၄ ရက်နေ့တွင် ၈၈ မျိုးဆက်ကျောင်းသားများ ဖြစ်ကြသည့် ဦးမင်းကိုနို်င်၊ ဦးပြုံးချို၊ ဦးဌေးကြွယ်၊ ဦးသက်ဇော်နှင့် ဦးမာကီး တို့ ၅ ဦးသည် ဖားကန့်ဒေသ ကချင်စစ်ပြေး ဒုက္ခသည်စခန်းများသို့ သွားရောက်ကာ အလှူငွေများ ပေးအပ်ခြင်း၊ အားပေးနှစ်သိမ့်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
စက်တင်ဘာလ ၁၅ ရက်နေ့က မြစ်ကြီးနားမြို့ မနောကွင်းတွင် ကျင်းပသည့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ ဟောပြောပွဲတွင် ၈၈ မျိုးဆက်ကျောင်းသားများက ၄င်းတို့၏ စေတနာဝသန် ဂီတ ရန်ပုံငွေပွဲ ရရှိငွေများထဲမှ ကျပ်ငွေ ၁၇၅ သိန်းကို လှူဒါန်းရာ ကချင် နှစ်ချင်းခရစ်ယာန် အသင်းတော်ချုပ်က ကျပ်ငွေ သိန်း ၅၀၊ မြစ်ကြီးနား ကက်သလစ် အသင်းတော်က ငွေကျပ် သိန်း ၅၀၊ ကချင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တဦးက ပူတာအိုဒေသအတွက် ငွေကျပ် ၂၅ သိန်း အသီးသီး လက်ခံရယူခဲ့သည်။
ဖားကန့်နှင့် မိုးကောင်း ခရီးစဉ်အတွင်း နောက်ထပ် အလှူငွေ ကျပ် ၂၅ သိန်းကိုလည်း ဆက်လက်လှူဒါန်းပြီး ဒေသခံများကလည်း နွေးထွေးစွာ ကြိုဆိုခဲ့ကြကြောင်းသိရသည်။ ကချင်ပြည်နယ်တွင် စစ်ဘေးဒုက္ခသည် ၂ သောင်းကျော်ရှိကြောင်း သိရသည်။
http://burma.irrawaddy.org/archives/21321