တရွာမှာ ၁၀ အိမ်ထောင်လောက်ရှိပြီး အခုဆိုရင် စုစည်းရွာ ဆယ်ရွာလောက် ရှိနေပါပြီလို့ မျက်မြင်တွေ့ခဲ့တဲ့ ရှားတောမြို့နယ် ဒေသခံ တယောက်က ပြောပါတယ်။
ဒီလိုပြန်လာ နေထိုင်ကြသူတွေထဲမှာ မှတ်ပုံတင် မရှိကြတဲ့သူတွေက လူဝင်မှု ကြီးကြပ်ရေးရုံးနဲ့ မှတ်ပုံတင်ရေး ဦးစီးဌာန နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ လူဦးရေစာရင်းလာရောက် ပေးပို့ထားကြတယ်လို့ ရှားတောမြို့နယ် လူဝင်မှု ကြီးကြပ်ရေးဌာနနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ အမည်မဖော်လိုသူ ဝန်ထမ်းတယောက်က ပြောပါတယ်။
“ပြည်နယ်ဝန်ကြီးချုပ် ဆီကနေ ခွင့်ပြုမိန့် ရပြီဆိုရင်ကျနော်တို့က ပြန်လာတဲ့ ဒုက္ခသည်တွေအတွက် အိမ်ထောင်စုစာရင်းတွေ မှတ်ပုံတင်တွေကို စတင်ပြီးလုပ်ပေးမှာပါ။ အထက်က ညွန်ကြားချက်လာမှ လုပ်ပေးရမှာဖြစ်တယ်။ မလုပ်ပေးနိုင်တာတော့မဟုတ်ဘူး။ ခွင့်ပြုမိန့်ကို စောင့်နေရတာပါ”
ကရင်နီအမျိုးသား တိုးတက်ရေးပါတီရဲ့ အမြင်သဘောထားအရ ကရင်နီဒုက္ခသည် စခန်းသူ၊ သားတွေအနေနဲ့ အာမခံချက် တစုံတရာမရှိသေးဘူး ဆိုရင် ပြန်ဖို့ မသင့်သေးဘူး၊ လူထုတွေကို ၀န်ထုတ်ဝန်ပိုး ဖြစ်စေတဲ့ တပ်တွေ ပြန်ရုပ်သိမ်းပေးဖို့ လိုအပ်သေးတယ်လို့ ပြည်ထဲရေးဝန်ကြီး ခူဖဲဘူးက ပြောပါတယ်။
“နောက်ပြီးတော့ ဒီမြေမြုပ်မိုင်းတွေဘာတွေ ဖြုတ်ပေးရမယ် အဲဒီကိစ္စတွေ နောက်ရှင်းလင်းပြီ ဆိုတာလည်း အားလုံး တရားဝင်ကြေညာရမှာကို တကယ်တမ်း ဒီနှစ်ဦး နှစ်ဖက်ကပြီးတော့ အပစ်အခတ်ရပ်စဲရေး လုပ်ပါပြီ ဆိုတဲ့ဟာ တရားဝင်ကြေညာပြီး မှသာလျှင် နောက်ပြီတော့မှ နေရာက ဘယ်နေရာဖြစ်သင့်သလဲ အားလုံး လုံခြုံမှုအတွက် ဖြစ်သင့်သလဲ နောက်ပြီးတော့ နေရာထိုင်ခင်းက ဘယ်လိုအခြေအနေမှာ ရှိသလဲ။ ဆိုတဲ့ဟာ အားလုံးကျတော်တို့ နှစ်ဦးနှစ်ဖက်က သဘောတူမှသာလျှင် လူထုတွေအတွက် အားလုံးက ဘာမှ နောက်ထပ် ပြဿနာ မရှိတော့တဲ့အချိန် မျိုးမှသာလျှင် ဒါကတော့ မပြန်ချင်လည်း ပြန်ကြရတော့မှာပဲ အဲဒီအချိန်မျိုးမှ ပြန်သင့် တာပေါ့။”
ကရင်နီအမျိုးသား တိုးတက်ရေးပါတီက အစိုးရကို တောင်းဆိုထားတဲ့ အချက် ၂၀ ထဲက လူထုရဲ့ သွားလာရေး သော်လည်းကောင်း၊ လုပ်ကိုင်စားသောက်ဖို့ သော်လည်းကောင်း ၀န်ထုတ်ဝန်ပိုးဖြစ်စေတဲ့ ရှေ့တန်းတပ်တွေ၊ ၁၉၉၂-၉၅ ခုနှစ်ကတည်းက ဒေသခံတပ်မဟုတ်တဲ့ တိုးချဲ့ထားတဲ့ စစ်ဆင်ရေးတပ်တွေကို ပြန်ရုပ်သိမ်းပေးဖို့ တောင်းဆိုထားပေမယ့် ဘာမှ အဖြေမရသေးဘူး။
အခုလက်ရှိ ကေအဲန်ပီပီနဲ့ အစိုးရတို့ နှစ်ဦးနှစ်ဖက် သဘောတူထားတဲ့ သဘောတူညီချက် အခြေအနေပေါ်မှာ ကြည့်မယ်ဆိုရင် ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေးက အနည်းဆုံး ၅ နှစ်လောက် ကြာနိုင်တယ်လို့ ခူဖဲဘူးက ဆက်လက်ပြောကြား သွားပါတယ်။
“သူတို့က ဒီတောင်းဆိုမှုတွေကို ခပ်မြန်မြန် ဖြေရှင်းပေးမယ်။ ခပ်မြန်မြန်လေး သူတို့သဘောတူညီမှု ရလာမယ် ဆိုရင်တော့ ဒါခပ်မြန်မြန်ဖြစ်သွားတာပေါ့။ ဒါပေမယ့် လုံးဝနှစ်ဦးနှစ်ဖက်က တင်းနေကြမယ်ဆိုတော့ ဒီဒုက္ခသည် ပြန်ဖို့အရေးဆိုတာ ဘယ်လိုမှစဉ်းစားလို့မရသေးဘူး။”
ဒီလ ၂၀ရက်နေ့နဲ့ ၂၁ ရက်နေ့မှာ ကရင်နီဒုက္ခသည်တွေကို ထောက်ပံ့ပေးနေတဲ့ NGOs အဖွဲ့အစည်းတွေ ဖြစ်ကြတဲ့ UN၊ TBBC၊ COERR စတဲ့အဖွဲ့တွေက ကရင်နီဒုက္ခသည် စခန်းကော်မီတီ KnRC အဖွဲ့အပြင် တခြား CBOs အဖွဲ့တွေနဲ့ တွေ့ဆုံကြပြီး ဆွေးနွေးပွဲ တရပ် ပြုလုပ်ကြ တယ်လို့ KnRC ဥက္ကဌ ဆရာမန်းစောက ပြောပါတယ်။
“အချိန်မတန်သေးဘူးလို့ ပြောရမှာပေါ့။ UN ကလည်း အဲလို သဘောထားမျိုးရှိတယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ ပြန်မယ်ဆိုရင် UN ရဲ့ principle အရက မိမိဆန္ဒသဘောထားအရ ပြန်ရမယ်။ နောက်တခုက ဂုဏ်သိက္ခာရှိစွာနဲ့ လုံခြံုမှုရှိရမယ်။ နောက် နိုင်ငံတကာရဲ့ ထောက်ပံ့မှု အဲဒီအချက် ၃ ချက်က အဓိကပဲ။ အဲဒါကြောင့် ကျတော်တို့လုပ်တာက ကြိုတင်ပြင်ဆင်မှုပဲ။ ကျတော်တို့ပြန်မယ် ဆိုတဲ့ဟာ မဟုတ်သေးဘူး”
အကယ်၍ လက်ရှိ နိုင်ငံရေး အခြေအနေက အေးချမ်းပြီ၊ ကရင်နီပြည်တွင်းမှာ ပြန်နိုင်တဲ့ အခြေအနေရှိပြီဆိုရင် ဘယ်လိုလုပ်ကြမလဲ၊ ဘာတွေပြင်ဆင်မှုတွေ လုပ်ထားမယ်ဆိုတာ အဓိကဆွေးနွေး သွားကြတယ်။
နှစ်ပေါင်း ၂၀ ကျော်ကြာ ဒုက္ခသည်စခန်းမှာ အခြေချ နေထိုင်ကြတဲ့အတွက် ဒုက္ခသည်တွေရဲ့ နေရာဟောင်းက လယ်ယာမြေတွေဟာ ရှိချင်မှရှိမယ်။ မြေလွတ် မြေရိုင်းတွေ၊ ဒါမှမဟုတ် တခြားသူတွေက အစားထိုး နေရာယူ သွားတာတွေ ရှိနိုင်တယ်။ တကယ်လို့ အဲဒီနေရာတွေကို ပြန်လည်ပြီးနေနိုင်ဖို့က နေရာသစ်တနေရာလို ပြန်လည်ပြုစု ပေးရမယ်။ အဲဒီအပြင် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ အနေအထိုင် အစားအသောက် စတဲ့ ပြဿနာတွေ ကြံုတွေ့နိုင်တယ်လို့ ဆရာမန်းစောက အခုလိုပြောသွားပါတယ်။
“ဒီမှာလုပ်တဲ့ ပညာရေးက ဟိုမှာလုပ်တဲ့ ပညာရေးနဲ့ အဆက်အစပ်ရှိချင်မှရှိမယ်။ သူတို့ကလည်း ကျတော်တို့ရဲ့ ပညာရေးကို အသိအမှတ်ပြုချင်မှပြုမယ်။ ကျန်းမာရေးလည်း ထိုနည်း၎င်းပေါ့။ ဒါကြောင့်မို့လို့ ကျတော်တို့ မပြန်ခင်မှာ ဒါတွေကို ကျတော်တို့ ဘယ်လိုဆက်စပ်ထားရမလဲ။ ပြည်တွင်းနဲ့ ဒုက္ခသည်စခန်းနဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတွေ ကျတော်တို့ ဘယ်လိုဆက်စပ် ထားရမလဲဆိုတာ ကျတော်တို့ ဝေါ့ရှော့တွေ လုပ်တာ အဲဒါပဲ”
ကျန်းမာရေးဆိုရင် ကျန်းမာရေး၊ ပညာရေးဆိုရင် ပညာရေး စတဲ့ သက်ဆိုင်ရာ ဌာနအလိုက် ဒုက္ခသည်တွေကို ကူညီပံ့ပိုးပေးရမယ်။ NGOs အဖွဲ့တွေနဲ့လည်း ပူးပေါင်းပြီး လုပ်ဆောင်ကြမှာ ဖြစ်တယ်။
ဒုက္ခသည်တွေအနေနဲ့ ကရင်နီပြည်တွင်းမှာ ပြန်လည်အခြေချနေထိုင်ရမယ်ဆိုရင် သူတို့ရဲ့တောင်းဆိုချက်က ကိုယ်နေထိုင်ချင်တဲ့ မြေနေရာကို တောင်းယူကြမယ်။ နေရာတခုရခဲ့မယ် ဆိုရင်လည်း ပြင်ဆင်ပြီးသား ဖြစ်ရမယ်။
အိမ်ထောင်စုပေါင်း ၁ ထောင်ဆိုရင် အိမ်ထောင်စုပေါင်း ၁ ထောင်ဝင်ဆန့်တဲ့ နေရာတွေ၊ မြေကွက်တွေ ချထားပြီးသား ဖြစ်ရမယ်လို့ ကရင်နီဒုက္ခသည် စခန်းကော်မီတီ ဆရာမန်းစောက ပြောသွားပါတယ်။
http://www.ktimes.org/index.php/news/336-2012-10-01-07-54-46