ဖက်ဒရယ် ပြည်ထောင်စုစစ်စစ်မှုဟာ ခွဲထွက်တာမဟုတ်ပဲ တန်းတူရည်တူ အခွင့်အရေးရရှိဖို့သာဖြစ်ကြောင်း၊ လက်ရှိအခြေအနေမှာ ပြည်နယ်ဝန်ကြီးချုပ် ရာထူးပေးထားရုံ စီးပွားရေးလုပ်ကိုင်ခွင့်တွေပေးထားရုံနဲ့ မပြည့်စုံနိုင်ဘူးလို့ ဦးစိုင်းညွန့်လွင်က ပြောပါတယ်။
ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ရှမ်းပြည်နယ်အတွင်းမှာ အပစ်အခတ်ရပ်စဲရေးတွေ လက်မှတ်ရေးထိုးပြီးတဲ့ ၂ဝ၁၂ ခုနှစ် ဇန္နဝါလ ၁၂ ရက်နေ့နောက်ပိုင်း တိုက်ပွဲတွေ ဆက်လက်ဖြစ်နေဆဲဖြစ်ပြီး စစ်ပွဲတွေကို ငြိမ်းချမ်းဖို့ဆိုရင် မြန်မာစစ်တပ်ဟာ ကတိတည်ဖို့လိုတယ်လို့ ရှမ်းညီလာခံ သတင်းစာရှင်းလင်းပွဲမှာ ဦးခွန်ထွန်းဦးက ပြောပါတယ်။
တိုက်ပွဲတွေ မဖြစ်ဖို့အတွက် ကုလသမဂ္ဂတို့လို နိုင်ငံတကာ အဖွဲ့အစည်းတွေက လာရောက်စောင့်ကြည့်ဖို့လိုကြောင်း၊ ငြိမ်းချမ်းရေးအတွက် အလှူပေးနေတဲ့ နော်ဝေတို့လိုနိုင်ငံတွေကလည်း အခြေအနေမှန်သိဖို့နဲ့ ထိရောက်အောင် ကူညီနိုင်ဖို့ အောက်ခြေအထိ သွားရောက်လေ့လာဖို့လိုတယ်လို့ ဦးဆေထင် ပြောပါတယ်။
အခုညီလာခံက ရှမ်းလူမျိုးတွေပဲ အဓိကစုဆုံကြတာဖြစ်ပြီး နောက်တစ်ဆင့်အနေနဲ့ ရှမ်းပြည်နယ်ထဲမှာ ရှိတဲ့ ပအို့ဝ်၊ ပလောင်၊ ဝ၊ ကိုးကန့်တို့လိုတိုင်းရင်းသားတွေ အားလုံးပေါင်းပြီး စုပေါင်း ညီလာခံ လုပ်နိုင်ဖို့ကိုလည်း ကြိုးစားသွားမယ်လို့ ရှမ်းခေါင်းဆောင်တွေက ပြောကြားသွားပါတယ်။
၃ ရက်တာ ကျင်းပတဲ့ ဒီညီလာခံကို ရန်ကုန် မှာ ပထမဆုံးအကြိမ် ကျင်းပတာ ဖြစ်ပြီး ရှမ်းလက်နက်ကိုင် တပ် ၃ဖွဲ့၊ ရှမ်းနိုင်ငံရေးပါတီ တွေနဲ့ ရှမ်းလူမှုရေး အဖွဲ့တွေက လူ ၃ဝဝ ကျော် စုံစုံညီညီ တက်ရောက်ခဲ့ကြ ပါတယ်။
http://www.bbc.co.uk/burmese/burma/2012/11/121128_shan_conference.shtml