“ တိုက်ပွဲက နေ့တိုင်း ဖြစ်နေတယ် ဆိုတော့ ဦးအောင်မင်း တောင်းဆို ထားတဲ့ ပြည်တွင်းမှာ တွေ့ဆုံ ဆွေးနွေး ကြရေး ကိစ္စကိုတော့ ကျနော်တို့ ဘက်မှ ဆုံးဖြတ်ရ နည်းနည်း ခက်နေတာပေ့ါ။ တဖက်နဲ့ တဖက် ယုံကြည်မှု ရှိသွားရင် နေပြည်တော် အထိ သွားရလဲ စဉ်စားနေဖို့ မလိုဘူးလေ။ အခုဟာက တဖက်က စစ်ပြင်ပြီး တိုက်နေမှတော့ ယုံယုံကြည်ကြည်နဲ့ ပြည်တွင်းမှာ တွေ့မယ်ဆိုတာ ကိုက မဖြစ်နိုင်တာပါ” ဟု ဆိုပါသည်။
ပြည်တွင်း၌ တွေ့ဆုံ ဆွေးနွေး ကြရန်အတွက် ပြီးခဲ့သည့် အောက်တိုဘာလ (၃၀) ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံ ရွှေလီ အစည်းအဝေးတွင် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းမှု ဖေါ်ဆောင်ရေး အဖွဲ့ လုပ်ငန်း ကော်မီတီ ဒုဥက္ကဌ ၀န်ကြီး ဦးအောင်မင်းက တောင်းဆို ခဲ့ခြင်း ဖြစ်ပါသည်။
အစိုးရ၏ တောင်းဆိုချက်ကို (KIO) ဗဟို ကော်မတီ အစည်းအဝေး၌ တင်ပြပြီး အဆုံးအဖြတ် ပေးမည်ဟု ဂျိန်းက ဆိုပါသည်။ KIO သည် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်ထက် နိုင်ငံရေး ကိစ္စများ ဆွေးနွေး အဖြေရှာ ရေးကိုသာ အဓိက တင်ပြ ဆွေးနွေး ခဲ့ပါသည်။ အစိုးရ ကိုယ်စားလှယ် များကမူ အပစ်အခတ် ရပ်စဲရေးကိုသာ ပထမ ခြေလှမ်း အဖြစ် သဘော တူညီချက် ရရန် အဓိက တင်ပြ ခဲ့ပါသည်။ ယခုလက်ရှိ အခြေအနေတွင် ကေအိုင်အို ထိန်းချုပ် နယ်မြေ တွင်းရှိ အထူးသဖြင့် ကေအိုင်အို ဗဟိုဌာနချုပ် လိုင်ဇာနယ်မြေ ဖြစ်သော တပ်မဟာ (၅) ဧရိယာအတွင်းနှင့် ဖားကန့် မော်လဂင် ကျေးရွာဘက်တွင် တိုက်ပွဲများ ဖြစ်ပွား နေသည်ဟု KIO ဖက်က ဆိုပါသည်။
အောက်တိုဘာ (၃၀) ရက်နေ့ ညနေပိုင်းတွင် ဗန်းမော် အခြေစိုက် အစိုးရ တပ်ဖွဲ့ ခလရ (၅၆) တပ်မှ ၁၂၀ မမ အမြောက် (၁) လက်နှင့် လေယာဉ်ပစ် စက်သေနတ် (၃) လက်၊ စစ်တပ် အင်အား (၁၅၀) ကျော်ခန့် တို့သည် ဘွမ်ဆောန်ဘွမ် စခန်း ဖက်သို့ အင်အားဖြည့် ထားသည့် အပြင် ခမရ ၃၈၇ နှင့် ခလရ ၁၄၂ ပူးပေါင်း လှုပ်ရှား စစ်ကြောင်း တို့ကိုပါ ထပ်မံ လှုပ်ရှားခိုင်းကြောင်း KIA တို့နှင့် ပတ်သက် နေသည့် မီဒီယာများမှ သတင်း ထုန်ပြန် နေပါသည်။ နိုဝင်ဘာလ (၂) ရက်နေ့တွင် ဖားကန့် အခြေစိုက် အစိုးရတပ်ဖွဲ့ ဗျူဟာကုန်းမှ ဗလခ ရပ်ကွက်နေ ကချင်ပြည်သူများကို လက် နက်ကြီး အချက် (၂၀) ခန့် ပစ်ခတ်ခဲ့ရာ အရပ်သား (၃) ဦး ဒဏ်ရာ ရသွားသည်ဟု ဖားကန့်မြို့ခံ တစ်ဦးဖြစ်သူ ဆိုင်းခွန်က ပြောပါသည်။
အလားတူ ရှမ်းပြည် မြောက်ပိုင်းရှိ KIA တပ်မဟာ (၄) ပူးပေါင်း တပ်ဖွဲ့နှင့် အစိုးရ ခမရ ၅၀၁၊ ၅၀၂၊ ၅၀၃၊ တို့၏ တိုက်ပွဲများ၊ KIA တပ်မဟာ (၃) တပ်ဖွဲ့နှင့် အစိုးရ ခလရ (၂၂၃) တို့၏ တိုက်ပွဲများ၊ KIA တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်းများ နှင့် အစိုးရ၏ တာပိန် ရေအားလျှပ်စစ် လုံခြုံရေး တပ်ဖွဲ့ တို့၏ တိုက်ပွဲများသည် နေ့စဉ် ဆိုသလို တနေရာ မဟုတ် တနေရာ ဖြစ်ပွားနေခဲ့သည်ဟု ပန်းဆိုင်းမှ ကေအိုင်အေ ဗိုလ်ဇော်ဆိုင်းက ဆိုပါသည်။
လှုပ်ရှားတပ်များနှင့် နေ့စဉ် တိုက်ပွဲများ ဖြစ်နေသလို ဒေါ့ဖုန်းယန် အခြေစိုက် ၁၄၂ အမြောက်တပ်နှင့် ၃၇၀ အမြောက် တပ်တို့သည်လည်း လိုင်ဇာ ဌာနချုပ်နှင့် နီးစပ်ရာ ဒေသများကို (၁၀၅) အမြောက်နှင့် ရက်ခြား ပုံမှန် ပစ်ခတ်နေပါသည်။ ဤကဲ့ သို့သော အခြေအနေကို နေ့စဉ် ရင်ဆိုင်နေရသော KIA အဖို့ အစိုးရ အဖွဲ့မှ တောင်းဆို ထားသော နောက်တကြိမ် ဆွေးနွေးပွဲကို ပြည်တွင်းထဲ၌ ကျင်းပရန် ကိစ္စကို လက်ခံရန် ဆုံးဖြတ်ရ ခက်ခဲ စေသည်ဟု ဂျိန်းက ဆိုပါသည်။
KIO သည် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး လိုကြောင်း အစိုးရအား တင်ပြထားပါသည်။ သို့သော် နိုင်ငံရေး အရ ဆွေးနွေးသည့် အခါတွင်လည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ နှင့်သာ ဆွေးနွေးမည် ဖြစ်ကြောင်း KIA ဖက်မှ အတိအလင်း ထုတ်ဖေါ် ပြောကြားပြီး ဖြစ်ပါသည်။
“ အပစ်အခတ် ရပ်စဲတဲ့ နေရာမှ တစ်ပါတီချင်း သွားလုပ်လို့ ရတယ်လေး။ နို်င်ငံရေး တွေ့ဆုံး ဆွေးနွေးတဲ့ အခါမှာ တစ်ပြည် လုံးနဲ့ ဆိုင်တဲ့ ကိစ္စ ဖြစ်တဲ့အတွက် UNFC နဲ့ဘဲ ဆွေးနွေးသွားမည်” ဟု ဂျိမ်းလွန်းတောင်း ကဆိုပါသည်။
နိုင်ငံရေး အရ တွေ့ဆုံ ဆွေးနွေးရေးကို အတတ်နိုင်ဆုံ ကေအိုင်အို ဘက်မှ လုပ်ဆောင်လိုသော်လည်း အစိုးရ၏ ငြိမ်းချမ်းရေး ဖေါ်ဆောင်မူ မူ (၈) ချက်အတိုင်း ဆွေးနွေးမည် ဆိုပါက ကေအိုင်အို ဘက်မှ လက်ခံနိုင်မည် မဟုတ်ဟု KIA ဒုဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်၏ မီဒီယာ မေးမြန်ခန်း တစ်ခု၌ ပြောကြား ထားပြီး ဖြစ်ပါသည်။ http://burma.irrawaddy.org/archives/24576
နိုင်ငံရေးအရ UNFC အဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးရေး ပြေလည်မည် ဆိုပါက အစိုးရက လိုလားသော အပစ်အခတ် ရပ်စဲရေး သည်လည်း အလိုလို ပြေလည် သွားလိမ့်မည်ဟု KIO ဖက်မှ ယုံကြည်ထားပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/2332--------kio-.html