အရင်က လက်နက်ကြီးသံ ကြားလည်း အပြုံးမပျက်နေသူ လိုင်ဇာမြို့သားတွေလည်း အခုတော့ လက်နက်ကြီးသံ ကြားရင် အရင်လို မပြုံးနိုင်တော့ပါဘူး။ စကား ၀ုိင်းပြောနေရင်တောင် “ဝုန်း” ဆို အသံကြားတာနဲ့ “နားထောင်စမ်း … နားထောင်စမ်း” …။ “အေး … တို့ဘက်မဟုတ်ဘူး … ဆက်ပြော … ဆက်ပြော” ဆိုတဲ့ အနေအထားတွေဖြစ်ခဲ့ပါတယ်။
အခြေအနေ အရပ်ရပ်ကြောင့် အစိုးရစစ်တပ်ဟာ မှန်းမရတဲ့ အနေအထားဖြစ်နေခဲ့ပြီး မြို့ထဲကိုပဲ ထပ်ပစ်ဦးမလားဆိုတဲ့ အတွေးတွေက စိတ်မအေးစေပါဘူး။ တရုတ်ဘက်ကိုလည်း လက်နက်ကြီးတွေ ကျနေပါတယ်။ ၁၇ ရက်နေ့မှာ တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်တဲ့ လက်နက်ကြီး ၄ လုံးကျတယ် ဆိုတာကတော့ မိတ်ဖြစ်ဆွေဖြစ် လျှော့ပြောတာဖြစ်ပြီး အမှန်တကယ်ကတော့ ၆ လုံးလောက် တရုတ်မြေပေါ် ကျတာပါ။
ဒီဇင်ဘာ ၁၅၊ ၁၆ ရက်တွေမှာလည်း အစိုးရစစ်တပ်ကပစ်တဲ့ လက်နက်ကြီးတွေဟာ လိုင်ဇာကိုကျော်ပြီး နားဘန်းမြို့ထဲကို ကျသွားပါသေးတယ်။ ကျသွားတဲ့နေရာရဲ့ အပျက်အစီးတွေကိုတော့ တရုတ်ဘက်ခြမ်းက အာဏာပိုင်များက ချက်ခြင်းပြင်ဆင် ဖာထေးရုံသာမက ဓတ်ပုံရိုက်ခွင့်လည်း မပေးပါဘူး။
လိုင်ဇာမြို့ကနေ ပြောင်းသူအများစုကတော့ လိုင်ဇာ တဖက်ကမ်းက တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ဒယ်ဟောင်ခရိုင်၊ နာဘန်းမြို့ကို ပြောင်းကြပါတယ်။ ပြောင်းရွှေ့ကြတဲ့ သူတွေကတော့ လိုင်ဇာမှာ လာရောက် လုပ်ကိုင်စားသောက်ကြတဲ့ တရုတ်နိုင်ငံသားတွေ၊ ဟိုဘက်ကမ်းမှာ ဆွေမျိုးသားချင်းရှိသူတွေ အများစု ဖြစ်ကြပါတယ်။
လိုင်ဇာ ဒေသခံများအဖို့တော့ လိုင်ဇာဟာ နောက်ဆုံးနေရာဖြစ်လို့ ဒီထက်ကျော်ပြီး ပြေးဖို့မရှိသလို ပြေးစရာလည်း မရှိပါဘူး။ တချိန်တခါက ကုန်သွယ်ရေးနဲ့ လျမ်းလျမ်းတောက်ခဲ့တဲ့ လိုင်ဇာအဝေးပြေးကားဝင်း၊ ညလုံးပေါက် ဖွင့်လေတဲ့ စားသောက်ဆိုင်များ၊ မိုက်ကလေးနဲ့ ဟဲချင်သူများအတွက် ဖောချင်းသောချင်းများခဲ့တဲ့ ကာရာအိုကေ ဆိုင်တွေ အခု မရှိတော့ပါဘူး။
အရင်တုန်းက ရောင်းသံဝယ်သံတွေ၊ စားသောက်ဆိုင်ဖွင့်တဲ့ အသံတွေနဲ့ နေ့သစ် စတဲ့လေ့ရှိတဲ့မြို့ဟာ အခုတော့ မိုးမလင်းတလင်းကတည်းက လက်နက်ကြီးသံနဲ့ စတင်ပါတယ်။ အရင်က လက်ဖက်ရည်ဆိုင်၊ ခေါက်ဆွဲဆိုင် ဆိုင်ပေါင်းစုံပေမယ့် အခုတော့ ရွေးချယ်စရာ နည်းနည်းနဲ့ပဲ ကျေနပ်ရပါတယ်။ ခြောက်ကပ်နေပေမဲ့ စျေးထဲက စျေးဆိုင်ကြီးတွေကတော့ တာဝန်ကျေ ဖွင့်နေတုန်းပါပဲ။ မနက်ခင်း သုတ်သုတ်နဲ့ စျေးဝယ်၊ ချက်ပြုတ်စားသောက်ပြီး အိမ်ထဲမှာပဲ အောင်းနေပါရပါတယ်။
လက်နက်ကြီးသံများ ကြားရင်ဖြင့် “ဒါကတော့ ဘယ်ဘက်ကို ကျလောက်တယ်”၊ “ဟာ … ဒါကတော့ဖြင့် နီးလာပြီးဟေ့” အစရှိသဖြင့် မှန်းဆရင်း လေယဉ်ပျံများ ရောက်လာရင်တော့ ထွက်ကြည့်ကြ၊ ဘယ်နှစီး၊ ဘယ်နှစ်ခါပြန်ပြီဆိုပြီး ရေတွက်ကြနဲ့ အချိန်ကုန်လွန်ကြရပါတယ်။
လမ်းမတွေပေါ်မှာတော့ အသွားအလာမရှိဘဲ မဖြစ်မနေသွားရမယ့် သူတွေသာ လှုပ်ရှားသွားလာနေကြပါတယ်။ လက်နက်ကြီး ကျခဲ့တဲ့ ခကျန် ရပ်ကွက်က လူတွေကတော့ အသစ်တိုး စစ်ပြေးဒုက္ခသည်များအနေနဲ့ ၁၀ မိနစ် လမ်းလျှောက်စာလောက် အဝေးက လိုင်ဇာမြို့ အလယ်တန်းကျောင်းကို ပြောင်းပြီးနေရပါတယ်။ မနေလို့လည်း မရပါဘူး။ ၁၄ ရက်နေ့ မနက်ရော ညမှာပါ အဲဒီ ရပ်ကွက်ထဲကို လက်နက်ကြီးတွေ ကျခဲ့တာကြောင့် အားလုံးပြောင်းရွေ့ကုန်ပါတယ်။
နေ့လည်နေ့ခင်းမှာတော့ ကိုယ့်အိမ်ကိုယ်ပြန်ပြီး ရေချိုး၊ ထမင်းချက်၊ လုပ်စရာရှိတာလုပ်။ ပြီးရင် ညနေ နေဝင်ချိန်မှာတော့ အထုပ်အသီးသီးစွဲပြီး လုံခြုံရာဆီသို့ အလျှိုလျှို ပြန်သွားကြပါတယ်။ အဲဒီအခါများမှာ ဆိုရင်တော့ ခကျန်ရပ်ကွက်ဟာ တိတ်ဆိတ်ခြောက်ကပ်ပြီး အလွမ်းဓာတ်ခံရှိသူများ မျက်ရည်စို့စေမဲ့ အချိန်အခါပါ။
မြစ်ကြီးနား ဟိုတယ်၊ ရှင်းလီ ဟိုတယ်၊ ဆင်မ်ဆ ဟိုတယ်၊ တည်းခိုခန်းတွေ စားသောက်ဆိုင်တန်းတွေရှိတဲ့ ခကျန်ရပ်ကွက်ရဲ့ ပြောင်းလဲသွားမူကတော့ သက်ပြင်းချ မျက်ရည်စို့စရာပါ။ ညနေခင်းဆိုရင်တော့ ကိုယ်လုံခြုံတယ်လို့ သတ်မှတ်ထားတဲ့ဆီကို အလျှိုလျှိုသွားတဲ့လူတွေ၊ ဘုရားကျောင်း သွားတဲ့သူတွေကို တွေ့ရမှာဖြစ်ပြီး ညနေစာ အဆာပြေအတွက် လိုင်ဇာနာမည်ကြီး အကြော်ဆိုင်ကတော့ ရှိနေတုန်းပဲဖြစ်ပါတယ်။
ည ရ နာရီဆိုရင်တော့ တမြို့လုံး တိတ်ဆိတ်ငြိမ်သက်နေပြီး ရိုမန်ကက်သလစ် ဘာသာဝင်များရဲ့ မြို့လုံးပတ်လည် လမ်းလျှောက်ဆုတောင်းမှု ပြီးဆုံးရင်တော့ လိုင်ဇာမြို့ဟာ ငြိမ်သက်သွားပါပြီ။ လူသံ စက်သံ ငြိမ်ပေမယ့် လက်နက်ကြီးသံကတော့ ပုံမှန်ကြားနေရဆဲပါ။
အိမ်ထဲမှာတော့ ဘီဘီစီ၊ အာရ်အက်ဖ်အေ၊ ဗီအိုအေ၊ ဒီဗီဘီ နားထောင်ကြည့်ကြ၊ ဘယ်သတင်းဌာနကတော့ ဘယ်သတင်းကို ဘယ်လိုရေးတယ်၊ ဘာဖြစ်တယ်ညာဖြစ်တယ် သုံးသပ်ကြပါတယ်။
မရဲသော်လည်း ပြေးခဲစေဆိုတာတော့ လိုင်ဇာသားတွေအတွက် အလွန်သင့်တော်တဲ့စကား ဖြစ်ပါတယ်။ လေယဉ်ပျံလာလိုက်၊ လက်နက်ကြီးသံကြားလိုက်၊ ကိုယ့်ရှေ့မှာပဲ အရပ်သားတွေ သေတာမြင်ရတော့ ကြောက်တော့ကြောက်တာ မှန်ပေမယ့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အခြေစိုက်ရာမြို့ လိုင်ဇာသားတွေကတော့ ဂုဏ်ယူစွာနဲ့ လိုင်ဇာမှာ နေနေကြတုန်းပဲ ဖြစ်ပါတယ်။ ဂုဏ်သရေရှိ လိုင်ဇာသားတယောက်ကို အေးဆေးပဲလားလို့ မေးမိရင်တော့ အေးဆေးပါလို့ ပြန်ဖြေပါလိမ့်မယ်။ စည်းကမ်းပြည့်ဝတဲ့ အစိုးရစစ်တပ်ကသာ မြို့ထဲကို ထပ်မပစ်တော့ဘူး ဆိုရင်ပေါ့။
http://burma.irrawaddy.org/archives/31403