ကချင်ပြည်နယ် မြစ်ကြီးနားမြို့တဝိုက်၊ ဖားကန့်ဘက်တွေတင်မကဘူး၊ တရုတ်ပြည်ဘက် ဖြစ်လာတဲ့အတွက်ကြောင့်မို့၊ စစ်ပွဲဟာ ပိုလို့တောင်မှ ပြင်းထန်လာတာကြောင့်မို့လို့ ဆန္ဒပြပွဲကို လာပါ၀င်ရခြင်း ဖြစ်ပါတယ်၊ အခုဟာက မြန်မာစစ်အစိုးရဟာ လက်နက်အချင်းချင်းပေါ့နော်၊ လက်နက်နဲ့ကို မနိုင်တဲ့အတွက်ကြောင့်မို့လို့ သူတို့က လေယာဉ်သုံးလာတယ်၊ လေယာဉ်ပါလာတဲ့အတွက်ကြောင့်မို့လို့ စိုးရိမ်မှုတွေ ရှိလာတယ်ပေါ့၊ ဒါကြောင့်မို့ ဒီစစ်ပွဲကိုလည်း အမြန်ဆုံးလည်း ရပ်တန့်ပေးစေချင်ပါတယ်။
ကချင်ပြည်နယ်က စစ်ပွဲတွေကြောင့် ပြည်သူ တသိန်းကျော် အတိဒုက္ခရောက်နေရပြီး လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်လျက်ရှိကြောင်း၊ ဒါ့အပြင် စစ်တပ်ကလည်း တိုက်ပွဲတွေအတွင်း ဆွီဒင်လုပ် ခရုဇ်ဒုံးကျည်အပြင် လေယာဉ်နဲ့ ပစ်ခတ်မှုတွေကြောင့် ပြည်သူတွေ နစ်နာနေရတာကြောင့် စစ်ကို အမြန်ဆုံး ရပ်ဆိုင်းဖို့အတွက်လည်း ဆန္ဒပြသူတွေက တောင်းဆိုခဲ့ပါတယ်။
ဦးသိန်းစိန် အစိုးရအနေနဲ့ ကချင်ပြည်နယ်အပေါ် ထိုးစစ်ဆင်တိုက်ခိုက်နေတာဟာ လူမျိုးတုန်းသတ်ဖြတ်မှုပုံစံ ဖြစ်နေပြီး အမြန်ဆုံးရပ်ဆိုင်းဖို့နဲ့ ငြိမ်းချမ်းရေးရှာဖွေဖို့အတွက် အလျင်အမြန် ဆောင်ရွက်ဖို့ လိုနေပြီလို့လည်း ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ဇိုမီးအမျိုးသား ကိုမင်းထန်က အခုလို ပြောပါတယ်။
" ဦးသိန်းစိန်အစိုးရပဲ၊ တဖက်မှာ ဒီမိုကရေစီလမ်းကြောင်းကို ချီတက်နေတယ် ပြောတယ်၊ တဖက်မှာ ကချင်လူမျိုးတွေကို မျိုးပြုန်းပျောက်အောင် ချနေတယ်ဆိုတော့ ဒီဟာကတော့ ကျနော် အစိုးရကိုပဲ လုံးဝ အပြစ်တင်ချင်တယ်၊ တာဝန်ရှိတယ်၊ ကချင်လူမျိုး တခုတည်းအနေဖြင့် အစိုးရကို ဘယ်တော့မှ တော်လှန်နိုင်မှာ မဟုတ်ဘူး ရေရှည်မှာ၊ အဲဒီတော့ ကချင်လူမျိုးတွေ မျိုးတုန်းသတ်ဖြတ်မယ်ဆိုရင် မြန်မာပြည်မှာ စစ်မှန်တဲ့ ဒီမိုကရေစီ ရနိုင်ဖို့က လုံးဝ မဖြစ်နိုင်တော့ဘူး၊ အဲဒီတော့ ကျနော်က ဒီစစ်ပွဲကို မြန်မြန်ရပ်စဲချင်တယ်၊ ပြီးတော့ ဒီမိုကရေစီလမ်းကြောင်းကို မြန်မြန်လျှောက်သွားစေချင်တယ်"
ဆန္ဒပြပွဲထုတ်ပြန်ချက်ထဲမှာ အိန္ဒိယအစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းချနေတာနဲ့ ပတ်သက်ပြီး ကိုယ်ကျိုးစီးပွားကြည့် ဆက်ဆံရေးကို ရပ်တန့်ဖို့၊ လက်ရှိဦးသိန်းစိန်အစိုးရနဲ့ အာဏာရ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို အမြန်ဆုံး ဖယ်ရှားပစ်နိုင်ရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တာဝန်ရှိသူတွေအနေနဲ့ စစ်ရပ်စဲရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
http://www.rfa.org/burmese/news/kachin-attack-stop-india-01192013235326.html