ယနေ့ ကျရောက်သည့် ၆၅ နှစ်မြောက် လွတ်လပ်ရေး အခမ်းအနားကို ရန်ကုန်မြို့၊ NLD ရုံးချုပ်တွင် ကျင်းပစဉ် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးအတွက် မတူညီသော အတွေးအခေါ်များကို လေးစားမှုနှင့် နားလည်မှုရှိရေးသည် အလွန်အရေးကြီးပြီး လေးစားမှုနှင့် နားလည်မှုမရှိပါက ပဋိပက္ခ ချုပ်ငြိမ်းမည် မဟုတ်သည့်အပြင် ဒီမိုကရေစီနိုင်ငံ အဖြစ်လည်း ထူထောင်နိုင်မည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
“ဒီနိုင်ငံက ပြည်ထောင်စု ဖြစ်ပါတယ်။ ပြည်ထောင်စုလို့ ပြောရတဲ့ အကြောင်းအရင်း တိုင်းရင်းသား လူမျိုးစုံပေါင်းစုံနဲ့ ဖွဲ့စည်းထားတာကို တနေ့ တစက္ကန့်မှ မေ့လို့မဖြစ်ပါဘူး။ ဒီဟာကို မမေ့မှသာလျှင် ကျမတို့ လိုချင်တဲ့ ပြည်ထောင်စုမျိုးကို နိုင်ငံမျိုးထူထောင်နိုင်မှာ ဖြစ်ပါတယ်။ အခုဆိုလို့ရှိရင် ဒီနိုင်ငံမှာ ပဋိပက္ခပေါင်းများစွာ ရှိတယ်ဆိုတာ အများသိပြီးသားပဲ။
ပဋိက္ခဖြေရှင်းရေးရဲ့ အခြေခံကတော့ တဦးကိုတဦး အပြန်အလှန်လေးစားမှုပဲ ဖြစ်ပါတယ်။ ကိုယ်နဲ့ မတူတဲ့ အတွေးအခေါ်တွေကို မလေးစားနိုင်ရင်၊ ကိုယ်နဲ့ မတူတဲ့ အတွေးအခေါ်တွေကို နားလည်မှု မပေးနိုင်ရင်တော့ ကျမတို့က စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်မှာ မဟုတ်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင် ပဋိပက္ခများဖြစ်ပွားနေသည်ကို ထောက်ပြ ပြောဆိုသွားသော်လည်း လက်ရှိ မြန်မာနိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပွားလျက်ရှိသော ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် အစိုးရတပ်အကြား ပဋိပက္ခဟု အမည်တပ် ထုတ်ဖော်ပြောဆိုသွားခြင်း မရှိပေ။
ဒီမိုကရေစီနိုင်ငံ ထူထောင်ရာတွင် ဒီမိုကရေစီစနစ် ခိုင်မာရေးအတွက် အစိုးရတွင်သာမက ပြည်သူများတွင်လည်း တာဝန်ရှိကြောင်း၊ ပြည်သူများအနေဖြင့် အစိုးရကိုချည်း အားမကိုးဘဲ မိမိကိုယ်ကိုယ် အားကိုးသော စိတ်များမွေးမြူကြရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုသွားသည်။
“နိုင်ငံတနိုင်ငံ ဒီမိုကရေစီခိုင်မာဖို့ လိုတယ်ဆိုရင် ဒီမိုကရေစီစနစ် ခိုင်မာရေးအတွက် အစိုးရတခုတည်းမှာတင် တာဝန်ရှိတာ မဟုတ်ပါဘူး။ ပြည်သူပြည်သားတွေမှာလည်း တာဝန်ရှိပါတယ်။ အစိုးရမှာသာ တာဝန်ရှိတယ်ဆိုပြီး အပ်ထားလို့ရှိရင် မှီခိုရာရောက်ပါတယ်။ တကယ်လူလားမြောက်တဲ့သူ မဟုတ်ဘူး။ ကိုယ့်ဟာကိုယ် ရပ်တည်နိုင်တဲ့သူ မဟုတ်ဘူးဆိုတာ သက်သေပြနေပါတယ်။ တကယ် ဒီမိုကရေစီ ထူထောင်ချင်ရင် အစိုးရကိုချည်း အားမကိုးပါနဲ့၊ ကိုယ့်ကိုယ် အားကိုးတဲ့ စိတ်၊ ပြည်သူတွေရဲ့ စည်းကမ်းရှိမှုကို အားကိုးတဲ့စိတ်ကို မွေးမြူရမှာဖြစ်ပါတယ်” ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့အလယ်တွင် အလားအလာကောင်းများရှိသော နိုင်ငံအဖြစ် ထွန်းလင်းတောက်ပလျက်ရှိပြီး ကူညီလိုသူ များပြားလျက်ရှိကြောင်း၊ ပြည်သူပြည်သားများကလည်း မျှော်လင့်မှုများစွာရှိနေသော်လည်း မျှော်လင့်မှုများကို လက်တွေ့ အကောင်အထည်ဖော်ရန် အရေးကြီးသည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြသည်။
“ကျမတို့နိုင်ငံက အလားအလာတွေ ကောင်းတယ်ဆိုပြီးတော့ တကမ္ဘာလုံးကလည်း မြင်နေကြပါတယ်။ ပြည်သူပြည်သား တွေကလည်း မျှော်လင့်ချက်တွေအပြည့်နဲ့ပါ။ ဒါပေမယ့် မျှော်လင့်ချက်ဆိုတာကလည်း ကျမ ခဏခဏ ပြောပြီးတဲ့အတိုင်းပဲ အလုပ်နဲ့ ဒီမျှော်လင့်ချက်တွေကို အကောင်အထည်ဖော်ရမှာပါ။ အလုပ်မလုပ်ဘဲနဲ့တော့ မျှော်လင့်နေလို့တော့ ရမှာမဟုတ်ဘူး။ မျှော်လင့်ချက်တွေကို အကောင်အထည် ဖော်တဲ့နေရာမှာ ကိုယ့်အားကိုယ်ကိုးပြီးတော့ အဓိက လုပ်သွားရမှာဖြစ်ပါတယ်။ ဘယ်သူကများ လာကူညီမလဲဆိုပြီးတော့ မျှော်လင့်နေလို့တော့မဖြစ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် အားကိုးတဲ့ ပြည်သူများဖြစ်ဖို့ အထူးအရေးကြီးပါတယ်” ဟု သူက ဆက်ပြောသည်။
NLD ရုံးချုပ်တွင် ကျင်းပသော ၆၅ နှစ်မြောက် အခမ်းအနားသို့ သံတမန်များ၊ နိုင်ငံရေးပါတီများ၊ ပါတီဝင်များ အပါအဝင် လူအင်အား ၅၀၀ ကျော်တက်ရောက်ခဲ့ကြသည်။
နေပြည်တော်တွင်လည်း ၆၅ နှစ်မြောက် လွတ်လပ်ရေး အလံတင်အခမ်းအနား ကျင်းပခဲ့ပြီး သမ္မတ ဦးသိန်းစိန်က ၆၅ နှစ်မြောက် လွတ်လပ်ရေးအထိမ်းအမှတ် သဝဏ်လွှာပေးပို့ခဲ့ကြောင်း၊ ယင်းသဝဏ်လွှာတွင် တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပြည်သူများ ပူးပေါင်းပါ၀င်ကြရန် တိုက်တွန်းသွားသည်။
အမေရိကန် ပြည်ထောင်စုကလည်း မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့အတွက် သဝဏ်လွှာတစောင် ပေးပို့ခဲ့ပြီး ယင်းသဝဏ်လွှာတွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ပုံမှန်ဖြစ်ထွန်းနေသည့် အတွက် ကျေနပ် ၀မ်းသာကြောင်း၊ အမေရိကန်- မြန်မာ ပုံမှန် ဆက်ဆံရေး ပြန်လည် ထူထောင်နိုင်ခြင်းသည် သမိုင်းဝင် တိုးတက်မှု တခုဖြစ်ကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုအားကောင်းစေရေး ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
၆၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲ ရွှင်ပွဲများကို ရန်ကုန်မြို့တော်တဝန်း စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်ကို တွေ့ရသည်။
http://burma.irrawaddy.org/archives/29831