ရန်ကုန်မြို့မှ ကချင်ပြည်နယ် လိုင်ဇာမြို့ထိ လမ်းလျှောက်ချီတက်ပွဲတစ်လျှောက်တွင် စစ်တပ်မှတားဆီးမှုရှိခဲ့သော်လည်း နောက်ထပ် မည်သည့်တားဆီးမှုမျိုးမဆို ရှိလာခဲ့ရင်လည်း ကချင်ပြည်နယ် KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့သို့ ရောက်အောင်သွားမည်ဟု ငြိမ်းချမ်းရေးလိုလားသူများက ပြောသည်။
ငြိမ်းချမ်းရေးလိုလားသူများထဲတွင် ပါဝင်သူတစ်ဦးဖြစ်သူ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးအောင်မြင့်က " ကျနော်တို့က ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပြည်တွင်းစစ်ရပ်တန့်ဖို့အတွက် တောင်းဆိုမှုဖေါ်ထုတ်တဲ့နေရာမှာ မည့်သည့်အတားအဆီးပဲဖြစ်ပါစေ ကျနော်တို့က ကျော်ဖြတ်သွားမယ်။ လိုင်ဇာမြို့ကို ရောက်အောင်သွားမယ်။ ဖမ်းမယ်ဆိုရင်လည်း အဖမ်းခံသွားပါမယ်။ ဒါဟာ ကျနော်တို့ရဲ့ နောက်ဆုံးဖြတ်ချက်ပါပဲ။ " ဟု အာရ်ကန်တိုင်းမ်စ်အား ပြောသည်။
ငြိမ်းချမ်းရေးလိုလားသူများ လမ်းလျှောက်ချီတက်ပွဲကို ရန်ကုန်တိုင်းမှ ပဲခူးတိုင်းအဝင်တွင် အစိုးရစစ်တပ်မှ ဟန့်တားမှုရှိခဲ့ကြောင်းကို ဦးအောင်မြင့်က ဆက်လက်ပြောကြားခဲ့သည်။
" ကျနော်တို့ ရန်ကုန်တိုင်းအထွက် ပဲခူးတိုင်းကိုအဝင်ပေါ့ အဲဒီမှာ အစိုးရစစ်တပ်ကနေပြီးတော့ တားပါတယ်။ အပြာရောင်ပေါ်မှာ peace (ငြိမ်းချမ်းရေး)ဆိုတဲ့ စာတန်းနဲ့ ရေးထားတဲ့အလံတွေကို ကျနော်တို့ကကိုင်ထားပါတယ်။ အဲဒီငြိမ်းချမ်းရေးအလံတွေကို စစ်တပ်ကနေပြီးတော့ ဖြုတ်ခိုင်းပါတယ်။ အဲဒီငြိမ်းချမ်းရေးအလံကို ဖြုတ်ပြီးမှ ဖြတ်သွားရမယ်လို့ပြောပါတယ်။ ဆိုတော့ ကျနော်တို့လေး သူတို့နဲ့ စကားသိပ်မများချင်တာနဲ့ ဖြုတ်ပေးခဲ့ပါတယ်။ " ဟု ပြောသည်။
ယနေ့တွင် ငြိမ်းချမ်းရေးလိုလားသူများမှာ ရန်ကုန်မြို့နှင့် ၁၁၃ မိုင်ခန့် ဝေးကွာသော ပဲခူးတိုင်း ပဲနွယ်ကုန်းမြို့ကို ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ လမ်းလျှောက်ချီတက်ပွဲတွင်ပါဝင်သော ငြိမ်းချမ်းရေးလိုလားသူများကို လမ်းတစ်လျှောက်တွင်ရှိသော ပြည်သူလူထုများက တက်တက်ကြွကြွနှင့် လိုက်ပါပူးပေါင်းကြပြီး ပြုစုစောင့်ရှောင့်မှုများ ကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်။
http://arakantimes.net/burmese/index.php/2012-02-24-06-58-57/779-2013-01-26-07-34-09