ဗိုလ်မှူးကြီး ဇော်တောင်ကတော့ အစိုးရတပ်တွေက အင်အားတွေ ကြီးကြီးမားမား စုဆောင်းပြီး လက်နက်ကြီးတွေနဲ့ တိုက်ခိုက်တာ၊ တိုက်လေယာဉ်တွေ သုံးတာကို ကြည့်ရင် လမ်းကြောင်း ရှင်းလင်းရုံသက်သက် ရည်ရွယ်တာ လို့ မယူဆနိုင်ကြောင်း ပြောပါတယ်။
လိုင်ဇာဒေသဟာ တရုတ်နိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်ပြီး ရှိပေမယ့် အခုနောက်ဆုံး တိုက်ခိုက်မှုတွေ လုပ်လာတာကို တရုတ်ဘက်က တရားဝင် ဘာမှ ထုတ်ပြောတာ မကြားရသေးပါဘူး။
လိုင်ဇာအထိ တိုက်ပွဲတွေ ဖြစ်လာလို့ ဒုက္ခသည်တွေ ထွက်ပြေးလာရရင် နေစရာ ပေးဖို့တော့ တရုတ်ဘက်မှာ စီစဉ်မှုတချို့ ရှိနေတယ်လို့ ကြားရကြောင်း ဗိုလ်မှူးကြီး ဇော်တောင်က ပြောပါတယ်။
အစိုးရကတော့ လိုင်ဇာဌာနချုပ်ကို ဝင်တိုက်ဖို့ အစီအစဉ်မရှိပါဘူးလို့ ပြောနေ ပါတယ်။
အစိုးရရဲ့ ငြိမ်းချမ်းရေးအဖွဲ့က အပစ်ရပ်ရေး ဆွေးနွေးဖို့ တဖက်က ပြောနေချိန်မှာ တပ်ဖက်ကတော့ တိုက်စစ်တွေ ဆင်နေတဲ့အတွက် အစိုးရနဲ့ တပ်အကြား သဘောချင်းမညီဘူးလို့ ယူဆမှုတွေ ရှိနေပေမယ့် ဗိုလ်မှူးကြီး ဇော်တောင်ကတော့ တိုင်းရင်းသားအဖွဲ့တွေ အပေါ် တပ်နဲ့ အစိုးရရဲ့ သဘောထား အတူတူပဲ ဖြစ်တယ်လို့ သူတို့ ယုံကြည်တယ်လို့ ပြောပါတယ်။
အခုလောက် ပြင်းပြင်းထန်ထန် တိုက်ပွဲတွေ ဆင်နေတဲ့ အချိန်မျိုးမှာ အစိုးရက ကမ်းလှမ်းလာရင်လည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ကေအိုင်အေဖက်က ပါဝင်ဖို့ ပြန်သုံးသပ်ရလိမ့်မယ်လို့ ဗိုလ်မှူးကြီးဇော်တောင်က ပြောပါတယ်။
http://www.bbc.co.uk/burmese/burma/2013/01/130102_kachin_battles_kia_colonel.shtml