ယမန်နေ့ ရှမ်းပြည်မြောက်ပိုင်း KIA တပ်ရင်း ၈ ဒေသရှိ တရုတ်ရွာ တာဘန်ကုန်း (Tabang Kung)နှင့် ရှောင်ဘန်ကုန်း (Shaubang Kung) နေရာတွင် အစိုးရတပ်နှင့် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့သည်။
တိုက်ပွဲသည် KIAနှင့် တအောင်း (ပလောင်) လက်နက်ကိုင် တပ်ပေါင်းစုများဖြင့် မုန်ဝီ (Mung Wi) ဘက်မှ ထိုးစစ်လာသော အင်အား ၆၀ ခန့်ရှိသည့် အစိုးရတပ်နှင့် နံနက် ၉ နာရီခွဲမှ ၁၁ ခွဲထိ ရင်ဆိုင်တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု KIA ပြောသည်။
"အစိုးရတပ်က နေရာတိုင်းမှာ လှုပ်ရှားလာတယ်။ ကျနော်တို့နယ်မြေမှာ အစိုးရတပ်က Operation လုပ်လာသလို နေရာတိုင်းမှာ လှုပ်ရှားလာတယ်။ အင်အားက အဖွဲ့ ၁ ဖွဲ့မှာ ၅၀၊ ၆၀ နဲ့ စစ်ကြောင်းများစွာနဲ့ လှုပ်ရှားနေတယ်" ဟု တပ်မဟာ (၄) အရာရှိ KNG ကချင်သတင်းဌာန သို့ပြောသည်။
တနင်္လာနေ့ တိုက်ပွဲတွင် နှစ်ဘက်တပ် ထိခိုက်သေဆုံးမှု မသိရှိရပါ။ KIA တပ်ရင်း (၈) နှင့် တပ်ရင်း (၃၄) နယ်မြေတွင် တအောင်း (ပလောင်) လက်နက်ကိုင်တပ်ဖွဲ့များနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)များသည် တပ်ပေါင်းစုအဖြစ် သီးသန့်လှုပ်ရှားနယ်မြေဖြစ်သည်။
ထို့ပြင် အစိုးရတပ်များနှင့် KIA တပ်မဟာ (၄) နယ်မြေ နမ်တောင်းဒေသ နမ်ဂတ် (Nam Gat) ရွာအပြန်ဘက်တွင်လည်း မတ်လ၂၉ ရက်နေ့ ညနေ ၅ ခွဲချိန်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယခုစစ်အင်အားများ ဆက်လက်တိုးချထားကြောင်း သိရသည်။
KIA ပြည်သူ့စစ် MHH (Mungshawa Hpyen Hpung) တပ်ဖွဲ့ (၅)နှင့် အင်အား ရ၀ ခန့်ရှိသော အစိုးရတပ်၊ မုန်ဘော်ပြည်သူ့စစ်နှင့် ပန်းဆဲ ပြည်သူ့စစ်များဖြစ်ကြောင်း သိရသည်။ အစိုးရစစ်တပ်များသည် နမ်တောင်းဒေသ ရှဘွတ်ကောင်းခရားတွင် အယောက် ၄၀၊ ပန်းခါးတွင် ၅၀ ယောက်၊ နမ်ဂတ်တွင် အယောက် ၅၀၊ မော်တောင်းတွင် အယောက် ၅၀ စသဖြင့် အင်အားများကို တပ်ခွဲ (၅) နေရာတွင် အဆင့်အဆင့်တိုးချဲ့ကာ လှုပ်ရှားနေခြင်းဖြစ်သည်ဟု ဆိုသည်။
"လူအင်အားစုပြီး ရှေ့တန်းမှာ နည်းနည်းစီဖြည့်နေတယ်။ ရှေ့မှာရှိနေတဲ့သူတွေကိုလည်း ကျန်နေတဲ့သူတွေကို ပြန်စောင့်ပြီးနေတယ်။ တိုးတိုးပြီး အဆင့်နဲ့အဆင့်ဖြတ်ပြီး ကျနော်တို့နဲ့အနီးကပ်ဆုံးရှိနေပြီ" ဟု MHH တပ်ခွဲ (၅) အရာရှိ KNG ကချင်သတင်းဌာန သို့ပြောသည်။
၄င်းတိုက်ပွဲတွင် တပ်ခွဲ (၅)သည် ချုံခိုတိုက်ခိုက်ခြင်းကြောင့် ထိခိုက်မှုမရှိဟုဆိုပြီး အစိုးရတပ်မှ ၂ ဦးသည် ဒဏ်ရာရပြီး မူဆယ်ပြည်သူ့ဆေးရုံးတွေ ကုသမှုခံယူနေကြောင်း မျက်မြင်များပြောသည်။
အဆိုပါအစိုးရတပ်သည် လားရှိုးဘက်မှ ဖြစ်ပြီး MHH တပ်ခွဲ (၅) နယ်မြေနှင့် အနီးကပ်ဆုံးနေရာတွင် စစ်အင်အား ၂၀၀ ကျော်ရှိတိုးချထားကြောင်း MHH တပ်မှပြောသည်။
MHH တပ်ခွဲ (၅) နယ်မြေ နမ်တောင်း၊ ၁၀၅ မိုင်ဒေသသည် တရုတ်နိုင်ငံမှ ၀င်ထွက်သောနေရာ၊ ရခိုင်ပြည်မှဓာတ်ငွေ့ ပိုက်လိုင်းရှိရာလမ်းကြောင်းဖြစ်သောကြောင်း ယခုလို ထိုးစစ်ဆင် အင်အားတိုးချဲ့လာခြင်းဖြစ်နိုင်ကြောင်း MHH တပ်ခွဲ (၅) မှ သုံးသပ်သည်။
အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကြား ယခုလ ဧပြီ ၁၀ ရက်မတိုင်မီ ထပ်မံတွေ့ဆုံရန် ပြောဆိုထားသော်လည်း ယခုချိန်ထိ ရက်သတ်မှတ်ခြင်းမရှိသေးပဲ တိုက်ပွဲများသည် မမျှော်လင့်ပဲ ဖြစ်လာကာ အစိုးရအား အင်အားတိုးချဲ့မှုထိုးစစ်ဆင်မှုမပြုလုပ်ရန် စာဖြင့်ပို့ထားခဲ့ပြီး အဆိုပါတွေ့ဆုံမည့်ကိစ္စအတွက်လည်း ညှိနှိုင်းစရာများရှိနေသေးကြောင်း ဒု-အထွေထွေအတွင်းရေးမှူး-၂ လာနန် ပြောဆိုခဲ့သည်။
http://kachinnews.com/burmese/news/1070-%E1%80%9B%E1%80%BD%E1%80%99%E1%80%B9%E1%80%B8%E1%80%B1%E1%80%BB%E1%80%99%E1%80%AC%E1%80%80%E1%80%B9%E1%80%95%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%B8-kia-%E1%80%90%E1%80%95%E1%80%B9%E1%80%9B%E1%80%BD%E1%80%AD%E1%80%9B%E1%80%AC%E1%80%9E%E1%80%AF%E1%80%AD%E1%82%94-%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%90%E1%80%95%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%A1%E1%80%84%E1%80%B9%E1%80%A1%E1%80%AC%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%B8%E1%80%81%E1%80%BA%E1%80%B2%E1%82%95-%E1%80%91%E1%80%AD%E1%80%AF%E1%80%B8%E1%80%85%E1%80%85%E1%80%B9%E1%80%86%E1%80%84%E1%80%B9%E1%80%B1%E1%80%94.html