ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က တိုင်းရင်းသားဒေသများ အတွက် ဖွံ့ဖြိုးရေး အကူအညီများ ရရှိရေး နှင့်ပတ်သက်ပြီး ဂျပန်နိုင်ငံတွင် ယခုလဆန်းပိုင်းက သွားရောက်ဆွေးနွေးခဲ့ကြောင်း UNFC တာဝန်ရှိသူများက ပြောသည်။
UNFC ကိုယ်စားလှယ်များသည် ယခုလဆန်းပိုင်းက ဂျပန် NGO တခုဖြစ်သည့် နီပွန်ဖောင်ဒေးရှင်း၏ ကမကထ ပြုမှုဖြင့် တိုကျိုမြို့တွင် ဂျပန် အစိုးရ အကြီးအကဲများ၊ နီပွန်ဖောင်ဒေးရှင်း တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ တိုင်းရင်းသားဒေသများ၌ ကျန်းမာရေး၊ ပညာ ရေး၊ စိုက်ပျိုးရေးနှင့် ဆန်များ ကူညီပံ့ပိုးမှု ရရှိရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
“သူတို့ကတော့ Project တွေတင်ခိုင်းတယ်ဗျာ၊ ကြီးရင်ကြီးတဲ့အလိုက်၊ ငယ်ရင်ငယ်တဲ့အလိုက် သူတို့ စိစစ်ဦးမှာပေါ့၊ ကူညီမယ် လို့တော့ အတိအကျ မပြောဘူး၊ ဖြစ်နိုင်မယ်လို့တော့ ပြောတယ်၊ ကူညီနိုင်မယ်ဆိုရင်တော့ သူတို့ အကြောင်းကြားမှာပေါ့၊အခုထက်ထိ တော့ ဘာမှ အကြောင်းကြားလာတာ မရှိသေးဘူး”ဟု UNFC ဒုတိယ ဥက္ကဌ ၂ ပဒိုဒေးဗစ်သာကဘော က ဧရာဝတီသို့ ပြောသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် UNFC ဥက္ကဌ ဦးအန်ဘန်လ အပါအဝင် တာဝန်ရှိသူ ၂၁ ဦး တက်ရောက်ပြီး ဂျပန်ဝန်ကြီးချုပ် Shinzo Abe၊ ဂျပန်နိုင်ငံခြားရေး ၀န်ကြီး Fumio Kishida နှင့် နီပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ယိုဟိုင်းဆာဆာကာဝါ တို့ ပါဝင်ကြောင်း သိရ သည်။
နီပွန်ဖောင်ဒေးရှင်းအနေဖြင့် ယခင်နှစ်က တိုင်းရင်းသား ဒေသများအတွက် အမေရိကန်ဒေါ်လာ ၃ သန်း အကုန်ကျခံကာဆန် နှင့်
ဆေးဝါးများ အကူအညီပေးခဲ့ပြီး တိုင်းရင်းသား အဖွဲ့များနှင့် အစိုးရ အဖွဲ့တို့ ငြိမ်းချမ်းရေး တွေ့ဆုံပွဲများ အတွက်လည်း ပ့ံပိုးကူညီခဲ့ သည်။
မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုဖြစ်ပေါ်လာနိုင်စေရန် နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များ ကို လည်း ဂျပန်အစိုးရနှင့် နီပွန်ဖောင်ဒေးရှင်းတို့မှ ကူညီသွားနိုင်ရေး ဆွေးနွေးဖြစ်ခဲ့ကြောင်း UNFC တာဝန်ရှိသူများက ပြောသည်။
“သူတို့ရဲ့ ပြောဆိုချက်အရ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးကိစ္စ၊ နိုင်ငံရေး ပြဿနာတွေဟာ တိုင်းရင်းသားရေးရာ ကိစ္စက အဓိက ကျတယ် ဆိုတာကို သူတို့ နားလည်သိမြင်တဲ့ အပေါ်မှာကတော့ ကျနော်တို့ရဲ့တိုင်းရင်းသား ကိစ္စအတွက် နိုင်ငံရေးကို ဖြေရှင်းဖို့ သူတို့ ပိုပြီးတော့ ပါဝင်ပေးနိုင်မယ်လို့ မျှော်လင့်နိုင်တာပေါ့ဗျာ”ဟု UNFC တွဲဖက်အတွင်းရေးမှူး ၁ ပဒိုမန်းမန်း ကလည်း ပြောဆိုသည်။
UNFC အနေဖြင့် ဒီမိုကရေစီအရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေး ဖြစ်ပေါ်လာနိုင်စေရန်အတွက် ဂျပန်နိုင်ငံ အပါအဝင် အခြားနိုင်ငံများနှင့် အဖွဲ့အစည်းများ၏ ဝန်းရံပံ့ပိုးမှု ကို လည်း ရယူသွားမည်ဖြစ်ကြောင်း ယခုလ ၈ ရက်နေ့ ရက်စွဲဖြင့် သဘောထား ကြေညာချက် ထုတ်ပြန်ထားသည်။
တိုင်းရင်းသား ဒေသများတွင် ဂျပန်နိုင်ငံမှ နီပွန်ဖောင်ဒေးရှင်း အပါအဝင် ဂျပန် ပလက်ဖောင်း(Japan Platform) နှင့် Japan International Cooperation Agency(JICA) တို့ကလည်း မြန်မာအစိုးရနှင့် ချိတ်ဆက်၍ ဖွံ့ဖြိုးရေး အကူအညီများ ပေးလျက် ရှိသည်။
Japan Platform အဖွဲ့သည် ကရင်ပြည်နယ် ပြန်လည်ထူထောင်ရေး စီမံကိန်းများအတွက် အမေရိကန် ဒေါ်လာ ၁၁ သန်းကို ၃ နှစ် တာ ကာလအတွက် ဂျပန် NGO ၁၁ ဖွဲ့ဖြင့် ပူးပေါင်း၍ ကူညီထောက်ပံ့ပေးရန် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန(MPC)နှင့် သဘောတူစာချုပ်ကို ယခုနှစ် မတ်လ ၂၅ ရက်နေ့က ရန်ကုန်မြို့တွင် လက်မှတ် ရေးထိုးခဲ့ကြသည်။
တိုင်းရင်းသား ဒေသများ အတွက် လိုအပ်သော လူသားချင်းစာနာသည့် ပံ့ပိုးမှုများကို UNFC အနေဖြင့် နီပွန်ဖောင်ဒေးရှင်းထံမှ အကူအညီ ရယူထားသော်လည်း မည်သည့် အကျိုးစီးပွားမှ တောင်းဆိုခြင်း မရှိကြောင်း UNFC တာဝန်ရှိသူများ က ပြောဆိုသည်။
၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် ရရှိရေးအတွက် KNU, KIO အစရှိသည့် တိုင်းရင်း သား လက်နက်ကိုင် ၆ ဖွဲ့ဖြင့် ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မတီ (CEFU) ကို ဖွဲ့စည်းခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် အဖွဲ့ဝင် ၁၁ ဖွဲ့ဖြစ်လာကာ UNFC အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။
http://burma.irrawaddy.org/archives/37366