Showing posts with label ကရင်ဒေသအခြေအနေ. Show all posts
Showing posts with label ကရင်ဒေသအခြေအနေ. Show all posts

April 9, 2013

မြေမြှုပ်မိုင်းကြောင့် KNU နယ်မြေတွေမှာ သေဆုံးသူတွေ ရှိနေ

မြန်မာနိုင်ငံ အရှေ့ခြမ်းဒေသ KNU တပ်မဟာ (၃၊ ၅၊ ၆၊ ရ) နယ်မြေတွေမှာ  မြေမြှုပ်မိုင်းတွေကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိနေသေးတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ဒီကနေ့ပြောပါတယ်။
တပ်မဟာ (၇) နယ်မြေ တနေးချားဒေသ၊ တပ်မဟာ(၅) ဖာပွန်ဒေသ၊ တပ်မဟာ(၆) ဝေါလေဒေသနဲ့ တပ်မဟာ(၃) ညောင်လေးပင်ခရိုင်၊ မုံးမြို့နယ်တို့တွေမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်မှုအများဆုံးတွေ့ရပြီး လူနဲ့ တိရိစ္ဆာန်တွေ ထိခိုက်သေဆုံးနေရတယ်လို့ KHRG အဖွဲ့ ကွင်းဆင်းဒါရိုက်တာ စောအဲလ်ဘတ် (Saw Albert) က ပြောပါတယ်။
"တပ်မဟာ ၅ မှာဆိုရင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာဆိုရင် မြေမြှုပ်မိုင်းကြောင့် လူ ၅ ယောက် သေတာရှိတယ်၊ နောက်ပြီးတော့ တပ်မဟာ ရ နဲ့ ၃ တွေမှာလည်း ရွာသားတွေ မိုင်းထိတာရှိတယ်"
နှစ်ဘက်စစ်တပ်တွေက ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ဒီမြေမြှုပ်မိုင်းတွေထောင်ခဲ့ကြရာမှာ စီးပွားရေးစီမံကိန်းတွေ တိုးချဲ့လာတာတွေကို ကာကွယ်ဖို့အတွက် မိုင်းထောင်ကြတာလည်း တွေ့ရတယ်လို့ ပြောပါတယ်။
KHRG အဖွဲ့ဟာ မြေမြှုပ်မိုင်းကိစ္စနဲ့ ပတ်သက်ပြီး ၂၀၁၂ ခုနှစ် သြဂုတ်လကနေ ၂၀၁၃ ခုနှစ် မတ်လအထိ ကွင်းဆင်းလေ့လာ မှတ်တမ်းတင်ထားတဲ့ အချက်အလက်တွေကို စုစည်းဖော်ပြထားတဲ့ အစီရင်ခံစာ တစ်စောင်ကို အင်္ဂလိပ်ဘာသာနဲ့ မနေ့က ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီအစီရင်ခံစာမှာ တွေ့ဆုံမေးမြန်းမှုပေါင်း (၄၂၂) ခု၊ တွေ့ရှိချက်ပေါင်း (၉၁) ခုထဲကနေ ကောက်နှုတ်ပြီး ဓါတ်ပုံမှတ်တမ်းတွေနဲ့တကွ တင်ပြထားပါတယ်။
မြေမြှုပ်မိုင်းရှင်းလင်းရေးနဲ့ ပတ်သက်လို့ လက်နက်ကိုင်အဖွဲ့တွေက ဖာပွန်ဒေသမှာ ပူးပေါင်းလုပ်ဆောင်မှု တစ်ကြိမ်ရှိခဲ့ပေမဲ့၊ တပ်သားတစ်ယောက် မိုင်းထိခဲ့ပြီးနောက်ပိုင်း ဒီစီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်တာ မတွေ့ရတော့ဘူးလို့လည်း စောအဲလ်ဘတ်က ပြောပါတယ်။

http://www.rfa.org/burmese/news/knu-land-mine-04092013001152.html

March 5, 2013

ကရင်ပြည်နယ်တွင်း မြေယာသိမ်းခံရမှု ပြဿနာကြီးထွား

ကရင်ပြည်နယ် သံလွင်မြစ်ကမ်းဘေးက ကရင်ရွာလေးတရွာ
မြန်မာနိုင်ငံအရှေ့ပိုင်း တိုင်းရင်းသားဒေသတွေမှာ မတရားမြေယာ အသိမ်းခံရမှုတွေဟာ အဓိကကြုံနေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်နေတယ်လို့ ကရင် လူ့အခွင့်အရေး အဖွဲ့တခုက ပြောလိုက်ပါတယ်။ KHRG လို့ခေါ်တဲ့ ထိုင်းနိုင်ငံ အခြေစိုက် ကရင်လူ့အခွင့် အရေးအဖွဲ့ရဲ့ ထိုင်းနိုင်ငံ နိုင်ငံခြား သတင်းစာဆရာများ အသင်းတိုက်မှာ ဒီကနေ့ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း အဖွဲ့ရဲ့ တနှစ်တာ အစီရင်ခံစာ ထုတ်ပြန်ပြီးတော့ အခုလို ပြောကြားလိုက်တာပါ။ အပြည့်အစုံကိုတော့ ကိုဝင်းမင်း က တင်ပြထားပါတယ်။

မြန်မာအစိုးရနဲ့ KNU ကရင်အမျိုးသားအစည်းအရုံးတို့ကြား အပစ်အခတ် ရပ်စဲရေး လုပ်အပြီးမှာ ထိုက်တန်တဲ့ လျော်ကြေးမပေးဘဲ စီးပွားရေး ကုမ္ပဏီတွေက ဒေသခံ အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး အခုလို မြေယာသိမ်းယူတာတွေဟာ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်း ဒေသတွေမှာ အများဆုံးဖြစ်လာတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်နေတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ အဓိက ဆွေးနွေးခဲ့သူ တဦးဖြစ်တဲ့ KHRG ကရင်လူ့အခွင့်အရေးအဖွဲ့က နော်ခူးခူးဂျူး က ဆိုလိုက်ပါတယ်။

“ဒီအစီရင်ခံစာမှာ ဆိုလို့ရှိရင် ၂၀၁၁ ခုနှစ်ကနေပြီးတော့ ၂၀၁၂ ခုနှစ် နို၀င်ဘာလအထိ ကျမတို့ ရရှိတဲ့သတင်းတွေအပေါ်မှာ ပြန်ပြီးတော့ ဝေဖန် သုံးသပ်လိုက်တဲ့အခါမှာ အများဆုံး တွေ့ရှိရတာ ကတော့ မြေယာနဲ့ပတ်သက်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တွေ့ရတယ်။”

ထိုင်းနိုင်ငံအခြေစိုက် SYCB ခေါ် မြန်မာနိုင်ငံ ကျောင်းသားလူငယ်များ ကွန်ဂရက်အဖွဲ့နဲ့ Alternative Asean လို့ခေါ်တဲ့ စင်ပြိုင်အာဆီယံ အဖွဲ့တို့ကပါ ပါ၀င်ဆွေးနွေးခဲ့တဲ့ ဒီသတင်းစာ ရှင်းလင်းပွဲမှာ KHRG ကရင်လူ့အခွင့်အရေးအဖွဲ့က အခုလို အစီရင်ခံစာ ထုတ်ပြန်ပြီး သယံဇာတ တွေ ကြွယ်ဝတဲ့ တိုင်းရင်းသားဒေသတွေမှာ သယံဇာတ တူးဖော်ရေး၊ လမ်းပန်းဆက် သွယ်ရေးနဲ့ ဖွ့ံဖြိုးရေး စီမံကိန်းတွေအတွက် ဒေသခံ လူထုနဲ့ မတိုင်ပင်ဘဲ အခုလို အဓမ္မ မြေသိမ်း မှုတွေ ဖြစ်နေတယ်လို့ ထုတ်ပြောလိုက်ပါတယ်။

“ရပ်တည်ရာ ပျောက်ဆုံးခြင်း” လို့ အမည်ပေးထားတဲ့ ဒီအစီရင်ခံစာထဲမှာ အဓိက တွေ့ရှိခဲ့ချက်တွေ ကို နော်ခူးခူးဂျူး က ဆက်ပြီး -

“အဓိကကတော့ တဖတ်သတ် ဆောင်ရွက်ပုံရတယ်။ ရွာသားတွေနဲ့ လုံးဝ တိုင်ပင် ဆွေးနွေးခြင်း၊ အကြောင်းကြားခြင်းမရှိဘဲနဲ့ တဖတ်သတ် ဆောင်ရွက်ခဲ့ခြင်းဆိုတာကို ကျမတို့ တွေ့ရပါတယ်။ ဒုတိယတချက်အနေနဲ့က ဒီလို စီမံကိန်းတွေကြောင့် မြေယာ သိမ်းဆည်းခံရခြင်းတွေ၊ ဒေသ တွင်း မြေယာကို အသုံးပြုမှု အခက်အခဲတွေကို ကြံုရ တယ်။ တတိယအချက်အနေနဲ့က သူတို့ ဖြစ်ပေါ်လာတဲ့ ဆုံးရှုံးမှုအပေါ်မှာ ရသင့်ရထိုက်တဲ့ လျော်ကြေးငွေ ရရှိဖို့အတွက်ကို ကြိုးပမ်းရာမှာ သူတို့အတွက် အများကြီးပဲ အခက်အခဲတွေ ရှိပါတယ်။ လေးချက်မြောက်အနေနဲ့က သဘာဝ သယံဇာတ တူးဖော်ရေးနဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေကြောင့် သူတို့ ဒီအခု အတင်း အဓမ္မ နေရာ ရွှေ့ပြောင်းခံရတာကို ကျမတို့ တွေ့ရတယ်။”

အခုလို မတရား မြေသိမ်းခံခဲ့ရမှုအပေါ် လျော်ကြေးရဖို့အတွက် ဒေသခံတွေအနေနဲ့ ကြိုးစားခဲ့ပေမဲ့ စီးပွားရေးကုမ္ပဏီတွေက လာဒ်စားတဲ့ ဒေသခံအရာရှိတွေနဲ့ ပူးပေါင်း ကြံစည်ဆောင်ရွက်ခဲ့ တာကြောင့် အခက်အခဲတွေ ကြံုနေရတယ်လို့ နော်ခူးခူးဂျူး က ဆက်ပြောပါတယ်။ ဒါ့အပြင် အခုလို မတရား မြေယာ အသိမ်းခံခဲ့ရတဲ့ အကျိုးဆက်အနေနဲ့ ဒေသခံတွေဟာ သူတို့ရဲ့ မူလနေရာတွေကို ဆုံးရှုံးပြီး ပြောင်းရွှေ့ပေးခဲ့ရတာအပြင် သူတို့ရဲ့ စားဝတ်နေရေးအတွက်နဲ့ သဘာဝပတ်ဝန်းကျင်အတွက်ပါ ထိခိုက် ပျက်စီးကုန်ပြီလို့ ခူးခူးဂျူး က ထောက်ပြလိုက်ပါတယ်။

“နောက်ပိတ်ဆုံးအချက်အနေနဲ့က ကျမတို့ ဒီနောက်ဆက်တွဲပေါ့ သဘာဝ သယံဇာတ တူးဖော်ရေး ဖွံ့ဖြိုးရေး စီမံကိန်းတွေကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ သူတို့ရဲ့ လယ်မြေ၊ စားဝတ်နေရေးနဲ့ အသက်အန္တရာယ်တွွှေအပေါ်မှာ နောက်ဆက်တွဲ ဆိုးကျိုးတွေ သက်ရောက်မှုကိုလည်း ကျမတို့ တွေ့ရှိရပါတယ်။”

အခုလို ထိခိုက်စေခဲ့တဲ့ မတရား မြေယာသိမ်းမှုတွေကို ဖော်ထုတ်ခဲ့တဲ့ ဒီအစီရင်ခံစာထဲမှာ ပါ၀င်ပတ်သက်ခဲ့တဲ့ စီးပွားရေး စီမံကိန်းပေါင်း ၃၀ ကျော်နဲ့ အစိုးရဌာနတွေကို ရွာသားတွေက အသေးစိတ် တိုင်ချက်ဖွင့်ထားရာမှာ ထားဝယ်ရေနက် ဆိပ်ကမ်းနဲ့ ရွှေကျင်ဆည်တွေလည်း ပါတယ်လို့ KHRG ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

တကယ်တော့ ၂၀၁၂ နှစ်ဆန်းပိုင်းမှာ KNU ကရင်အမျိုးသားအစည်းအရုံးနဲ့ မြန်မာအစိုးရ တို့အကြား အပစ်ခတ်ရပ်စဲခဲ့ပြီး မတရားလူသတ်မှုနဲ့ အဓမ္မ ကျင့်မှုတွေလို စစ်ပွဲနဲ့ တိုက်ရိုက် ပတ်သက်ပြီးဖြစ်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လျှော့ကျလာပေမဲ့ အခုလို စီးပွားရေး ဖွံ့ဖြိုးရေးနဲ့ ပတ်သက်တဲ့ မြေယာသိမ်းမှုဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကတော့ တိုးပွားလာနေတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက သုံးသပ်နေချိန်နဲ့ မြန်မာနိုင်ငံ အနှံ့အပြား မှာလည်း မြေယာသိမ်းမှု ပဋိပက္ခတွေ တိုးပွားလာနေချိန်မှာ ဒီအစီရင်ခံစာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

http://burmese.voanews.com/content/human-rights-violations-in-karen-state/1615583.html

February 14, 2013

ကော့ကရိတ်မြို့နယ်၊ သိ၀ါးရွာမှ အရပ်သားတစ်ဦး မြေမြုပ်မိုင်း နင်းမိ


ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ သိ၀ါးကျေးရွာမှ ရွာသားတစ်ဦးသည် ယခုလဆန်းပိုင်းက ထင်း ရှာထွက်ရင်း မြေမြုပ်မိုင်းနင်းမိ၍ ညာဘက်ခြေထောက် ဖြတ်သွားသည်ဟု ဒေသခံများ ၏ ပြောပြချက်အရ သိရသည်။
ဖေဖော်ဝါရီ ၁ရက်နေ့က အသက် ၃၂နှစ်အရွယ် စောဖါးဒါးသော့ဆိုသူသည် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မ တော်-DKBA (၉၀၇)တပ်ရင်းမှ မသွားရန် ကန့်သတ်ထားသည့် နယ်မြေတွင် သွားရောက်ထင်းရှာထွက်ခဲ့သော ကြောင့် ထိုသို့ မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
“သူ(စောဖါးဒါးသော့)က ထင်းရှာဖို့ သွားရင်း မိုင်းနင်းမိတာပေါ့နော်။ သူ့ကို ရွာသားတွေက သွားပြန်ထမ်းလာ တာ။ အဲဒီနေ့ တရက်တည်းပဲ ကော့ကရိတ်ဆေးရုံကို ပို့တယ်။ မိုးချုပ်မှ ရောက်တယ်။ နောက်ပြီး အခုလို ရွာသားတစ်ဦး မိုင်းထိတာဖြစ်ပွားတော့ ကျန်ရွာသားတွေ တော်တော်ထိတ်လန့်နေကြတယ်”ဟု ပြောဆိုသည်။
ဆက်လက်၍ သိ၀ါးရွာသားတစ်ဦး မိုင်းနင်းမိမှု ဖြစ်ပွားခဲ့ပြီးနောက် ကျန်ရွာသားများမှာ ထိုတောထဲသို့ မသွား လာရဲဘဲဖြစ်ကာ လုပ်ငန်းကိုင်ငန်းများ ထိခိုက်လျှက်ရှိသည်ဟု သူက ထပ်မံပြောဆိုသည်။
သိ၀ါးရွာရှိ ရွာသူရွာသားများသည် အဆောက်အဦးအတွက် သိ၀ါးတောမှ ထွက်ရှိသော သစ်၊ ၀ါး၊ အင်ဖက် စသည်တို့ကို အမှီပြုကြရသလို အသက်မွေးဝမ်းကျောင်းအတွက် ထိုတောထဲတွင် တောင်ယာ၊ ဥယျာဉ်ခြံနှင့် ရော်ဘာ(ကော်)ခြံလုပ်ငန်းများ လုပ်ကိုင်လုပ်နေကြခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
မိုင်းနင်းမိသည့် စောဖါးဒါးသော့သည် ဇနီးနှင့် သမီး ၃ဦးရှိသည့် အိမ်ထောင်သည်အမျိုးသားတစ်ဦးဖြစ်ပြီး လက် ရှိ ကော့ကရိတ်ဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူနေဆဲဖြစ်သည်ဟု သိရသည်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ သိ၀ါးကျေးရွာတဝိုက်တွင် DKBA အပါအဝင် မြန်မာအစိုးရစစ် တပ်၊ နယ်ခြားစောင့်တပ်နှင့် KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တို့ သွားလာလှုပ်ရှားလျှက်ရှိသည်။

http://www.kicnews.org/?p=15761

February 12, 2013

အပစ်ရပ်ပြီးနောက် ကရင်ပြည်နယ် တွင်း လမ်းတံတားတည်ဆောက်မှု များပြားလာ


ကရင်ပြည်နယ်တွင် နိုင်ငံတော်အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)တို့ကြား အပစ်ခပ်ရပ်စဲရေး လက်မှတ်ရေးထိုး ကြပြီးနောက် ပိုင်း ပြည်နယ်အတွင်း၌ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လမ်း၊ တံတား တည်ဆောက်မှုကို ပိုမိုလုပ်ဆောင် လာ ကြောင်း သိရသည်။
ထိုကိစ္စနှင့် ပတ်သက်၍ ကရင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး စောခင်မောင်မြင့်ကို ကေအိုင်စီမှ ယမန်နေ့က ဆက် သွယ်မေးမြန်းရာ ၀န်ကြီး၏ ကိုယ်ရေးအရာရှိ(PSO) စောခေါင်ဖါထော့က “ဘားအံ – လှိုင်းဘွဲလမ်းမှာ တံတား (၄)စင်း၊ လှိုင်းဘွဲ – ပိုင်ကျုံမြို့နယ်ခွဲသွားတဲ့လမ်းမှာ တံတား (၄)စင်း၊ သံလွင်မြစ် အနောက်ဘက်ကမ်းမှာရှိနေတဲ့ ၀ဘိုးတော – ကမမောင်းသွားတဲ့ လမ်းမှာ တံတား(၇)စင်းကို လက်ရှိ ဆောက်လုပ်နေပါတယ်။”ဟု ပြောသည်။
လှိုင်းဘွဲ – ပိုင်ကျုံ တံတားများကို ဂျပန်နိုင်ငံက ကူညီလှူဒါန်းပြီး ဘားအံ – လှိုင်းဘွဲ တံတားများကို ပြည်နယ်ဘက်ဂျက်ငွေဖြင့် လည်းကောင်း၊ ၀ါးဘိုးတော – ကမာ့မောင်း တံတားများကိုမူ နေပြည်တော်ဘက်ဂျက်ဖြင့် သုံးစွဲကာ တံတားများကို နွေမကုန်ခင် အပြီးတည်ဆောက်သွားမည်ဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။
ထိုသို့ ဆောက်လုပ်ရာတွင် ပြည်နယ်ဆောက်လုပ်ရေးအဖွဲ့၏ လက်အောက်ခံဖြစ်သော တံတားအထူးအဖွဲ့(၁၆)မှ ဆောက်လုပ် ခြင်းဖြစ်ပြီး တံတားများမှာ ကွန်ကရစ်တံတားငယ်များသာ ဖြစ်သော်လည်း တန်ချိန် (၈၀)ခန့် တင်ဆောင်သွားလာနိုင်ကြောင်း သိရသည်။
အဆိုပါ တံတားများကို ၂၀၁၂ခုနှစ်၊ ဇန်နဝါရီလကတည်းက လှိုင်းဘွဲ – ပိုင်ကျုံ၌ စတင် ဆောက်လုပ်ခဲ့ပြီး ဘားအံ-လှိုင်းဘွဲ တံတားများကိုမူ ၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီလဆန်းပိုင်းတွင် စတင် ဆောက်လုပ်နေခြင်းဖြစ်ရာ သွားလာရေး လွယ်ကူမှုများ ရှိလာ နိုင်သည်ဟု ဒေသခံလူထုက ပြောဆိုနေကြသည်။
လှိုင်းဘွဲမြို့နယ်၊ နောင်ဘိုရွာသားတစ်ဦးက “အခုတလော ကျနော်တို့ လှိုင်းဘွဲမြို့နယ်မှာ လမ်းတံတားများ ဆောက်လုပ်နေပါ တယ်။ ကျနော်တို့ ခရီးသွားလာတဲ့အခါ တံတားဆောက်တဲ့နေရာမှာ လမ်းလွဲလမ်းရှိပါတယ်။ အဲဒီလမ်းလွဲလမ်းတို့ လမ်းသစ် ဖေါက်လုပ်ထားတဲ့ နေရာတို့မှာတော့ ဖုံတွေထတာတော့ ရှိတာပေါ့။ ဒါပေမယ့် တစ်ခဏပေါ့နော်။ ဒီဟာတွေပြီးရင် သွားရေးလာ ရေး အများကြီး အဆင်ပြေလာမယ်လေ။”ဟု ဆိုသည်။
ယခုဆောက်လုပ်သည့် လမ်းတံတားများ၏ ကုန်ကျစရိတ် ဘတ်ဂျက်ငွေများကိုမူ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနမှ အတိအ ကျ ပြောဆိုခြင်း မရှိသော်လည်း ၎င်းလမ်း၊ တံတားများကြောင့် သွားလာရေး ပိုမို လွယ်ကူအဆင်ပြေလာမည်ဟု ဒေသခံပြည်သူ များက ပြောဆိုနေကြသည်။

http://www.kicnews.org/?p=15727

November 7, 2012

စီမံကိန်းများ ရပ်ဆိုင်းထားရန် အစိုးရနှင့် KNU ကို ဒေသခံများ တိုက်တွန်း


ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်တွင်း ကျေးရွာပေါင်း ၂၇ ရွာမှ ရွေးချယ် တင်မြောက်ထားသော ကိုယ်စားလှယ် ၁၀၀ ကျော်က ယခုလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကြာအင်းဆိပ်ကြီးတွင် တွေ့ဆုံခဲ့ကြသည် (ဓာတ်ပုံ – လူထုဆုံရပ်)

ကရင်ပြည်နယ်အတွင်း အစိုးရနှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့ လုပ်ကိုင်နေကြသော စီးပွားရေး လုပ်ငန်းများကို ပြန်လည် သုံးသပ်ရန်နှင့် ရပ်ဆိုင်းထားရန် ဒေသခံ ကရင်ပြည်နယ်လူထုဖြင့် ဖွဲ့စည်းထားသော “လူထုဆုံရပ် ဖြစ်မြောက်ရေး ကော်မတီ” က တိုက်တွန်း ပြောဆိုလိုက်သည်။
ယင်းကော်မတီက အစိုးရနှင့် KNU တို့ ငြိမ်းချမ်းရေး ဆောင်ရွက်မှုကို ကြိုဆိုသော်လည်း အစိုးရ၏ ဟတ်ကြီးရေကာတာ စီမံကိန်း၊ KNU ထိန်းချုပ် နယ်မြေအတွင်းရှိ ဓာတ်သတ္ထု တူးဖော်ရေး လုပ်ငန်းများ စသည်တို့ကို နှစ်ဖက် ငြိမ်းချမ်းရေး ဆွေးနွေးဆဲကာလတွင် ရပ်ဆိုင်းထားပြီး လူထုအတွက် အကာအကွယ်ပေးမည့် ဥပဒေ တိတိကျကျ ရှိမှ အကောင်ထည်ဖော် လုပ်ဆောင်သင့်ကြောင်း ယနေ့ ထုတ်ပြန်ကြေညာသည်။
“ငြိမ်းချမ်းရေး ဆွေးနွေးတာက ဘယ်လိုမှန်း မသိသေးဘူး၊ လုပ်ငန်းရှင်တွေက ထိုးဝင်လာနေတယ်။ အခု လုပ်နေတာတွေကလည်း ဒေသခံတွေအတွက် အကျိုးခံစားခွင့်၊ အာမခံချက်မှ မရှိဘူး။ အဲဒါကြောင့် ဒေသခံလူထုတွေ အကျိုးခံစားခွင့်နဲ့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေအတွက် တိုက်တွန်းတာပါ” ဟု လူထုဆုံရပ် ဖြစ်မြောက်ရေး ကော်မတီ၏ ပြောဆိုခွင့်ရှိသူ စောဖိုးချိုက ဧရာဝတီသို့ ပြောသည်။
ယခုအခါ KNU ထိန်းချုပ်နယ်မြေအတွင်းရှိ တပ်မဟာ (၁)၊ (၃) နှင့် (၆) တို့တွင် ခနောက်စိမ်း အပါအဝင် ဓာတ်သတ္ထု တူးဖော်ရေး လုပ်ငန်းများကို အစိုးရ၊ KNU တို့နှင့် ဆက်နွယ်သော လုပ်ငန်းရှင်များ တိုးမြှင့် ဝင်ရောက်လုပ်ကိုင်လာကြောင်း၊ ယင်းသို့ လုပ်ဆောင်ရာတွင် ဒေသခံများ၏ စိုက်ပျိုးရေးလုပ်ငန်းများနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများရှိကြောင်း သူက ဆက်ပြောသည်။
ထို့အပြင် ဒေသခံတို့ ပိုင်ဆိုင်သော မြေများကိုလည်း မတန်တဆ စျေးနှုန်းများဖြင့် ရောင်းပေးရကြောင်း၊ မူလက ဓာတ်သတ္ထု တူးဖော်ရေး လုပ်ငန်းများတွင် လူအင်အား အသုံးပြုသည့်အတွက် ဒေသခံအချို့ အလုပ်အကိုင် ရရှိသော်လည်း ယခုအခါ စက်ပစ္စည်းများနှင့် တူးဖော်မှု ပြုလုပ်လာသဖြင့် ဒေသခံများမှာလည်း အလုပ်ကိုင်ရရှိမှု နည်းပါးသွားကြောင်း သိရသည်။
ယင်း ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်တွင်း ကျေးရွာပေါင်း ၂၇ ရွာမှ ရွေးချယ် တင်မြောက်ထားသော ကိုယ်စားလှယ် ၁၀၀ ကျော်က ယခုလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကြာအင်းဆိပ်ကြီးတွင် တွေ့ဆုံခဲ့ကြပြီး ဒေသခံများ၏ အခက်အခဲများကို အစိုးရနှင့် KNU ခေါင်း ဆောင်များကို တင်ပြနိုင်ရန် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
“စစ်မှန်သည့်ငြိမ်းချမ်းရေး တည်ဆောက်ရာ၌ လည်းကောင်း၊ ဖွံ့ဖြိုးရေးစီမံကိန်း လုပ်ငန်းစဉ်များတွင် လည်းကောင်း၊ တည်တန့်ခိုင်မြဲသည့် အကျိုးရလဒ်များ ရှိစေရန် မြန်မာအစိုးရနှင့် KNU နှစ်ဦးနှစ်ဖက်သို့သည် လူထုလူတန်းစားသို့ ပါဝင် ဆုံးဖြတ်နိုင်သည့် အစီအစဉ်လမ်းကြောင်းနှင့် လုပ်ပိုင်ခွင့်များကို ခွင့်ပြုပေးရပါမည်” ဟု ကော်မတီ အဖွဲ့ဝင်တဦးဖြစ်သူ စောလူဘားမှူး ကလည်း ပြောဆိုထားသည်။
“လူထုဆုံရပ် ဖြစ်မြောက်ရေး ကော်မတီ”  အနေဖြင့် ဒေသတွင်းလူထု၏ တောင်းဆိုချက်များကို အစိုးရနှင့် KNU ခေါင်းဆောင်များ သိရှိရန် ကြိုးပမ်းသွားမည်ဖြစ်ပြီး ယင်းသို့ တောင်းဆိုမှုများကို လျစ်လျူရှုပါက ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်သွားရန် ရှိသည်ဟု ဆိုသည်။
ယခုနှစ် ဧပြီလပိုင်းကလည်း KNU ထံ အခွန်ဆောင်၍ ဖာပွန်နှင့် မွန်ပြည်နယ် သထုံခရိုင်အကြား၌ တူးဖော်နေသော ခနောက်စိမ်း လုပ်ငန်းများကြောင့် ဒေသခံတို့၏ စိုက်ပျိုးခြံများ ထိခိုက်ပျက်စီးမှုများ ဖြစ်သည်ဟုဆိုကာ ကာယကံရှင် တောင်သူလယ်သမားများက တိုင်ကြားလာသဖြင့် တူးဖော်ရေးလုပ်ငန်းအချို့ကို ရပ်ဆိုင်းပေးခဲ့သည်ဟု သိရသည်။
ဓာတ်သတ္ထု တူးဖော်ရေးလုပ်ငန်းများ၊ ဒေသတွင်း စီမံကိန်းများနှင့် ပတ်သက်၍ ပြုပြင်ထိန်းသိမ်းရေး၊ လုပ်ကိုင် ဆောင်ရွက်ရေးများနှင့် ပတ်သက်၍ သက်ဆိုင်ရာခရိုင်များကို KNU သတ္ထုတွင်းဌာနက လုပ်ပိုင်ခွင့်များ အပြည့်အဝ ပေးထားပြီး ခရိုင်ခေါင်း ဆောင် များနှင့် ညှိနိုင်းလုပ်ဆောင်သည်ဟု သိရသည်။
KNU ထိန်းချုပ်မှုအောက်ရှိ တပ်မဟာ ရ ခုထဲမှ တပ်မဟာ (၁) တွင် ခနောက်စိမ်း၊ (၂) နှင့် (၃) တို့တွင် ရွှေထွက်ရှိပြီး၊ (၄) တွင် ကျောက်မီးသွေး၊ (၅) တွင် ခနောက်စိမ်းနှင့် ရွှေ၊ (၆) တွင် ခနောက်စိမ်းနှင့် (၇) တွင် သွပ် သတ္ထု အမျိုးအစားများ ထွက်ရှိကြောင်း KNU သတ္ထုတွင်းဌာန နီးစပ်သူများနှင့် ထိုနေရာများကို လေ့လာနေသော သဘာဝ ပတ်ဝန်းကျင် အဖွဲ့များထံမှ ဧရာဝတီက စုံစမ်း သိရှိရသည်။
စီမံကိန်းအကြီးစားဖြစ်သော ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် ဟတ်ကြီးရေကာတာ စီမံကိန်းများလည်းရှိပြီး လတ်တလောတွင် တပ်မဟာ (၆) ဒူးပလာယာခရိုင်တွင် ခနောက်စိမ်း ထုတ်လုပ်မှုနှင့် ရှာဖွေမှု အများဆုံး ပြုလုပ်နေသကဲ့သို့ ညောင်လေးပင် ခရိုင်အတွင်းရှိ တပ်မဟာ (၃) နယ်မြေတွင်လည်း ရွှေတူးဖော်ရေးလုပ်ငန်းများ အများဆုံး ပြုလုပ်လျက်ရှိသည်။
KNU အနေဖြင့်လည်း စီမံကိန်းများနှင့် ဓာတ်သတ္ထု တူးဖော်ရေးကိစ္စများကို မည်သို့ဆောင်ရွက်နေသည်ကို ထုတ်ဖော်ပြောဆိုထားခြင်း မရှိပေ။ ထို့အတူ အစိုးရသည်လည်း ငြိမ်းချမ်းရေး မဟာဗျူဟာကို အသုံးချကာ နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်ရေးထက် စီးပွားရေးအစီအစဉ်များကို ပိုမိုလုပ်ဆောင်နေသည်ဟု “လူထုဆုံရပ် ဖြစ်မြောက်ရေး ကော်မတီ” က စွပ်စွဲပြောဆိုထားသည်။
ယခုအခါ KNU နှင့် အစိုးရတို့သည် ပဏာမ အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု ရထားပြီးဖြစ်ကာ နှစ်ဖက် ဆက်ဆံရေးရုံးများလည်း ဖွင့်လှစ်ထားပြီးဖြစ်သည်။

http://burma.irrawaddy.org/archives/24778

- ငြိမ်းချမ်းရေး မခိုင်မာသေးသရွေ့ စီးပွားရေးနှင့်စီမံကိန်းများ ရပ်ထားပေးရန် ကရင်လူထု တောင်းဆို click
- ခိုင်မာသည့် ငြိမ်းချမ်းရေး မရှိသရွေ့ စီမံကိန်းလုပ်ငန်း မလုပ်ရန် ကရင်လူထုဆုံရပ် တောင်းဆို click
http://drlunswe.blogspot.com/

October 4, 2012

ကရင်ပြည်နယ်တွင်း မြေမြှုပ်မိုင်းများ စရှင်းပြီဟုဆို

မြေမြှုပ်မိုင်းကြောင့် ခြေထောက် ဆုံးရှုံးသွားသူမျာ အတွက် ခြေတုပြုလုပ်နေသည့် ဖခင်ကို ကူညီနေသော ကရင် ကလေးငယ်တဦး (ဓာတ်ပုံ – Reuters)

ကရင်ပြည်နယ် အတွင်း လူသွားများသည့် နေရာများတွင် မြေမြှုပ်မိုင်းများ စတင် ရှင်းလင်း နေပြီဖြစ်ကြောင်း ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းက ဧရာဝတီသတင်းဌာနသို့ ပြောသည်။
ကရင်ပြည်နယ် အတွင်းရှိ ဒေသအားလုံးကို အစဉ်အတိုင်း လုပ်ဆောင်ခြင်း မဟုတ်ကြောင်း၊ ပုံမှန် လူသွားများသည့် နေရာများနှင့် ယခင် စစ်ပွဲဖြစ်ခဲ့သည့် ဒေသများတွင်သာ အဓိက လုပ်ဆောင်နေကြောင်၊ ရွာနှင့် နီးစပ်ရာ၊ လူနေ အိမ်ခြေများနှင့် မလွတ်သည့် ဒေသများတွင် ဦးစားပေး ရှင်းလင်းမည် ဖြစ်ကြောင်း သူက ဆိုသည်။
“မြေမြှုပ်မိုင်း ဖော်ဖို့ ကိစ္စကို အခုအချိန်မှာ ကရင်လွတ်မြောက်ရေး တပ်မတော် (KNLA) ဘက်က ကျွမ်းကျင်တဲ့ သူတွေနဲ့ အစိုးရ စစ်တပ်ဘက်က ကျွမ်းကျင်တဲ့သူတွေ ပေါင်းပြီး ရှင်းလင်း နေပါတယ်။ ကျောက်ကြီး ဘက်မှာတော့ ရှင်းလင်းပြီးသွားပါပြီ။ စီမံချက်နဲ့ လုပ်ဖို့လည်း ရှိပါတယ်” ဟု ဦးဇော်မင်းက ပြောသည်။
ငြိမ်းချမ်းရေး အတွက် ဆွေးနွေး ရာတွင်လည်း မြေမြှုပ်မိုင်း ရှင်းလင်းမည့် ကိစ္စ ပါ၀င်ကြောင်း၊ နယ်စပ်ဒေသများတွင် စစ်ရှောင် ပြေးခွာနေသည့် ပြည်သူများ ပြန်လာပါက ၎င်းတို့ ကိုယ်ပိုင်နေရာများတွင် ပြန်နေနိုင်ရန် စီစဉ်ပေးနေကြောင်း၊ထိုင်း – မြန်မာ နယ်စပ် ဒုက္ခသည် စခန်းများတွင် နေထိုင်သည့် သူများ အားလုံး ပြန်လာနိုင်ရန် အတွက်လည်း မြန်မာ အစိုးရနှင့် ထိုင်း
အစိုးရတို့ ညှိနှိုင်းကာ စာရင်းကောက်ယူနေကြောင်း သိရသည်။
“ပြန်ဝင်လာဖို့ ခန့်မှန်းခြေ လူ တသိန်းလေးသောင်းနဲ့ တသိန်း ခြောက်သောင်းလောက် ရှိတယ်။ တချို့က သူ့ရပ်သူ့ရွာ ရှိတယ်၊တချို့ကတော့ မရှိဘူး။ သူတို့ လာရင် စနစ်တကျ နေထိုင်လို့ရအောင် စီစဉ်ပေးမှာပါ” ဟု ဦးဇော်မင်းက ဆက် ပြောသည်။
ထိုင်း – မြန်မာနယ်စပ် ဒေသရှိ ဒုက္ခသည် စခန်းများသို့ ရောက်ရှိနေသူများ ပြန်လာမည်ဆိုပါက အဆင်သင့် ဖြစ်စေရန်အတွက် ပညာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ ကျန်းမာရေး ကိစ္စများကို အပြည့်အဝ ပေးနိုင်ရန်လည်း စီစဉ်ပေး နေကြောင်း၊ နော်ဝေ နိုင်ငံ အမျိုးသား ကြက်ခြေနီ အဖွဲ့ကလည်း အဆိုပါဒေသရှိ ကျောင်းနေရန် ခက်ခဲသူများအတွက် အိမ်များ ဆောက်ပေးနိုင်ရန် ပူးပေါင်း ဆောင်ရွက်နေသည်ကိုလည်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့က ဘားအံမြို့တွင် ပထမဆုံး အကြိမ် ပြည်နယ်အဆင့် အစိုးရနှင့် လက်မှတ်ရေးထိုးခဲ့သည့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွင် ဆက်ဆံရေး ရုံးများ ဖွင့်လှစ်သွားရန် ပါရှိပြီး ယခုနှစ် ဧပြီလမှ စတင်၍ ပဲခူးတိုင်း ကျောက်ကြီး မြို့နယ်၊ တနင်္သာရီတိုင်း ထားဝယ်မြို့နယ်၊ ဘုရားသုံးဆူမြို့နယ်နှင့် မြဝတီမြို့နယ်တို့တွင် ဖွင့်လှစ် ထားပြီး ဖြစ်သည်။
၂၀၁၁ ခုနှစ် နို၀င်ဘာလ ၁၅ ရက်နေ့တွင် အစိုးရ ကိုယ်စားလှယ် အနေနှင့် ဦးအောင်မင်းက KNU ကိုယ်စားလှယ်များကို ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရန် တရားဝင် ကမ်းလှမ်းခဲ့ပြီးနောက် တွေ့ဆုံဆွေးနွေးမှုများ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

http://burma.irrawaddy.org/archives/22032
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India