ပြည်ပအခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနှင့် မြန်မာနိုင်ငံ ဒီမိုကရက်တစ် တပ်ပေါင်းစု (FDB) တို့အား အစိုးရ၏ ငြိမ်းချမ်းရေး အဖွဲ့ဝင်များက တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် ယမန်နေ့က ကမ်းလှမ်းလိုက်သည်။
မီးရထားဝန်ကြီး ဦးအောင်မင်းပါ၀င်သည့် အဖွဲ့နှင့် အလွတ်သဘော ဆွေးနွေးရန် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖြစ်မြောက်ရေး အတွက် ပါဝင်ဆောင်ရွက်ပေးသူ ဒေါက်တာ ကျော်ရင်လှိုင်က ဆက်သွယ်လာခြင်း ဖြစ်ကြောင်း၊ အပြုသဘောဆောင်သည့် လက္ခဏာဟု ယူဆကြောင်း လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောသည်။
“ယေဘုယျအားဖြင့် ကမ်းလှမ်းတာ ကောင်းပါတယ်၊ ကြိုဆိုရမယ့် ကိစ္စပါ။ ဒါပေမယ့် ကျနော့်ပါတီထဲမှာ ရဲဘော်တွေ အချင်းချင်း ညှိနှိုင်းဖို့တွေ လုပ်ရအုံးမှာပါ” ဟု ၎င်းက ဆိုသည်။
လာမည့် ရက်သတ္တပတ်အတွင်း လူ့ဘောင်သစ်ပါတီ အလုပ်အမှုဆောင်များ ဆွေးနွေးညှိနှိုင်းမည် ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
မကြာသေးမီက နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးလိုက်ခြင်းကို အပြုသဘောဆောင်သည့် ခြေလှမ်းတရပ်အဖြစ် ထင်မြင်သော် လည်း၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်သို့ ခိုင်ခိုင်မာမာ ရောက်သွားပြီဟု ပြောရန်စောသေးကြောင်း၊ ပြည်တွင်း ပြည်ပ ဒီမိုကရေစီအင်အားစုများ ၀ုိင်းဝန်းလုပ်ဆောင်ရန် လိုကြောင်း ဦးအောင်မိုးဇော်က ဆိုသည်။
အစိုးရ အနေဖြင့် ယခင်က ငြိမ်းချမ်းရေးဆွေးနွေးရန် လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းများကိုသာ ကမ်းလှမ်းခဲ့သော်လည်း ပြည်ပရောက် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးအင်အားစုများကို ယခုအခါ ပထမဆုံးအကြိမ် ကမ်းလှမ်းခြင်း ဖြစ်သည်။
FDB ဥက္ကဋ္ဌ ဒေါက်တာနိုင်အောင် ကလည်း အစိုးရက ငြိမ်းချမ်းရေး အကျိုးဆောင်များမှ တဆင့် အလွတ်သဘော ဆွေးနွေးရန် ကမ်းလှမ်းမှု ပြုလုပ်သည်မှာ မှန်ကန်ကြောင်း၊ သို့သော် မိမိတို့ အဖွဲ့အစည်းအတွင်း ပြန်လည်ဆွေးနွေး ရဦးမည်ဖြစ်ကြောင်း ပြောသည်။
“သေနတ်ကိုင်ပြီး ပစ်ကြခတ်ကြတာထက် စာရင် တွေဆုံဆွေးနွေးတယ် ဆိုတာတော့ ကောင်းတဲ့ပြောင်းလဲမှု တခုပါ” ဟု ၎င်းက ဆိုသည်။
မီးရထားဝန်ကြီး ဦးအောင်မင်းနှင့် လာမည့် ဖေဖော်ဝါရီ ပထမပတ်အတွင်း တွေဆုံနိုင်မည်ဟု ခန့်မှန်းကြောင်း၊ မည်သည့် အကြောင်းအရာများ ဆွေးနွေးမည် ဆိုသည်ကိုမူ FDB တွင်ပါ၀င်သည့် နိုင်ငံရေးအဖွဲ့များနှင့် ဆွေးနွေးရဦးမည်ဖြစ်ကြောင်း ဆက်ပြောသည်။
FDB အဖွဲ့ကို ပြည်ပအခြေစိုက် နိုင်ငံရေးအဖွဲ့ ရ ဖွဲ့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ ဗမာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားများ သမဂ္ဂ (ဗကသ) နိုင်ငံခြားရေးရာ ကော်မတီ၊ မြန်မာ့အမျိုးသမီး သမဂ္ဂ (BWU) ကဲ့သို့သော အဖွဲ့အစည်းများလည်း ပါ၀င်သည်။
မကြာသေးမီကလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ကို ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းခဲ့သေးသည်။
January 20, 2012
http://burma.irrawaddy.org/archives/5110