ယခုအကြိမ် တွေ့ဆုံမှုတွင် တနိုင်ငံလုံး အတိုင်းအတာနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကိစ္စ အပါအဝင် ယခင် ဆွေးနွေးပွဲ သဘောတူညီချက်များအား အမြန်ဆုံး အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် အဓိကထား ဆွေးနွေးသွားရန် ရှိကြောင်း အဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ပြောသည်။
“မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကိစ္စရပ်မှာ အစိုးရနဲ့ ကျနော်တို့ RCSS ပူးပေါင်းပြီး လုပ်ဆောင် နိုင်ဖို့အတွက် အဓိကထားပြီး ဆွေးနွေးမှာဖြစ်တယ်။ နံပါတ်(၂) အချက် ကတော့ ပြည်ထောင်စု အဆင့် ပဏာမ တွေ့ဆုံဆွေးနွေးပွဲ ကရရှိထားတဲ့ သဘော တူညီချက်တွေကို အကောင်အထည် ဖော်ဖို့ နှောင့်နှေးကြန့်ကြာနေတာကို အားလုံး အဆင်ပြေသွားဖို့ အတွက် အဓိက အဲဒီအချက် (၂) ချက်ကို ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။”
ယင်းကိစ္စများအား အဆုံးအဖြတ်ပေးနိုင်မည့် RCSS ဥက္ကဌ ဒု-ဗိုလ်ချုပ်ကြီး စဝ်ယွက်ဆစ် ကိုယ်တိုင် တက်ရောက်ရန် အစိုးရဖက်မှ အမှတ် (၂) လျပ်စစ်စွမ်းအားဝန်ကြီး ဦးခင်မောင်စိုးနှင့် ရှမ်းပြည်နယ် ၀န်ကြီးချုပ် စဝ်အောင်မြတ်တို့က ဖိတ်ကြားခဲ့သည် ဟုလည်း ဆက်လက် ပြောဆိုသည်။
ယခုလ (၃) ရက်နေ့က ပြင်ဆင်ဖွဲ့စည်းလိုက်သည့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတွင် ဒု-သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း က ဥက္ကဌ အဖြစ် တာဝန်ယူခဲ့သည်။
လွန်ခဲ့သည့်တွေ့ဆုံမှုများတွင် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း ဦးဆောင်ခဲ့ သော်လည်း လာမည့်ဆွေးနွေးပွဲတွင် ဒု-သမ္မတ ပါ၀င်ခြင်းရှိမရှိကို အတည်မပြု နိုင်သေးကြောင်းနှင့် ၀န်ကြီးအဆင့် ပုဂ္ဂိုလ်များ ပါ၀င်မည်ဟု သိရကြောင်း ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ပြောသည်။
ထို့အပြင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ (၂) ရက်နေ့က ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲတွင် အချက်(၁၁) ချက်ကို သဘောတူ လက်မှတ်ထိုးခဲ့ပြီး ယခုနှစ် ဇန္နဝါရီလ (၁၆) ရက်နေ့က တကြိမ် ပြည်ထောင်စု အဆင့်နှင့် ထပ်မံတွေ့ဆုံခဲ့သည်။
ယင်းနှစ်ကြိမ် စလုံးတွင် ဌာနချုပ် နယ်မြေသတ်မှတ်ရေး၊ နှစ်ဖက်တပ်များ နေရာ ချထားရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရေးစသည်တို့ ကျန်ရှိနေပြီး ယခုအကြိမ် ထပ်မံဆွေးနွေး သွားမည်ဟု ဗိုလ်မှူး စိုင်းလောဝ်ဆိုင် က ပြောသည်။
ထို့အပြင် “ကျနော်တို့ အပစ်အခတ် မရပ်စဲစဉ်က အဖမ်းခံထားရတဲ့ ကျနော်တို့ တပ်သားတွေ အရာရှိတွေ၊ ကျနော်တို့နဲ့ ပတ်သက်ပြီးတော့ အဖမ်းခံရတဲ့ ပြည်သူတွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ အစိုးရဆီ တင်ပြတောင်းဆိုသွားမှာ ဖြစ်ပါတယ်။” ဟု ဆက်လက် ပြောဆိုသည်။
မေလ (၁၉) ရက်နေ့ နံနက် (၉) နာရီတွင် ကျိုင်းတုံမြို့၌ တွေ့ဆုံရန်ရှိပြီး ဒု-ဗိုလ်ချုပ်ကြီး ယွက်ဆစ် ဦးဆောင်သည့်အဖွဲ့နှင့် ဗိုလ်မှူးချုပ် ပေါင်ခေး ဦးဆောင်သည့် RCSS ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ဝင် (၂၂) ဦးတို့ အဖွဲ့နှစ်ဖွဲ့ခွဲကာ ထိုင်းမြန်မာ နယ်စပ်မှ ယနေ့ ထွက်ခွာသွားပြီဖြစ်သည်။
ယင်းအဖွဲ့နှင့်အတူ ထိုင်းနိုင်ငံနှင့် ပြည်ပ အခြေစိုက် သတင်းမီဒီယာသမား အယောက် (၄၀) ခန့်လည်း လိုက်ပါသွားသည်ဟု သိရကြောင်း စိုင်းလောဝ်ဆိုင်က ဆိုသည်။
ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) ခေါ်ရှမ်းပြည်ပြန်လည် တည်ဆောက် ရေးကောင်စီ SSA/ RCSS တပ်ဖွဲ့နှင့် အစိုးရတို့ အပစ်အခတ်ရပ်စဲရေး တရားဝင် လက်မှတ်ရေးထိုးပြီး သော်လည်း ဒေသတွင်း အကြိမ် (၂၀) ခန့် တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။
http://www.nmg-news.com/bur/index.php?option=com_content&view=article&id=446&catid=5&Itemid=12