ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုန်မြို့ အခြေစိုက် အစိုးရ၏ ခြေလျင်တပ်ရင်း ခလရ (၆၅) မှ တပ်ဖွဲ့ဝင်အချို့က ပုံပါကျင်မြို့နယ် အတွင်း SSA ဒေသအုပ်ချုပ်ရေး တပ်ဖွဲ့ဝင်များ အခြေချရာ လွယ်ငွမ်းတောင်သို့ ၀င်ရောက်လာသည့်အတွက် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း SSA ဒု-ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းဆိုင်မိန်းက အခုလို ပြောသည်။
“ကျနော်တို့ဖက်က သတိပေးပေမယ့် သူတို့ဖက်က M-79 လက်နက်တွေနဲ့ ပစ်ခဲ့တယ်လို့ ကြားရတယ်။ အပြန်အလှန် ပစ်ခတ်တာတော့ ရှိတာပေ့ါ။ နေ့လည် (၁၁) နာရီကနေ (၁၂) နာရီ နီးပါးလောက်ထိ ဖြစ််ကြတယ်။ ဒါပေမယ့် ထိခိုက် ဒဏ်ရာရတာတော့ မရှိပါဘူး။”
ယင်းကိစ္စနှင့် ပတ်သက်၍ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဌ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းထံ ယနေ့ ရက်စွဲဖြင့် စာရေးပေးပို့ထားသလို နှစ်ဖက်ဆက်ဆံရေး ရုံးများကတဆင့် ဖြေရှင်းသွားရန် ရှိသည်ဟုဆိုသည်။
“ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းဆီကို စာနဲ့ ရေးသားပြီး အကြောင်းကြားထားတာ ရှိပါတယ်။ ဒါပေမယ့် သူတို့ဆီက အကြောင်းပြန်ချက်ကိုတော့ စောင့်နားထောင် ရမှာ ပေ့ါနော်။”
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် SSA/ RCSS အဖွဲ့တို့ ယခုလ (၁၉) ရက်နေ့က ပြုလုပ်သည့် ကျိုင်းတုံမြို့ ဆွေးနွေးပွဲ၌ မြန်မာအစိုးရ တပ်မတော် ဒု-ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းက ဒေသတွင်း သေနတ်သံ မထွက်စေ တော့ဟု ကတိပေးခဲ့သော်လည်း ယခု ပထမဆုံးအကြိမ် တိုက်ပွဲ ပြန်ဖြစ်ခြင်း ဖြစ်သည်။
ယင်းတွေ့ဆုံပွဲမှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အဓိကထား ဆွေးနွေးခဲ့ပြီး ဌာနချုပ် နယ်မြေသတ်မှတ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ SSA/ RCSS အဖွဲ့အား မတရားအသင်းမှ ပယ်ဖျက်ပေးရေး၊ အဖွဲ့နှင့် သက်ဆိုင်၍ အကျဉ်းကျခံနေရ သူများအား လွတ်ပေးရေး စသည့်တို့ အပါအဝင် အချက် (၁၂) ချက်ကို သဘောတူ လက်မှတ်ထိုးခဲ့သည်။
အစိုးရနှင့် SSA တို့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ (၂) ရက်နေ့က ပြည်နယ်အဆင့် တွေ့ဆုံမှုမှ ပဏာမအဆင့် အပစ်အခတ်ရပ်စဲရေး အပါအဝင် အချက်(၁၁) ချက်ကို သဘောတူ ခဲ့ကြသည်။
ယင်းနောက် ယခုနှစ် ဇန္နဝါရီလ (၁၆) ရက်နေ့က တကြိမ် ပြည်ထောင်စုအဆင့်နှင့် ထပ်မံ တွေ့ဆုံခဲ့သေးသည်။ အဆိုပါ ကာလအတွင်း နှစ်ဖက်တပ်ဖွဲ့များအကြား (၁၇) ကြိမ်ထက် မနည်း တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
http://www.nmg-news.com/bur/index.php?option=com_content&view=article&id=450&catid=5&Itemid=12